Thursday, 24 July 2014

မလေးရှား လေယာဉ် ခရီးသည် အလောင်းတွေ နယ်သာလန်ကို ရောက်လာ



ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားသူ ခရီးသည်တွေရဲ့ အလောင်းတွေကို သယ်ဆောင်လာတဲ့ လေယာဉ် ၂ စီးဟာ ခါကိဗ် မြို့ကနေ ထွက်ခွာလာခဲ့ရာမှာ အခုအခါ နယ်သာလန် နိုင်ငံကို ရောက်ရှိလာပါပြီ။

သေဆုံးကြသူ ခရီးသည် အများစုက နယ်သာလန် နိုင်ငံသားတွေ ဖြစ်ကြပြီး ဒီကနေ့ကို သေဆုံးသူတွေအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ အဖြစ် သတ်မှတ်ထားပါတယ်။

လေယာဉ်တွေ မဆိုက်ခင် နိုင်ငံတဝန်း ၅ မိနစ်ကြာ ခေါင်းလောင်းတွေ ဆက်တိုက် ထိုးကြပြီး အလံတွေကိုလည်း တိုင်ဝက် လွှင့်ထူထားကြပါတယ်။

မလေးရှား လေယာဉ် MH17 ဟာ ဇူလိုင် ၁၇ ရက်နေ့က ပစ်ချခံရလို့ ပျက်ကျခဲ့ရတာ ဖြစ်ပြီး ရုရှား လိုလားတဲ့ ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲထားကြပါတယ်။

သူပုန်တွေဟာ အပျက်အစီး အကြွင်းအကျန်တွေကို ခြေရာကောက်လို့ မရအောင် တမင် ဖျက်ဆီးထားတာ တွေ့ရတယ်လို့လည်း ယူကေ အစိုးရက ပြောပါတယ်။

ယူကရိန်းမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေပြီး ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း စစ်လေယာဉ်လို့ ယူဆရတဲ့ လေယာဉ် ၂ စီးဟာလည်း သူပုန်တွေရဲ့ လက်ချက်နဲ့ ပစ်ချခံလိုက်ရပါတယ်။


From:BBC

www.mmdailystar.com

ဦးဆန်းဆင့် အတော်ပိန်ကျသွားတယ် … စိတ်မကောင်းဘူး ….


ဦးဆန်းဆင့် အတော်ပိန်ကျသွားတယ် …
စိတ်မကောင်းဘူး ….

တစ်လက်စတည်း …
ကိုယ့်တပ်မှူးကို လဲ သွား သတိရမိတယ် ….
တပ်မှူး နေ မှ ကောင်းရဲ့ လား ….

တပ်မှူးက စိတ်တော့ မာပါတယ် …
နေကောင်းမှာပါ ….
အင်မတန် တော်တဲ့ သူကြီး ….
ဆယ်နှစ်တောင် ရှိနေခဲ့ပြီ ....

OTS ၅၁ ဆင်း ….
၈၈ တုန်းက ကကလှမ်း G3 …
ပြီးတော့ ၁၉ တပ်မှူး …
နောက် ၁၂ တပ်မှူး ….
ပြီးတော့ ကကလှမ်း G1 …
အဲဒါပြီးမှ အခု နေရာကို ရောက်သည်ပေါ့ …

တပ်မှူး က ဟိတ်ဟန်မရှိ …
အဆောင်အယောင်တွေ မကြိုက် …
ကိုယ်တွေ တပ်ကို စသတင်းပို့ တဲ့ နေ့ ကို …
မှတ်မိနေသေးသည် …

တပ်ရေးဗိုလ်ကြီးက …
ခဏထိုင်စောင့်ဆိုလို့  ထိုင်စောင့်ရင်း …
သူ့ ရုံးခန်းရှေ့ ကို မျက်စိရောက်သွားသည် …
ရာဘာဖိနပ် ခပ်စုတ်စုတ်တစ်ရံ …
တော်တော်စုတ်သည် …
နောက်မြီးကအတော်ပါးနေပြီ….
ကိုယ်တွေ ရေချိုးစီးဖိနပ်ကမှ ….
သူ့ ထက် သားနားသေးတယ် လို့ ဆိုရမည် …

စိတ်ထဲ တပ်မှူးအခန်းထဲ ….
မီးပြင်တဲ့ အလုပ်သမားများ ရောက်နေသလား …????
မဟုတ်ပါ ….
ခဏနေမှ ကိုယ့်ဆရာက ထွက်လာသည် …
TOYO ဘက်ထ္ထရီ က ဘက်ထ္ထရီဝယ်ရင်ပေးတဲ့  …
တီရှပ် အဖြူ ခပ်ရိရိ …
ချည်ကြမ်း အကွက်ကြဲ ပုဆိုးကို ပြီးစလွယ် ၀တ် …
ပါဝါ မျက်မှန်ကြီးနဲ့ ….
ပြီးတော့ …ခုနက ရာဘာဖိနပ်အစုတ်ကို စွပ်ပြီး …
သူ့ ရုံးရှေ့ က မြက်ခင်းနား သွားရပ်ပြီး …
ဟိုကြည့် ဒီကြည့် လုပ်နေသည်…
ဒါက ကိုယ်နဲ့ တပ်မှူးနဲ့  ပထမဆုံး စတွေ့ ရတဲ့ နေ့  …
စဥ့်ကိုင်သား …
အညာသားစစ်စစ်ကြီး ကိုယ့်ဆရာပေါ့ ….

တကယ်တန်းပြောရရင် …
ကိုယ်က ခြေလျင်တပ် တောင် …
ခပ်စုတ်စုတ် အစွန်အဖျားတပ်က လာတာဖြစ်သည် …
ရောက်လာတော့ ရန်ကုန်မြို့ က ….
ထောက်လှမ်းရေး တပ်ကြီး…

အရာအားလုံး မျက်စိသူငယ် နားသူငယ် …
ပထမ တစ်လလောက်မှာ …
မသိတာတွေများလွန်းလို့  ….
စကားတောင် အရမ်းမပြောရဲ …

တပ်ကို ရောက်ရောက်ချင်း …
Special Equiment ဌာနမှာ ….
ဌာနစုမှူး စတာဝန်ကျသည်…
ထောက်လှမ်းရေးသုံး သိပ္ပံပစ္စည်းတွေ ကိုင်တွယ်တဲ့ ဌာန …

ဌာနမှာ က တပ်ဖွဲ့ ဝင် ၇၀ လောက်ရှိသည် …
ဌာနအရာခံဗိုလ်က ….
အရာခံဗိုလ် ဆရာကြီး လွင်ကြည် …
နောက်ပိုင်း ကော်မရှင်ရသွားပြီး ….
အဲဌာနမှာပဲ ဗိုလ်ကြီး လွင်ကြည် ပြန် ဖြစ်သည်…

အရမ်းတော်သည် …
အင်္ဂလန်ကနေ အင်လက်ထရစ်ကယ် အင်ဂျင်နီယာဘွဲ့ ရထားသည် …
အခု လက်ရှိတပ်မတော်မှာ သုံးနေတဲ့  …
Bomb Jammer တွေ ရဲ့ ဖခင်ကြီး လို့ များ ခေါ်လို့ ရမလား….????

ပထမဆုံး Bomb Jammer စက်ကို …
ကျွန်တော်တို့ တပ်အတွက် …
တပ်မတော်က အင်္ဂလန်ကနေ လှမ်း မှာပေးသည် …
ငွေက ကာကွယ်ရေး ဘက်ဂျက်က ချပေးခြင်း …
ပေါင် ၅၀၀၀၀ လောက် ကျမည် ထင်သည် …
ဟိုက ပို့ လိုက်တာ ဒီရောက်လို့ ဖွင့်ကြည့်တော့ …
စက်က သေချာ အလုပ်မလုပ် ….
နည်းနည်း ကြောင်နေသည် …

အဲဒါနဲ့  ကုမ္ပဏီကို ကွန်ပလိန်း လှမ်း လုပ်သည်…
ကိုယ်တွေထင်တာ ….
ပြင်ဖို့ အင်ဂျင်နီယာလွှတ်လိုက်မယ်ပေါ့ ….

လုံးဝ မဟုတ်ပါ ….
ကိုယ့်ဆရာများက အသစ်တစ်လုံး ထပ် ပို့ လိုက်သည် …
အပျက်ကိုလဲ ပြန်မယူ ….
စိတ်ထဲတော့ ထူးဆန်းမိသည် …
ဘာလို့  အပျက် ပြန်မယူလဲပေါ့ ….
ဒါပေမယ့် အဲဒါက …
ဆရာကြီး လွင်ကြည်တို့ အကြိုက် …

ဆရာကြီး လွင်ကြည်က …
အဲဒီ စက်အပျက်ကို ဖွင့်ကြည့်သည် …
လားလား ….
အထဲမှာက ဆားကစ်အားလုံးကို …
ချိပ်အရည် လောင်းထားသည် …
ဘာမှ မမြင်ရ …
ချိပ်ပြင်ကြီးပဲ မည်းနက်လို့ နေသည် ….
ခွာဖို့ လဲ အတော်ခက်သည် …
ချိပ်အပြင် ကော်တစ်မျိုးပါ ရောထားသည်ဟု ထင်ရသည် ….
မလွယ် ….
ဒါကြောင့် ကိုယ်တော်တွေက ….
စက်အပျက်ကို ပြန်မယူတာကိုး …..

အဲဒါနဲ့  ကျွန်တော်တို့  စိတ်ရှည်လက်ရှည် ….
အဲဒီ ချိပ်ပြင်ကြီးကို ခွာကြသည် ….
ချိပ်ခွာတာတင် နှစ်လလောက်ကြာမည် ထင်သည် …
ကိုယ်တွေ ထင်သည် …
ရှေးဟောင်း သုတေသနသမားတွေတောင် …
ကိုယ်တွေလောက် စိတ်ရှည်နိုင်ပါ့မလား …

အဲ …ချိပ်တွေကွာသွားတော့ …
ဆားကစ်တွေ ထွက်လာသည် …
ဆရာကြီး လွင်ကြည်က …
စက်ကို ပြန်ပြင်ကြည့်သည် …
စက်က ကောင်းသွားသည် ….
ဘယ် ဒါနဲ့ ကျေနပ်လိမ့်မလဲ …
ကိုယ့်ဆရာက စက်ကိုကြည့်ပြီး …
ဆားကစ် ဒိုင်ယာဂရမ် ပြန်ဆွဲကြည့်တော့သည် …

ဒိုင်ယာဂရမ်လဲ ရရော …
ဆရာကြီး လွင်ကြည်က …
ဆက်သွယ်ရေး အလုပ်ရုံတပ်နဲ့ ပေါင်းပြီး …
စက်အသစ်တစ်ခု …
ကိုယ့်ဖာသာ စမ်းသပ် တည်ဆောက်ကြည့်သည် …

ပထမ မအောင်မြင် …
ထပ်လုပ်တယ် ….မရ …
နောက်ထပ် ထပ်လုပ် … ထပ် မရ ….
နောက်ဆုံး ၆လလောက်ကြာတော့ ရသွားသည် …
ဒါပေမယ့် ပုံမကျသေး …
Range နည်းနေသေးသည် …
သို့ ဖြင့် ထပ်စမ်းသပ်ကြ ပြန်ပါလေရော ….…
နောက်ဆုံးတော့ …
ဆရာကြီးလွင်ကြည် လုံးဝ အောင်မြင်သွားပါပြီ ..…

အဲစက်ကို လက်တွေ့ စမ်းတော့ ….
ကိုယ်တွေလဲပါသည် …
ထောက်ကြံ့ ဘက်မှာ စမ်းသည် …
ပွိုင့်ကားသုံးစီးကို အလယ်ကားမှာ စက်ဖွင့်ပြီး …
ကီလို ၁၀၀ လောက်နဲ့  မောင်းလာခိုင်းသည် …
ကိုယ်တွေက ရီမုတ်ကွန်ထရိုးကား အသေးလေးနဲ့  ….
အဲ ယာဉ်တန်းကို ၀င်တိုက်ရမည့် တာဝန် ….

ယာဉ်တန်းက အရှိန်မြှင့် မောင်းလာသည် …
တဖြည်းဖြည်း နီးလာပြီ …
အားလုံးလဲ ရင်တထိတ်ထိတ် ….
အသက်တောင် ရဲရဲ မရူရဲ ….
ကျောက်ရုပ်လို တောင့်တောင့်ကြီး …
မျက်တောင်မခတ်တန်း ကြည့်နေမိကြသည် …

မရပါ ခင်ဗျား…
ကိုက်၁၀၀ လောက် အကွာမှာတင် …
ယာဉ်တန်းပေါ်က စက်က ….
ရေဒီယိုလှိုင်းအားလုံးကို လှမ်း Jamming လုပ်ထားလို့  …
ကိုယ့် ရီမုတ်ကားက ဘာအလုပ်မှ မလုပ်တော့ …

ကျွန်တော်တို့ အားလုံး ဟေးကနဲ ထအော်ကြသည် …
အပျော်ဆုံးက ဆရာကြီးလွင်ကြည် ….
သူ့ မျက်နှာဟာ ၀င်းပရွန်းလဲ့ နေသည် …
မှိုရတဲ့  မျက်နှာဆိုတာ ဒါမျိုးများလား ….?????
ထီပေါက်ရင်တောင် သူ ဒီထက်ပျော်နိုင်ပါ့မလား…. ????

အဲဒီကစလို့  နောက်ပိုင်း …
တပ်မတော်မှာ …
ပြည်တွင်းဖြစ် Bomb Jammer စက်တွေ …
အများကြီး ထုတ်နိုင်သွားသည် …
ယခု တိုင်းမှူးယာဉ်တန်းလောက်မှာတောင် ပါနေသော…
Bomb Jammer စက်များသည် …
တစ်ချိန် က တပ်မတော် တစ်ခုလုံးတွင်….
တစ်လုံးသာ ရှိခဲ့ဘူးသည် …..

အဲဒီလိုနဲ့  …
ဌာနမှာ တစ်လလောက်ကြာတဲ့ အချိန် …
ဌာနမှူးက တစ်ရက်ခေါ်သည် …
ရဲမိုး …. မင်း ဒီပွဲ သွားတက်တဲ့  …
ဖိတ်စာကြည့်တော့ …
Sharp ကုမ္ပဏီ က လုပ်သည့် …
သူ့ ပစ္စည်းတွေ ကြော်ငြာတဲ့ ပွဲ …
ကိုယ်တွေက ….
အီလက်ထရစ် ပစ္စည်းတွေနဲ့ ဆိုင်တဲ့ ဌာနဆိုတော့ …
ကိုယ့်ဆီ ရောက်လာတာ ဖြစ်သည် ….
နေရာက Traders ဟိုတယ် …
အင်းပေါ့လေ ..စစ်သားပဲ ….
သွားဆိုတော့လဲ သွားပေါ့ ….

ပြသနာက …
ဟိုတယ်ထဲ ၀င်တာနဲ့  စသည် …
ကိုယ့်မှာ အကျီ င်္ကောင်းကောင်းလဲ သိပ်မရှိ …
ရှိတဲ့ လည်ကတုံး အဖြူ …
တိုက်ပုံ ဈေးချုပ် အပြာရောင် အနွမ်းလေးနဲ့ သာ …

ထောက်လှမ်းရေးရောက်တာ တစ်လပဲ ရှိသေးသမို့ …
ကိုယ့်ပုံက ခြေလျင် စစ်သားပုံ တစ်စက်မှ မပျောက် …
မည်းမည်း ပိန်ပိန် ရှည်ရှည် …
အသားအရည် မွဲခြောက်ခြောက်နဲ့  …
ဆံပင်ကလဲ တော်တော်တိုသည် ….

အခမ်းအနားလာကြတဲ့  လူတွေအားလုံးထဲမှာ …
ကိုယ့်ပုံ က ထင်းထင်းကြီး ….
ကြည့်လိုက်တာနဲ့  ….
ကျွန်တော် စစ်သားပါ …
ကျွန်တော် စစ်သားပါလို့  ….
အော်ပြောနေသလိုတောင် ထင်ရသည် …

ပထမဆုံး စခံစားမိသော Feeling က …
ခွီး … ငါ ခြေလျင်ပြန်ချင်လိုက်တာ …
ငါ့ ရဲဘော်တွေနဲ့  ပေတေတေ နေရတာမှ ဟုတ်တုတ်တုတ် …
ဆိုတဲ့  ခံစားမှု ဖြစ်သည် …
နောက်ပိုင်းတော့လဲ …
ပွဲတွေများလာတော့ ဒီလိုပဲ အသားကျသွားပါသည် …
ရန်ကုန်ပုံလဲ တဖြည်းဖြည်းပေါက်သွားတာကိုး

အဲဒီ ဌာနမှာ နေရတာသည် ….
အမြင်တော့ အတော်ကျယ်သည် …
ကိုယ်မသိတာတွေ အများကြီး သိရသည် …
တစ်ချို့ စက်ခန်းတွေက …
ကိုယ့် တစ်တပ်ထဲချင်း ကို ….
တစ်ခြားဌာနက လူကိုတောင် ပေးမ၀င် …

အသံလွှင့် / ဖမ်းစက်တွေက ၂၄ နာရီလုံး ….
အဆိုင်းလိုက် အလုပ်လုပ်နေကြသည် …
အမေရိကန် NSA လိုတော့ မချမ်းသာ…
ပစ္စည်းတွေ မစုံ …..
ဂြိုလ်တုတွေလဲ မရှိ ….
သို့ ပေသည့် ကျွန်တော်တို့ အားလုံး …
ကိုယ့် ရှိတာလေးများနှင့် …
ဖြစ်အောင်ရအောင် ကြံဖန်ပြီး …
အစွမ်းကုန် ကြိုးစားအလုပ်လုပ်ခဲ့ကြ ဖူးသည် ..…

စကားမစပ် ပြောရရင် …
ဒီဌာနလေး က ပဲ ….
တာဝန်ကျ တပ်ကြပ်ကြီးတစ်ယောက် …
၁.၁၀.၉၉ ရက်နေ့  နေ့ လည် ၁၁နာရီလောက်မှာ …
ဌာနမှူးကို ပြေးသတင်းပို့ ခဲ့ဖူးသည်…

ဗိုလ်မှူး …ဗိုလ်မှူး …
လာနားထောင်ပါအုန်း …
တစ်ခုခု ဖြစ်နေပြီ ….
သူတို့ သံရုံးထဲ ၀င်ဖို့ လုပ်နေပြီ …
သူ တို့ စက်ပြောနေတာတွေ ….
ကျွန်တော့်  အင်တာစက်မှာ လာမိနေတယ် …

ဘယ်သတင်းဌာနကမှ မကြေငြာသေး …
မြန်မာပြည်က ဘယ်သူမှလဲ မသိကြသေးတဲ့ အချိန်ပါ ….
ကကလှမ်းကို ချက်ချင်း သတင်းပို့  …
ကကလှမ်းက နိုင်ငံခြားရေးကို လှမ်းမေး …
နိုင်ငံခြားရေးက လုံးဝ မသိ ….
ချက်ချင်း Confirm လုပ်ပါ ….
မြန်မာသံရုံးကို ချက်ချင်း သတိပေးပါ …..

ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားကြသည် ….
မိနစ် ၂၀ လောက်ကြာတော့မှ Confirm လုပ်နိုင်သည် …
နောက်ကျသွားပါပြီ ….
ဟုတ်ပါသည် ….
ဘန်ကောက်မှာရှိတဲ့  …
မြန်မာသံရုံး အပိုင်စီးခံလိုက်ရပါပြီ ….

ဘယ်လိုပဲ ဖြစ်ဖြစ် ….
ကျွန်တော်တို့ ရှိတာလေးနဲ့ တော့ …
တိုင်းပြည်ကို ကာကွယ်ဖို့  …
အစွမ်းကုန် ကြိုးစား အားထုတ်ခဲ့ကြဖူးသည် ….

( ရဲမိုး )
From: Ye Moe

www.mmdailystar.com

ဝမ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ခဲ့ဖူးသမျှ ခရီးသည်လေယာဉ် ပစ်ချခံရမှုများ စုစည်းမှု

 
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်က ပစ်ချခံခဲ့ရသည်။ ယင်းလေယာဉ်ကို ရုရှားလိုလားသူ ယူကရိန်း ခွဲထွက်ရေး သူပုန်များက ပစ်ချလိုက်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်လာခဲ့ပြီး သူပုန်များကို ကျောထောက်နောက်ခံ ပြုထားသည့် ရုရှား အစိုးရမှာလည်း နိုင်ငံတကာ၏ ပြစ်တင်မှုများကို ခံနေရသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာခဲ့သည့် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၉၈ဦးစလုံး သေဆုံးခဲ့ ရသည့် အဆိုပါ ခရီးသည်တင် လေယာဉ် ပစ်ချခံရမှုကြီး နောက်ပိုင်းတွင် အကြမ်းဖက် သမားများ အနေဖြင့် ခရီးသည်တင် လေယာဉ် များကို ပစ်မှတ်ထား တိုက်ခိုက်နေပြီလားဟု သံသယပွားလာ ခဲ့ကြသည်။ ယင်းဖြစ်ရပ် ဖြစ်ပွားပြီးနောက်တွင် ဘီဘီစီ သတင်းဌာနက ယခင်ဖြစ်ပွားခဲ့ဖူးသည့် ခရီးသည်တင် လေယာဉ်ပစ်ချ ခံရမှုများ အကြောင်းကို ဖော်ပြခဲ့ရာ ပြန်လည် တင်ဆက်လိုက်ပါသည်။

ဆားဘီးယား လေကြောင်းလိုင်း လေယာဉ် အမှတ် ၁၈၁၂ (အောက်တိုဘာ ၂၀၀၁)

အစ္စရေး နိုင်ငံ တဲလ်အဗစ် မှ ရုရှားနိုင်ငံ နိုဗိုဆီဘစ်စ် သို့ ဦးတည် သွားသော ဆားဘီးယား လေကြောင်း လိုင်းပိုင် လေယာဉ် တစ်စီးသည် ၂၀၀၁ ခုနှစ် အောက်တိုဘာလ ၄ ရက် နေ့တွင် ပစ်ချ ခံခဲ့ရပြီး ပင်လယ်နက် ထဲသို့ ထိုးကျ သွားခဲ့သည်။ လေယာဉ်ပေါ်တွင် လိုက်ပါ သွားခဲ့သော ခရီးသည် ၇၈ ဦးလုံးသေဆုံး သွားခဲ့သည်။ အစပိုင်းတွင် ယူကရိန်း စစ်ဘက်က ၄င်းတို့ မပါဝင် မပတ်သတ်ကြောင်း ငြင်းခဲ့သေးသည်။

သို့ရာတွင် ယူကရိန်းစစ်ဘက် အနေဖြင့် စစ်ရေး လေ့ကျင့်မှု တစ်ခု ပြုလုပ် နေစဉ်အတွင်း ထိုလေယာဉ်ကို မှားယွင်း ပစ်ချနိုင်ခဲ့ကြောင်း နောက်ပိုင်း၌ယူကရိန်း အရာရှိများက ဝန်ခံခဲ့ ကြသည်။ လေယာဉ်ပေါ်တွင် လိုက်ပါ သွားခဲ့သူများ၏ ဆွေမျိုး သားချင်းများအား လျော်ကြေး အချို့ ပေးအပ်ခဲ့သည်။

ထရန်စ်အဲ ဂျော်ဂျီယာ လေယာဉ် သုံးစင်း (စက်တင်ဘာ ၁၉၉၃)

ထရန်စ်အဲ ဂျော်ဂျီယာ လေကြောင်းလိုင်းပိုင် တူပိုလက်ဗ် (Tupolev) အရပ်ဘက် လေယာဉ်သုံးစီး သီးခြားစီ ပစ်ချ ခံခဲ့ရမှုတွင် စုစုပေါင်း ၁၃၆ ဦး သေဆုံး သွားခဲ့သည်။ ဂျော်ဂျီယာမှ ခွဲထွက်ပြီး လွတ်လပ်ရေး ယူရန် ကြိုးပမ်းခဲ့ ကြသော အက်ဘ်ခေးဇီးယား (Abkhazia) ဒေသတွင် သူပုန်များ ပစ်ခတ်သော ဒုံးကျည်များနှင့် လက်နက်များ ထိမှန်ခဲ့ ကြခြင်း ဖြစ်သည်။

ပထမ အစီးဖြစ်သည့် ရုရှားမှ လာသော T-134 လေယာဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့တွင် အက်ဘ်ခေးဇီးယား ဒေသရှိ ဆူခူမီ (Sukhumi) လေဆိပ်သို့ ချဉ်းကပ် ခဲ့စဉ်တွင် လက်နက် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ ထိုဂျက်လေယာဉ်မှာ ပင်လယ်နက် ထဲသို့ ပျက်ကျ သွားခဲ့ပြီး လေယာဉ် အမှုထမ်း ငါးဦးလုံးနှင့် ခရီးသည် ၂၂ ဦး သေဆုံးခဲ့ ရသည်။

နောက်တစ်ရက်တွင် T-154 လေယာဉ်တစ်စီးမှာ ဆူခူမီ လေဆိပ်သို့ ဆင်းသက်ရန် ကြိုးစားခဲ့စဉ်တွင် ထပ်မံ ပစ်ချခြင်း ခံခဲ့ရသည်။ လေယာဉ် ပေါ်တွင်လိုက်ပါ သွားခဲ့သူ ၁၃၂ ဦးအနက် ၁၀၈ ဦး သေဆုံး သွားခဲ့သည်။ ထို့ပြင် စက်တင်ဘာ ၂၃ ရက်နေ့ တွင်လည်း ဆူခူမီ လေဆိပ်၌ လေယာဉ် တစ်စီးပေါ်သို့ ခရီးသည်များ တက်နေစဉ်တွင် ထိုလေယာဉ်ကို လက်နက် ထိမှန်ခဲ့ပြီး လေယာဉ် မီးလောင်ခဲ့ကာ လေယာဉ် အမှုထမ်း တစ်ဦး သေဆုံး သွားခဲ့သည်။

အီရန် လေကြောင်းလိုင်း လေယာဉ်အမှတ် ၆၅၅ (ဇူလိုင် ၁၉၈၈)


၁၉၈၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ဒူဘိုင်းသို့ သွားသော အီရန် အဲဘတ်စ် A 300 လေယာဉ် တစ်စီးသည် ပါရှန် ပင်လယ်ကွေ့ အထက် ဝေဟင်တွင် ပစ်ချခံခဲ့ရသည်။ ၁၉၇၉ ခုနှစ် တော်လှန်ရေး မတိုင်မီကာလက အီရန် နိုင်ငံအား ရောင်းချခဲ့ဖူးသော F-14 တိုက်လေယာဉ် တစ်စီးနှင့် မှားယွင်း၍ အမေရိကန် ခရူဇာ သင်္ဘော တစ်စီးဖြစ်သည့် USS Vincennes က ဒုံးကျည် နှစ်စင်းဖြင့် အီရန် လေယာဉ်အား ပစ်ချ လိုက်ခြင်းဖြစ်သည်။ လေယာဉ် ပေါ်တွင် လိုက်ပါ သွားခဲ့ကြသည့် ခရီးသည် နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၂၉၀ ဦးလုံး သေဆုံး သွားခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သတ်၍ “ရာဇဝတ်မှု လုပ်ရပ် တစ်ခု” ၊ “ရက်စက် ယုတ်မာမှု တစ်ရပ်” နှင့် “အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတစ်ရပ်” ဟု အီရန်ကဝေဖန် ရှုတ်ချ ခဲ့သော်လည်း၊ အမေရိကန်ကမူ နားလည်မှု လွဲမှားသွား ခဲ့ခြင်းသာ ဖြစ်ကြောင်း ဆိုခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သတ်၍ ၁၉၉၆ ခုနှစ်တွင် အီရန်နိုင်ငံက အမေရိကန်အား အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် စတင် တရားစွဲဆို ခဲ့သည်။ လေယာဉ်ပစ်ချ ခံရမှုကြောင့် သေဆုံးသွားခဲ့ သူများ၏ မိသားစု များအား အမေရိကန် အစိုးရက နောက်ပိုင်းတွင် လျော်ကြေး ပေးခဲ့သည်။

ကိုရီးယား လေကြောင်းလိုင်း လေယာဉ်အမှတ် ၀၀၇ (စက်တင်ဘာ၊ ၁၉၈၃)

နယူးယော့ခ်မြို့မှ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ဦးတည် ထွက်ခွာ သွားခဲ့သော ကိုရီးယား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စီးမှာ ၁၉၈၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ဆိုဗီယက် တိုက်လေယာဉ် တစ်စီး၏ ပစ်ချခြင်းကို ခံခဲ့ရရာ လေယာဉ်ပေါ်တွင် လိုက်ပါ သွားခဲ့သူ ခရီးသည် နှင့် လေယာဉ် အမှုထမ်း စုစုပေါင်း ၂၆၉ ဦးလုံး သေဆုံး သွားခဲ့သည်။ ထိုလေယာဉ်မှာ လမ်းကြောင်းမှား သွားပြီး ဆိုဗီယက် ပိုင်နက်ထဲသို့ ရောက်ရှိ သွားချိန်တွင် ပစ်ချ ခံခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ် ဖြစ်ပွါးကြောင်း မသိရှိခဲ့ဟု ကနဦးတွင် ဆိုဗီယက် ခေါင်းဆောင်များက ငြင်းဆန်ခဲ့ ကြသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက်၏ အခန်းကဏ္ဍကို ဝန်ခံခဲ့ကြကာ ထိုကိုရီးယား လေယာဉ်မှာ ထောက်လှမ်းရေး ရည်ရွယ်ချက် တစ်ခုဖြင့် ဆိုဗီယက် ပိုင်နက်ထဲသို့ ဝင်လာခဲ့ခြင်း ဖြစ်ကြောင်း အကြောင်းပြ ခဲ့ကြသည်။


ပစ်ချခံခဲ့ရသည့် ကိုရီးယား လေကြောင်းလိုင်း လေယာဉ်အမှတ် ၀၀၇။

အဲရိုဒီရှာ လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် ၈၂၅ နှင့် ၈၂၇ (စက်တင်ဘာ ၁၉၇၈ နှင့် ဖေဖော်ဝါရီ ၁၉၇၉)

ထိုလေယာဉ် နှစ်စီးလုံးမှာ ရိုဒီရှာ (ယခုအခါ ဇင်ဘာဘွေ) တွင် ဇင်ဘာဘွေ ပြည်သူ့ တော်လှန်ရေး တပ်မတော် (Zipra) မှ ပြောက်ကျားများ၏ ပစ်ချခြင်းကို ခံခဲ့ရသည်။ ထိုပစ်ချမှုများမှာ ၁၉၇၀ ပြည့်လွန် နှစ်များက ပြည်တွင်းစစ် အတွင်းတွင် ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်။

လူ ၅၆ ဦး လိုက်ပါသွားခဲ့သော အဲ ရိုဒီရှာ လေယာဉ်အမှတ် ၈၂၅ မှာ ၁၉၇၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဒုံးကျည် ထိမှန်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ် ပျက်ကျပြီး နောက်ပိုင်းတွင် လူ ၁၈ ဦး အသက်ရှင် ခဲ့သော်လည်း နောက်ပိုင်းတွင် သူပုန်များက ထို ၁၈ ဦးထဲမှ ၁၀ ဦးကို သတ်ဖြတ်ခဲ့သည်။ လေယာဉ်အမှတ် ၈၂၇ မှာ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သူ ၅၉ ဦးလုံး သေဆုံးသွားခဲ့သည်။

လစ်ဗျားအာရပ်လေကြောင်းလိုင်း လေယာဉ်အမှတ် ၁၁၄ (ဖေဖော်ဝါရီ ၁၉၇၃)

၁၉၇၃ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် လစ်ဗျားလေကြောင်းလိုင်းပိုင် ဘိုးအင်း ၇၂၇-၂၀၀ လေယာဉ်တစ်စီးမှာ အီဂျစ်ပြည်၏ ဆီနိုင်း သဲကန္တာရထဲတွင် အစ္စရေး တိုက်လေယာဉ်များ၏ ပစ်ချခြင်းကို ခံခဲ့ရသည်။ အီဂျစ် မြောက်ပိုင်းတွင် ဆိုးဝါးလှသော ရာသီဥတု နှင့် စက်ချို့ယွင်းမှုတို့ကြောင့် လေယာဉ်မှူးများ လမ်းပျောက် သွားခဲ့ကြ သည်ဟု ယုံကြည် ယူဆရပြီး ထိုလေယာဉ်မှာ ဆီနိုင်း သဲကန္တာရဒေသရှိ အစ္စရေး ထိန်းချုပ်ထားသော ဝေဟင်ပိုင်နက် ထဲသို့ ရောက်သွား ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သတိပေး ပစ်ခတ်မှုများနှင့် ဆင်းသက်ရန် အချက်ပေးမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်းတွင် အစ္စရေး ဂျက် တိုက်လေယာဉ် နှစ်စီးက ထိုလေယာဉ်ကို ပစ်ချခဲ့ခြင်း ဖြစ်သည်။ လေယာဉ်ပေါ်တွင် လိုက်ပါသွားခဲ့သူ ၁၁၃ ဦးအနက် တွဲဘက်လေယာဉ်မှူး အပါအဝင် လူငါးဦးသာ အသက်ရှင်ခဲ့သည်။

ကက်သေး ပစိဖိတ် လေကြောင်းလိုင်းပိုင် လေယာဉ် C-54 (ဇူလိုင် ၁၉၅၄)

၁၉၅၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ခရီးသည် နှင့် လေယာဉ်အမှုထမ်း ၁၉ ဦး လိုက်ပါလာခဲ့ကာ ဘန်ကောက်မှ ဟောင်ကောင်သို့ ဦးတည်ပျံသန်းခဲ့သော ကက်သေးပစိဖိတ်လေကြောင်းလိုင်းပိုင် C-54 စကိုင်းမာစတာ လေယာဉ်အား ဟိုင်နန်ကျွန်း၏ ကမ်းလွန်ဒေသတွင် တရုတ်ပြည်မကြီး၏ စစ်တပ်မှ တိုက်လေယာဉ် တစ်စီးက ပစ်ချခဲ့ရာ လူဆယ်ဦး သေဆုံးသွားခဲ့သည်။ တိုက်ခိုက်ရန် ရည်ရွယ်ချက်ဖြင့်လာသည့် စစ်လေယာဉ်တစ်စီးအဖြစ် အထင်မှားကာ ပစ်ချခဲ့မိခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ဆိုခဲ့သည်။


From: Mizzima

www.mmdailystar.com

မီဒီယာတွေ ... လူပါး မဝလေနဲ့

DVB မှ သတင်းထောက် L.L.M...ဒီအမျိုးသမီးရဲ့ စတေးတပ် ဖတ်လိုက်ရတယ်။
ကိုဝေဋ္ဌုကျော်ကို ရေးထားတာ အလွန်ရိုင်းတယ်ဗျာ။

သတင်းထောက်ဆိုပြီး သူတို့ကိုယ်ကို " သူများနဲ့ မတူ ခြားနားသော အဆင့်အတန်း မြင့်မားလှစွာသော VIPအတန်း" သွင်းပြီး အခွင့်ထူးခံ နားထင် သွေး ရောက်နေကြတယ်။ သူမ ရေးထားတဲ့ စာသား သံစဉ်တွေက ဒီသဘောကို ပြနေတယ်။

ကြည့်လိုက်ရင် အာဏာရှင် စနစ်ကို တိုက်ဖျက်နေတဲ့ တော်လှန်ရေး သမားတွေလိုလို...တိုင်းပြုပြည်ပြုလိုလို။

ဒါပေမယ့် သတင်းထောက်ဆိုတဲ့ ဘာရာထူးမှ မရှိဘဲနဲ့တောင် ဒီလောက် ဖျင်စတားနေကြတာဟာ...အာဏာရှင် စနစ်တုန်းကထက် အဆပေါင်း (၁၀၀) သာတယ်။

လုပ်ကွက်တွေက ဘားမှ လူထုအကျိုးပြုတာ မဟုတ်။ ပေးတာယူ ကျွေးတာစား၊ ရှူးတိုက်တာကို ကိုက်၊
သွေးထိုးတယ်၊ ဆေးဆိုးတယ်၊ အဆိပ်ခတ်တယ်၊ သူတို့ဟာတွေ နားထောင်မိ ဖတ်မိရင် အဆိပ်မိသွားမယ်။ Brown Propaganda ခေါ်တဲ့ (အမှန်လေး ပါးပါးထည့်၊ မိမိ ဖြန့်ချိလိုသောဆိုက်ဝါးကို ထူထူထည့်သော နည်း) အညိုရောင် လုပ်နည်း လုပ်ဟန်နဲ့ လုပ်စားနေကြတာ။

တစ်ကယ်ဆို ကိုဝေဋ္ဌုကျော်သည် မင်းသား တစ်ယောက်။ သူ့ဘာသာသူ ခြေမွှေးမီးမလောင် လက်မွှေး မီးမလောင် တိန်တောင်ခပ် နေလို့ရတဲ့ အနေအထားပဲ။ စေတနာ ထက်သန်စွာနဲ့ အများပြည်သူ အကျိုးငှါ ကြက်ခြေနီ ဝတ်စုံနဲ့ စည်းကမ်း ထိန်းသိမ်းရေး လုံခြုံရေး ဝင်လုပ်ပေးတာပဲ။ ဒီစေတနာကို နားလည် ကျေးဇူးတင် လေးစားဘို့တောင် ကောင်းနေပြီ။

ခတ်ရှင်းရှင်း ရေးပြရရင် မင်းတို့လို သောက်ဆံ ရဘို့အတွက် သတင်းယူဘို့၊ လူထုကို မှိုင်းတိုက်ဘို့ သူလုပ်တာ မဟုတ်။ အကျိုးပြုလုပ်ငန်း လုပ်တာပဲ။

ဒီနေရာမှာ လုပ်ငန်းဆက်စပ်မှု ရှိလာရင် တာဝန် ဝတ္တရား ဆိုတာကို DVB သတင်းထောက်မ နားလည်ဘို့ လိုအပ်တယ်။ သတင်းထောက်ကဒ် ပြခိုင်းတဲ့ အတွက် လုံခြုံရေး ကိစ္စမှာ ကိုဝေဋ္ဌုကျော် တာဝန် မရှိဘူးလို့ ဆိုသတဲ့။

မှတ်ထား...ကြက်ခြေနီတို့၊ မီးသတ်တို့၊ ပြည်သူ့ရဲတို့၊ အာမီတို့ ဆိုတာဟာ....လုံခြုံရေးတို့ သာရေး နာရေးတို့ ပူးပေါင်း ဆောင်ရွက်လေ့ ရှိတယ်။ ဒီလို ဆောင်ရွက်တဲ့ အခါမယ် တာဝန်ဆိုတာ ရှိသွားတယ်။

ဘာလဲ ကိုဝေဋ္ဌုကျော်က ပါမစ်နစ် ကြက်ခြေနီ မဟုတ်လို့ တာဝန် မရှိဘူး ပြောချင်သေးလား၊ ထားပါဦး။ ကြက်ခြေနီတို့ မီးသတ်တို့မှာ ပါမစ်နစ် ရှိသလို အရံနဲ့ ရှောင်တခင် စေတနာ့ဝန် ဝင်ထမ်းတာလည်း ရှိတယ်။ မည်သို့ဆိုစေ ဘောင်ဝင်တယ်။ သတင်းထောက်မ ပြန်လေ့လာပါ။

အကယ်၍ အထောက်အထားမပါတဲ့ ဒီသတင်းထောက်မ နေရာမှာ ဖောက်ခွဲရေးသမား၊ အသေခံ ဗုံးခွဲသမား ဖြစ်ကြည့်ပါ။ ကိုဝေဋ္ဌုကျော်မှာ တာဝန်ရှိပြီ နားကားပြီမှတ်။

သတင်းထောက် ကဒ်လေးတာင်မှ မထိန်းနိုင်တဲ့ သတင်းထောက်မ၊ ဘာများ သောက်သုံးကျသလဲ။ သတင်းထောက် ဆိုတာ ပြည်သူလူထု ကြားမှာရော၊ တာဝန် ရှိသူကြားမှာရော၊ သွားလာ တိုးဝှေ့ ဆက်သွယ် ပြောဆို ဆက်ဆံကြရတယ်။ အငယ်ခံတော့ နှုတ်မှုရေးရာ ယဉ်ကျေး ချိုသာ ပြေပြစ်၊ ဆက်ဆံရေး ကောင်းဘို့တော့ အခြေခံကျကျ လိုအပ်တယ်။ DVBက ငါးစိမ်းသည်ကို သတင်းထောက် ခန့်ထားတာပဲ။

ကြည့်လုပ် ဟတ်လား။ ဘာရုပ်မှလည်း မပေါက်ဘူး။ သတင်းထောက် သတင်းထောက်ဆိုပြီး လူထုကြားမှာ လူပါးမဝနေနဲ့။


From:Khin Mg Htwe

www.mmdailystar.com

ဝန်ထမ်း၊ ပင်စင်စားနှင့် ပြည်သူများအတွက် တန်ဖိုးနည်းအိမ်ရာများ ကျပ်သိန်း တစ်ရာအောက်ရောက်ရှိရေး ပြည်ထောင် စု အစိုးရ ထံ တင်ပြသွား မည်ဟု ဆောက်လုပ်ရေးဒုဝန်ကြီး ပြော





ဝန်ထမ်းများ၊ ပင်စင်စားများနှင့် ပြည်သူများအ တွက် တန်ဖိုးနည်းအိမ်ရာများ ကျပ် သိန်း ၁ဝဝအောက်ရောက် ရှိရေး ပြည်ထောင်စု အစိုးရထံ တင်ပြသွား မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးတင့် က ပြောကြားခဲ့သည်။

ဇူလိုင် ၂၂ရက်နေ့တွင်ပြုလုပ် သည့် ပြည်သူ့လွှတ်တော်ဒသမပုံမှန် အစည်းအဝေး ၃၂ရက်မြောက်နေ့တွင် အလုံမြို့နယ် ပြည် သူ့ လွှတ်တော်ကိုယ် စားလှယ် ဦးခိုင်မောင်ရည်၏ အိမ်ရာ မရှိသေးသည့် ပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသက်သာ အိမ်ရာ များနှင့် အိမ်ငှားရမ်းခသက်သာသော အိမ်ငှား တိုက်ခန်းများကို နိုင်ငံတော် မှတည်ဆောက်ပေးရန် အစီအစဉ်ရှိ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေ ဆိုရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆာက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ''တန်ဖိုး နည်းအိမ်ရာများ ကျပ်သိန်း ၁၀၀ အောက်ရောက်ရှိစေရေး အတွက် ကိုလည်း နိုင်ငံတော်မှ Infrastructure လုပ်ငန်းများအား စိုက်ထုတ်ကျ ခံရေးဆောင်ရွက်နိုင် ရန် ပြည်ထောင် စုအစိုးရ ထံ တင်ပြသွားမှာဖြစ်ပါ တယ်''ဟု လွှတ်တော် ၌ ဖြေကြားခဲ့ သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးတင့်က ''တန် ဖိုးနည်းအိမ်ရာများ ကျပ်သိန်း တစ် ရာအောက် ရောက် ရှိစေရေးအတွက် ကိုလည်း နိုင်ငံတော်မှ Infrastructure လုပ်ငန်းများအား စိုက်ထုတ် ကျခံရေး ဆောင်ရွက် နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရထံ တင်ပြသွား မှာဖြစ်ပါတယ်''ဟု လွှတ်တော်၌ ဖြေကြားခဲ့သည်။

လက်ရှိ၌ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းတွင် တိုက်ခန်းတစ်ခန်းကို ကျပ် သိန်း ၁၂ဝဖြင့် ရောင်း ချရန် နိုင်ငံပိုင်သတင်းစာများ တွင် ကြေညာ ပြီးဖြစ်ကြောင်း၊ တန်ဖိုးနည်းအိမ် ရာများ၏ တိုက်ခန်းတစ်ခန်း တန် ဖိုးမှာ မြေတန်ဖိုး များ ထည့်သွင်း မတွက်ချက်ထားဘဲ ထရန်စဖော်မာ အပါအဝင် အခြားရေနှင့်ပတ်သက် သည့်လုပ်ငန်းများအပြင် အခြားလုပ် ငန်းများကို ပါ ပြည့်စုံစွာ စီမံဆောင် ရွက်ပေးရတဲ့အတွက် အခန်းတစ်ခန်း ၏ တန်ဖိုးကုန် ကျစရိတ်မှာ ကျပ် သိန်း၁၂၀ ကျသင့်ခြင်းဖြစ်ကြောင်း၊ မြို့ပြလုပ်ငန်းများအနေဖြင့် ကျပ် သိန်း ၁၀၀ အောက်ဖြစ်အောင် ဆောက် လုပ်နိုင်ရန် သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်များနှင့် ညှိနှိုင်းကာ ပြည်ထောင်စုအစိုးရ ထံသို့ တင်ပြသွား မည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးစိုးတင့်မှ ဖြည့် စွက်ပြောကြားသည်။
ြေ
ပာင်းရွှေ့တာဝန်ခိုင်းခံနေ ရတဲ့ ဝန်ထမ်းများ၏ နေထိုင်မှု အ ခက်ခဲများ၊ ဝင်ငွေနည်းလူတန်းစား မျိုးစုံ၏ အိမ်ရာမဲ့မှုများအတွက် တန်ဖိုးနည်းအိမ် ငှားတိုက်ခန်းများ ဆောင်ရွက်ပေးသင့်ကြောင်း၊ ထို့အ ပြင် အထူးသဖြင့် ရန်ကုန်မြို့တွင် ကျူး ကျော်နေထိုင် သူပေါင်း ၂ သောင်း ၆ ထောင်ခန့်ရှိကြောင်း၊ လှိုင်သာ ယာမြို့နယ်တစ်ခုထဲ၌ပင် ကျူးကျော် နေထိုင်သူပေါင်း ၆ဝဝဝကျော်ခန့် ရှိပြီး တရားဥပဒေစိုးမိုးမှုမ ရှိသည့်ရပ်ကွက်များရှိသည်ကို လည်း တွေ့ မြင် ရကြောင်း ၊ အုပ်ချုပ်ရေးအပိုင်း များလည်း အခက်ခဲများဖြစ်နေ သည့် အတွက် လှိုင်သာယာမြို့နယ်ကို အ ထူးကိစ္စရပ်တစ်ခုအနေဖြင့် အမြန် ဆုံးဆောင်ရွက်ပေး ရန်ကိုလည်း အဆိုရှင် ဦးခိုင်မောင်ရည်မှ လွှတ် တော်၌ မေးမြန်းခဲ့ချက်ကိုလည်း လှိုင်သာယာမြို့နယ်ကဲ့သို့ ကျူး ကျော်မြောက်မြားစွာရှိနေသည့် ကိစ္စများကိုလည်း အထူးကိစ္စများအဖြစ်စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။

တန်ဖိုးနည်းနှင့် တန်ဖိုး မျှတ အိမ်ရာစီမံကိန်းများနှင့်ပတ်သက်၍ မြို့ပြအင်ဂျင်နီ ယာဌာန ပါမောက္ခ ဌာနမှူး ဒေါက်တာ ဉာဏ်မြင့်ကျော် က ''အပြင်မှာဆောက် လုပ်နေတဲ့ ဈေးတောင် အနည်းဆုံး တစ်ပေပတ် လည် ကျပ်တစ်သောင်း ခွဲလောက် ပေးနေ ရတယ်။ အဲဒါတောင် အထပ် သိပ်မမြင့်တဲ့တိုက်ခန်းနှုန်း ထားပါ။ မိသားစုနေလို့ရမယ့် အနေအထား ဆို စတုရန်းပေ ၆၀၀ လောက် ကျယ် မှဖြစ်မယ်။ ဒါဆိုရင် တွက်ကြည့် မယ်ဆို အနည်းဆုံး သိန်းတစ်ရာနဲ့ အထက်မှာ ရှိနေတယ်။ ဒါတောင် မြေတန်ဖိုးမပါဘူး။ အဲဒီထက် သက် သာအောင် လုပ်မယ် ဆိုရင် တစ်ထပ် လောက်ပဲ အဆင်ပြေနိုင်လိမ့်မယ်။ နို့မို့ဆို ခိုင်ခံ့မှုလုံခြုံရေး အပိုင်းတွေ ကို အာမခံလို့ မရနိုင်ဘူး ဖြစ်သွား လိမ့်မယ်။ ဒါကြောင့် ခုလက်ရှိမှာ တန်ဖိုးနည်းဆိုပေမယ့် သိန်းရာ နဲ့ချီနေတာဖြစ်တဲ့အတွက်ရော ကြို တင်ငွေဆိုပြီး သွင်းရမှာတွေကြောင့် ရော ဘယ်ဆင်းရဲသား ပြည်သူမှ ဝယ်ပြီးနေနိုင်ဖို့မ ရှိသလောက်ပဲ။ ဒါကြောင့် ကျွန်တော်အမြင်ကတော့ ခုလက်ရှိအခြေအနေမှာ အစိုးရ အိမ်ငှားစနစ်သာ အဆင်ပြေနိုင် ဆုံး ဖြစ်လိမ့်မယ်''ဟု ယင်း၏အမြင်ကို ပြောသည်။

တန်ဖိုးနည်း တန်ဖိုးမျှ အိမ်ရာ များတွင် ဆင်းရဲသားပြည်သူများ အမှန်တကယ် ဝယ်ယူနေထိုင်နိုင်ရန် အတွက် နှစ်ရှည်ချေးငွေများ အတိုး နှုန်းသက်သာစွာဖြင့် ထုတ်ချေးနိုင် ရန်လိုအပ်ကြောင်း ယင်းသို့နှစ်ရှည် ချေးငွေစနစ်ဖြင့် လည်ပတ်နိုင် မှသာ အရစ်ကျစနစ်ဖြင့် ဝယ်ယူနေထိုင် နိုင်မည်ဖြစ်ကြောင်း ယင်း၏အမြင် ကို ဖြည့်စွက်ပြောကြားသည်။

ဆာက်လုပ်ရေး ဝန်ကြီးဌာ နနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး များ၊ ပြည်နယ်နှင့် အစိုးရအဖွဲ့များ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် တန်ဖိုးနည်း ၊ တန် ဖိုးမျှအိမ်ရာစီမံကိန်းများကို ပြည် သူများနှင့်ပင်စင်စား ဝန်ထမ်းများ အနေဖြင့် အမှန်တကယ်ဝယ်ယူနိုင် မှုနည်းပါးသည့်အပြင် အမှန်တကယ် နေထိုင်နိုင်ရန် အလှမ်းကွာဝေးသေး ကြောင်း လှိုင်သာ ယာမြို့နယ် ရွှေ လင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်း အနီးတွင် ကျူးကျော်နေ ထိုင်သူအ ချို့နှင့် ပြည်သူအချို့မှ ပြောသည်။

''တန်းဖိုးနည်း အိမ်ရာပေမယ့် သိန်းတစ်ရာကျော်နေတဲ့အတွက် ကျွန်တော်တို့လို တစ်နေ့လုပ်မှ တစ် နေ့စားရတဲ့လူတွေအဖို့ မလွယ်ကူ ပါဘူး။ သူက လစဉ်ဝင်ငွေအဝင်အ ထွက်ကိုလည်း ပြရတော့ ကျွန်တော် တို့က နေ့စားခ နဲ့အလုပ်လုပ်တဲ့သူ တွေပါ။ ကျွန်တော်တို့ အတွက် တော့ တိုက် ခန်းတွေဆောက်ပေးပြီး ဈေးနှုန်းသက်သက်သာသာလေးနဲ့ အိမ်ငှားနေလို့ရမယ် ဆို ရင်ပိုအဆင် ပြေပါတယ်''ဟု ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း ကျူး ကျော်နေထိုင်သူများနှင့် ဆင်းရဲ သားပြည်သူ များအနေဖြင့် လှိုင်သာ ယာမြို့နယ်အတွင်း တည်ဆောက် ထားသည့် တန်ဖိုးနည်း အိမ်ရာ စီ မံကိန်းကို ဝယ်ယူနေထိုင်နိုင်သူ မရှိ သေးကြောင်း ယင်းကဆက်လက်ပြော သည်။

ဒဂုံဆိပ်ကမ်းမြို့နယ်မှ ဦးစော လှိုင်က ''ကျွန်တော်တို့နားမှာ အခု တန်ဖိုးမျှတတို့၊ တန်ဖိုးနည်းတို့ အိမ် ရာစီမံကိန်းတွေ ကို ဆောက် လုပ် ရေးတို့၊ အိုးအိမ်တို့နဲ့ ပုဂ္ဂလိက ကုမ္ပ ဏီတွေပူးပေါင်းပြီး လာဆောက်နေ ကြတာတွေရှိတယ်။ ဒါတွေနဲ့ပတ် သက်ပြီး ၂၀၁၃ခုနှစ် သက်ဆိုင်ရာ ခရိုင်အဆင့် အာဏာပိုင်အဖွဲ့အ စည်းတွေ ပါတီတွေနဲ့တွေ့ပြီး ဒါတွေ က နိုင်ငံတော်စီမံကိန်းတွေ ဒီထဲမှာ ရှိနေတဲ့ကျူးကျော်တွေကို ပြန်လည် နေရာချထားပေးဖို့ စာရင်းကောက် မယ်ဆိုပြီးတော့ ဆွေးနွေးတဲ့အခါ တိုက်ခန်းဈေးတွေကို တွက်ချက် ပြတော့ ဈေးတွေက အပေါ်ဆုံးထပ် ကိုတောင် ၁၈၄ သိန်းရှိတယ်။ ဝန် ထမ်းတွေကို အရင်ရောင်းပေးမယ် လို့သိရတယ်။ ဝန်ထမ်းတောင် အရာ ထမ်းအဆင့်တွေကို အရင်ရောင်း မယ်။ အောက်ခြေက ရိုးရိုး ဝန်ထမ်း တွေ မပါသေးဘူး။ ဘယ်လိုပုံစံမျိုး နဲ့ ရောင်းမလဲမသိသေးဘူး။ နှစ် ရှည်ရောင်းမယ်လို့တော့ သိရတယ်။ အဲဒီက ကျူးကျော်အိမ်ထောင်စုတောင် ဒဂုံမြို့နယ်ဖက်ကို ပြောင်းရွေ့ကြေး နှစ်သိန်းပေးပြီး ရွှေ့ပေးလိုက်တယ်''ဟု ထိုစဉ်က ဆွေးနွေးပွဲတွင် ပါဝင် ခဲ့ပုံကို ပြောသည်။
 
 
From: DT
ME 

www.mmdailystar.com

နိုင်ငံတော်လုံခြုံရေးနှင့် တပ်မတော်ရဲ့ တာဝန်

ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီခေတ်မှာ မီဒီယာတွေရဲ့ ရေးသားမှုတွေကြောင့် ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေနဲ့ပတ်သက်ပြီး ပြည်သူလူထုကြားမှာ ထင်ယောင်ထင်မှား ဖြစ်စေတာတော့ အမှန်ပါပဲ။ အဲဒီ တိုက်ပွဲတွေနဲ့ ပတ်သက် ပြီး KIA ဘက်က အလေးပေးရေးသားမှုတွေ၊ KIA ဒုစစ်ဦးစီးချုပ် ဂွမ်မော်နဲ့ အင်တာဗျူး တွေမှာ တပ်မတော်ဘက်က ကျူးလွန်တဲ့ပုံစံမျိုးတွေနဲ့ KIA ဘက်ကို ဇောင်းပေးထားတဲ့ အမေးအဖြေ တွေကို တွေ့ရပါတယ်။ 

ဒီတော့ တပ်မတော်နဲ့ KIA တို့ ဘာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်၊ KIA က တပ်မတော်ကို ဘာကြောင့် ထိပ်တိုက် လာတိုးနေတာလဲဆိုတဲ့ အကြောင်းအရာတွေအပေါ် တပ်မတော်ဘက်ကလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်ပြီဖြစ် ပါတယ်။ တပ်မတော်က နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးတာဝန်၊ အမျိုးသားလုံခြုံရေး တာဝန်တွေကို ထမ်းဆောင် နေခြင်းဖြစ်တယ်ဆိုတာ ပြည်သူအားလုံးသိထားဖို့လိုပါတယ်။ ဒါမှသာ ကချင်မှာ တိုက်ပွဲတွေ ပြန်ဖြစ်တာ တပ်မတော်က သူ့တာဝန် သူ့အလုပ် သူလုပ်နေတာပါလားဆိုတာ သိမှာပဲ ဖြစ်ပါ တယ်။

လုံခြုံရေး Security ဆိုတဲ့ ဝေါဟာရဟာ Secerus ဆိုတဲ့ Latin ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ အန္တရာယ်ကင်းဝေးခြင်း၊ Free From Fear လုံခြုံစိတ်ချခြင်း၊ Safety ဆိုတဲ့ အဓိပ္ပါယ်၊ တစ်နည်းအားဖြင့် “ ကြုံတွေ့လာ နိုင်ဖွယ်ရှိတယ်၊ အန္တရာယ်တွေ မဖြစ်စေဖို့ တားဆီးဟန့်တားတဲ့ အစီအမံ” လို့ ဆိုရပါမယ်။ နိုင်ငံတစ်နိုင်ငံလုံခြုံဖို့အတွက် စစ်ရေးအင်အားတောင့်တင်းအောင် လုပ်ကြတယ်။ ဒီဘက်ခေတ်မှာတော့ စစ်ရေးသက်သက်နဲ့ ကာကွယ်နိုင်စွမ်း မရှိတော့ ဘဲ ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံ၊ ကာကွယ်နိုင်မှ လုံခြုံ မယ်ဆိုတဲ့ အနေအထားကို ရောက်လာတယ်၊ သမားရိုးကျ Traditional Security Concept နဲ့ သမားရိုးကျ မဟုတ်သော Non – Traditional Security Concept ဆိုပြီ တွဲလာတာ ရှိပါတယ်။ 

ကာကွယ်ရေး (Defence) ဟာ လုံခြုံမှု ရှိစေဖို့ ဆောင်ရွက်ခြင်း (Process) ဖြစ်တယ်။ ကာကွယ်ရေးကဏ္ဍမှာ နိုင်ငံလုံခြုံ စေဖို့၊ နိုင်ငံကို ကျရောက်လာနိုင်တဲ့ ခြိမ်းခြောက်မှု အန္တရာယ်တွေ ယုတ်လျော့ပျက်စီးစေဖို့ ဆန့်ကျင်တွန်းလှန်ခြင်းကို လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒါ့ကြောင့် တပ်မတော်က ထမ်းဆောင်နေတဲ့ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်ဟာ ကြီးမားပါတယ်။ သမားရိုးကျ မဟုတ်တဲ့ လုံခြုံရေး အယူအဆမှာဆိုရင် လူသားလုံခြုံရေး (Human Security) ကို ဦးစားပေးလာ ပါတယ်။ လူသားလုံခြုံ ဖို့အတွက် စီးပွားရေးလုံခြုံမှု (Economy Security )၊ စားနပ်ရိက္ခာလုံခြုံမှု (Food Security)၊ လူပုဂ္ဂိုလ်လုံခြုံမှု (Personal Security)၊ လူမှုအဖွဲ့အစည်း လုံခြုံမှု (Social Security) နဲ့ နိုင်ငံရေးလုံခြုံမှု ( Political Security ) စတဲ့ နယ်ပယ်တွေမှာ ပါဝင်လာပါတယ်။

ကချင်ပြည်နယ်ထဲမှာ KIA ဘာလုပ်သလဲဆိုတာ ဒေသခံ ပြည်သူအားလုံး သိပါတယ်။ KIA လုပ်နေတဲ့ မူးယစ် ဆေးဝါး ရောင်းဝယ်တဲ့ ကိစ္စတွေ၊ လောလောလတ်လတ် ဖမ်းဆီးရမိတဲ့ သစ်တွေ၊ တရားမ၀င် သစ်ခိုးထုတ်လို့ ပြုန်းတီးတော့မယ့် သစ်တောတွေ၊ အစိုးရ၀န်ထမ်း(၂)ဦးကို ဖမ်းသွားပြီး ပြန်မလွှတ်သေးတာတွေ၊ အရွယ်မရောက်သေးတဲ့ ကျောင်းသား လူငယ်တွေကို ဖမ်းဆီးသွားတာတွေဟာ သဘာဝပတ်ဝန်းကျင်လုံခြုံမှု၊ ကျန်းမာရေးလုံခြုံမှု၊ လူသားလုံခြုံမှုတွေကို အကြီး အကျယ်ထိခိုက်ပျက်စီးစေတဲ့ ကိစ္စတွေဖြစ်တဲ့အပြင် ကချင်တိုင်းရင်းသားတွေအတွက် နောက်ထပ် ဒီမြေ ဒီရေကို မှီတင်း နေထိုင်သူတွေအားလုံးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတွေဖြစ်ပါတယ်။

အဲဒီလို ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ တာဝန်ပေးအပ်ခြင်းခံရတဲ့ တပ်မတော်နဲ့ အဲဒီ လုံခြုံမှုတွေကို အကြီးအကျယ် ခြိမ်းခြောက်နေတဲ့ KIA တို့ တိုက်ပွဲဖြစ်ကြတယ်။ တိုင်းပြည်အတွက် ဘယ်သူက အမှန်တရား ဘက်က အလုပ်လုပ်နေ တယ်ဆိုတာ အဖြေကရှင်းပါတယ်။ တကယ်တော့ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို တပ်မတော်က ထမ်းဆောင် နေခြင်းဖြစ်တယ်ဆိုတာ မပြောင်းလဲတဲ့ပကတိ အမှန်တရား လို့ပဲ ပြောချင်ပါတယ်။
 
From:OE

www.mmdailystar.com

မှတ်ချက်။ ။ အပျိုစင်မိန်းကလေးများသာ ဖတ်ရန်

ယခင်တစ်ပတ်က အလုပ်များနေသောကျမ မိတ်ဆွေငယ်လေးများဆီသို့ သွားရန်ပျက်ကွက်ခဲ့သည်။ ယနေ့တော့စောစောရောက်အောင် သွားမည်ဆိုပါမှ သူငယ်ချင်းတစ်ယောက် ရောက်နေသောကြောင့် ကျမချက်ချင်း မထွက်ဖြစ်ပြန်၍ အနည်းငယ်နောက်ကျ နေပြန်သည်။ ကျမ၏ မိတ်ဆွေများ တံခါးပေါက်တွင် ထွက်လိုက်ဝင်လိုက် လုပ်နေမလား၊ တစ်ခုခုဖြင့် သူတို့တစ်တွေစုပြီး စကားပြောနေကြမလား၊ ဒါမှမဟုတ်မည်သည့်နည်းဖြင့် ကျမကို စောင့်မျှော်နေမလဲဟု တွေးရင်း ကျမကားဂိတ်မှ မိတ်ဆွေကလေးများဆီသို့ အတွေးများနှင့်အတူ ခပ်သွက်သွက်လျှောက်လာလိုက်သည်။

‘ဟေး…ဒေါ်လေးမာန်ရောကလာတယ်။ ဟေ့…ဟေ့…ဒေါ်လေးမာန်ရောက်လာပြီ’ ဟုအော်ဟစ်ရင်း ကျမဆီသို့ ကမန်းကတန်းပြေးလာသော မိတ်ဆွေငယ်များကို ကျမြုပုံး၍ နှုတ်ဆက်လိုက်သည်။ ‘ဒေါ်လေး ..ခြင်းပေး’ ဟု ဆို၍ ကျမလက်ထဲမှ စာအုပ်အနည်းငယ်ပါသော ဈေးခြင်းတောင်းကို လှမ်းယူသည်။ ‘ကျေးဇူးပါပဲ သမီးရယ်’ ဟုနှုတ်ဆက်ရင်း အသိအမှတ်ပြုလိုက်သည်။ ‘ဒေါ်လေးမာန်…သမီးတို့က ဒီနေ့လည်း ဒေါ်လေးမာန်မလာတော့ဘူး ထင်နေတာ။ ဒေါ်လေးမာန်က အချိန်အမြဲတမ်းတိကျတတ်တော့ သမီးတို့က လောင်းကြေး၊ စားကြေးငြင်းနေတာ၊ ဒေါ်လေးမာန်လာမလာကိုပေါ့။’

‘ဟောတော့၊ ပြောပါဦး…ဘယ်လိုလောင်းစားကြေးတွေနဲ့များ လောင်းနေကြသလဲ။’ ‘ငါပြောမယ်…ငါပြောမယ်’ ဟု တစ်ယောက်ကဆို၍ ‘ဒီနေ့ဒေါ်လေးမာန်ရောက်လာရင် ပြောမဲ့အကြောင်းအရာကို အနိုင်ရတဲ့သူတွေက မေးခွန်းမမေးကြေး၊ စကားမများကြေးလို့ လောင်းထားတာလေ။’

‘ဟင်း…ဟင်း…ဟင်း’ ကျမအသံအနည်းငယ်ထွက်လိုက်ပြီး လူငယ်တစ်စုကို ကြည့်ပြီး ပြုံးလိုက်သည်။ အော် တစ်ချိန်တုန်းက ကျမတို့ ငယ်စဉ်ကျင့်သုံးမှုလေးများက ယခုချိန်ထိ ရှင်သန်နေဆဲပါလားဟုသာ တွေးလိုက် သည်။ စကားတပြောပြောနှင့် အိမ်ထဲသို့ ဝင်လာတော့ အားလုံးဝမ်းသာအားရနှင့် နှုတ်ဆက်၍ ရေအေးအေးလေးတစ်ခွက် ကောင်မလေး တစ်ယောက်လာပေးသည်။ ကျမရင်ထဲ အေးခနဲ စီးဝင်သွားပြီး ရင်ထဲ ကြည်နူးသွားသည်။ အနည်းငယ်ပူနေသော ပြင်ပပူလောင်မှုများ ယခုတော့လည်း အမောပြေစေသော လူငယ်စုလေးများကြောင့် လန်းဆန်းသွားတော့သည်။

အားလုံးမှာ နေရာယူကြပြီး ကျမပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်ရန် အဆင်သင့်ဖြစ်နေသော သူမတို့အားလုံးကို ကြည့်၍ ကျမြုပုံးပြပြီး စကားစဖြစ်လိုက်သည်။

‘သမီးတို့အားလုံးကို ဒီနေ့ဆွေးနွေးပေးမဲ့ အကြောင်းအရာက ဝါဝါသွင်ဆိုတဲ့ ကလေးမလေး ပြီးခဲ့တဲ့အပတ်က ဒေါ်လေးမာန်ဆီကို ရောက်လာပြီး ပြောပြပေးဖို့ ပြေထားတဲ့ အကြောင်းအရပေါ့ကွယ်’ ဟုဆိုလိုက်တော့ အားလုံးဝါဝါသွင်အား ကြည့်လိုက်ပြီး ဘာသွားပြောတာလဲဟု တိုးတိုးကျိတ်ကျိတ် မေးနေသလို၊ တချို့ကလည်း မျက်စပစ်ပြနေကြသည်။ ဝါဝါသွင်ကတော့ ခပ်တည်တည်ဖြင့် နားထောင်ပေါ့ဆိုသည့် သဘောမျိုးဖြင့် မျက်နှာပေးဖြင့်ထိုင်နေတော့သည်။

‘သူမေးထားတာကတော့ အမျိုးသမီးတွေ လိင်အင်္ဂါမှာ ယားယံတဲ့ကိစ္စပဲကွယ့်’ အဖြေပေးလိုက်တော့ ‘ဟင်း…’ ဆိုတဲ့တချို့သူများမှ အသံထွက်လာသကဲ့သို့ တချို့သောသူများက ပြုံးစိစိဖြင့် သူမကို နောက်ချင်နေပုံ ရသည်။ ကျမစကားဆက်လိုက်သည်။ ‘ဟုတ်တယ် တကယ်တမ်းကျတော့ ယားယံတယ်ဆိုတာက ဘာမှမဟုတ်သလိုလိုနဲ့ လူတွေကို အတော်လေး ဒုက္ခပေးတဲ့ အနေအထားပဲပေါ့။ ယားရင်မကုတ်ဘဲ နေနိုင်တဲ့ လူဘယ်နှစ်ယောက်ရှိလဲ။’ ကျမမေးလိုက်တော့ အားလုံးက ခပ်တိုးတိုးရယ်မောရင်း ‘ဟင့်အင်း မရှိပါဘူး မရှိလောက်ပါဘူး’ ဟုဆိုသည်။ ‘အဟင်းဟင်း….ဒါပေမဲ့ အမျိုးသမီးလိင်အင်္ဂါမှာ ယားတာကတော့ ညစ်ပတ်လို့ပဲ ဖြစ်ရမယ်’။ တစ်ယောက်က စပ်ဖြဲဖြဲနဲ့ပြောလိုက်တော့ အားလုံးက ဝါးကနဲပွဲကျသွားတော့သည်။

‘အင်း တကယ်တော့ ဘယ်လိုအကြောင်းတွေကြောင့် ယားတတ်သလဲဆိုတာတော့ ပြောရခက်တာပေါ့။ အခြေအနေ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်အင်္ဂါမှာ ယားတာမျိုးကတော့ အမျိုးသမီးတွေရော အမျိုးသားတွေပါ ဖြစ်တတ်ကြတယ်။ ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူယားတာမျိုးလည်း ရှိတယ်။ သဘောကတော့ မယ်မယ်ရရအကြောင်းရှာမရဘဲ မိန်းမကိုယ်ယောင်ပြီးယားတာမျိုးပေါ့။ ဗာဘာ (Vulva) ဆိုတဲ့ မိန်းမကိုယ်နှုတ်ခမ်းမှာ အဓိကယားတတ်တယ်။ အမျိုးသားတွေက ကပ်ပယ်အိတ်မှာ ယားတတ်သလိုမျိုးပေါ့။ အမျိုးသမီးတွေယားတာကိုတော့ Pruritus Vulvae လို့ခေါ်တယ်တဲ့’။

‘ဒေါ်လေးမာန်…သမီးကြားဖူးတာကတော့ မှိုရောဂါတစ်မျိုးကြောင့် ဖြစ်တာလို့ကြားဖူးတယ်’ ဟုအနည်းငယ် ဗဟုသုတစုံလင်ပုံရသော သူငယ်မတစ်ယောက်ကပြောတော့။ ‘အင်း ဟုတ်တယ်။ ကန်ဒီတာ မှိုပိုးကြောင့်လည်း ယားနိုင်တယ်။ အဲဒီမှိုပိုးက အမျိုးသမီးတစ်ရာမှာ အယောက် ၂၀ လောက်ဖြစ်နိုင်တယ်။ မိန်းမကိုယ်မှာ သူ့အလိုလို ဘာအန္တာရာယ်မှ မပေးသေးဘဲ ရှိနေတတ်တယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးလေးယောက်မှာ သုံးယောက်က သူတို့ဘဝတလျှောက်မှာ အနညးဆုံးတစ်ကြိမ်တော့ ကန်ဒီဒါမှိုစွဲတဲ့ ပြဿနာကြုံရနိုင်တယ်လို့ သိရတယ်။ လေ့လာဆန်းစစ်မှုအရ အမျိုးသမီးတွေ မိန်းမကိုယ်ယားရခြင်း အကြောင်းထဲမှာ ၁၀ ရာလိုင်နှုန်းက နာတာရှည် ကန်ဒီဒါမှိုစွဲတာကြောင့်ဘဲတဲ့’။

‘ကန်ဒီမှိုပိုးတွေက ကူးတတ်သလား လေဒေါ်လေးမာန်’။ ‘အင်း….ကိုယ်ဝန်ဆောင်တဲ့အခါ ပဋိဒေဝဆေးတွေ ရေရှည်သောက်ရတဲ့အခါတွင်အပြင် ဆီးချိုရှိတဲ့ အခါမျိုးမှာလည်း ဒီမှိုပိုးတွေ အလွယ်တကူ ပွားများနိုင် ပါတယ်။’ ‘နောက်တစ်ချက်ကတော့ Lichen လို့ခေါ်တဲ့အရေပြားရောဂါ တစ်ခုကြောင့်လည်း ယားတတ်တယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ဖြူတူတူနဲ့ အမ်းအမ်းအကွက်ပေါ်လာတာမျိုး၊ ဒီရောဂါဖြစ်ရင် ယားလည်းယား၊ နာလည်းနာပေါ့။ အမြင်အားဖြင့် ခရုသင်းနဲ့တောင်မှားချင်စရာပါ။’

‘ဒေါ်လေးမာန်တစ်ခါပြောပြတုန်းက အဖြူဆင်းတာကြောင့်လည်း ယားတတ်တယ်လို့ ပြောထားဖူးတယ်နော်။ အဲဒါရော ဒီရောဂါမျိုးနဲ့ အတူတူပဲလား ဒေါ်လေးမာန်’။ ‘ဩော်…သမီးက မှတ်မိသားပဲ။ ဟုတ်တယ် အဖြူဆင်းတာတို့ မိန်းမကိုယ်မှာ ရဲယောင်နေတတ်တာတို့၊ ပူစပ်ပူလောင်ဖြစ်နေတတ်တာတို့လည်း ပါတယ်။ ဆီးသွားတဲ့အခါလည်း ပူသလိုလို ကျင်သလိုလို အနေရခက်တဲ့အပြင် လိင်ဆက်ဆံတဲ့အခါမှာလည်း နာတတ်တယ်’။

‘အင်း…Trichinous Virginals ဆိုတဲ့ ပိုးတစ်မျိုးကြောင့်လည်း မိန်းမကိုယ်မှာ ယားယံနိုင်တယ်တဲ့၊ စိမ်းဝါဝါအရည်တွေ ဆင်းတတ်ပြီး အနံ့လည်းဆိုးတယ်။ အလွယ်တကူရနိုင်တဲ့ မက်ထရိုနီတာဇိုး (MetronidaZole) ဆေးသောက်လိုက်ရင်တော့ သိသိသာသာသက်သာနိုင်တဲ့ ရောဂါတစ်မျိုးလို့ ဒေါ်လေးမာန်မှတ်သားဖူးတယ်။ ဒါကြောင့်လူတွေက ယားပြီဆိုရင် မက်ထရိုနီတာဇိုးကို ဝယ်သောက်လိုက် ပျောက်တယ်လို့ အလွယ်တကူပြောကြတာတွေ ကြားဖူးမှာပေါ့’။

‘ဟုတ်တယ်နော်..သမီးကြားဖူးတယ်’ ဟု တစ်ယောက်ကပြောတော့ အားလုံးထောက်ခံသလို ခေါင်းညိတ်လိုက်ကြသည်။

‘နောက်တစ်ခုက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လိုင်ကင်ပလေနပ်ဆိုတဲ့ အရေပြားယားနာရယ်၊ ဆိုရီယားစစ်ဆိုတဲ့ အရေပြားရောဂါတစ်မျိုးရယ်ဟာ ရှားရှားပါးပါး လိင်အင်္ဂါလိုနေရာမျိုးတွေမှာ ဒုက္ခပေး တတ်တယ်တဲ့။ အဲဒီရောဂါမျိုးဟာ လိင်အင်္ဂါမှာဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တစ်ခြားတစ်နေရာမှာ ဖြစ်တာနဲ့မတူလို့ ဆရာဝန်တွေ မျက်စိလည်တယ်လို့တောင် ဆရာဝန်တွေကြား ပြောသံ ဒေါ်လေးမာန်ကြားခဲ့ဖူးတယ်’။

‘ဟိုလေ…သမီးသူများတွေ ပြောတာကြားဖူးတာကတော့ ယားတယ်ဆိုတာ ဓာတ်မတည့်လို့ ယားတာတဲ့။ အဲဒါကရော ဘာကိုဆိုလိုတာလဲဟင် ဒေါ်လေးမာန်’။ ‘ဟုတ်တယ်။ အဲဒါမျိုးက အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုပြီးကြုံတွေ့ရတတ်တယ်။ ဘာလို့လည်းဆိုရင် Sanitary Pad ဆိုတဲ့ လစဉ်သုံးပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေးရည်တွေ၊ ပဋိသန္ဓေတားတဲ့ ပစ္စည်းတွေကြောင့်လည်း အခန့်မသင့်ရင် ယားတတ်တယ်။ နောက်ဆုံးအမျိုးသားတွေသုံးတဲ့ ကွန်ဒုံးတွေနဲ့ မတည့်ရင်လည်း ယားနိုင်တာပါဘဲ’။

‘ဘာဆေးတွေလိမ်းရင် ပျောက်နိုင်တာလဲ ဒေါ်လေးမာန်ရှင့်’။
‘ဩော်…ဆေးအညွန်းကတော့ ဆရာဝန်တွေနဲ့ သေချာပြပြီးမှ ရနိုင်မှာလေ။ ဒေါ်လေးမာန်က ဆရာဝန်မဟုတ်ဘူးလေကွယ်။ ဒီလိုပဲ တစ်ခြားလူတွေက ယားဖူးလို့ ဘယ်ဆေးနဲ့ပျောက်တယ်၊ ဘယ်လိုလိမ်းလိုက်ပါဆို ညွန်ကြားရင် မလုပ်သင့်ဘူးလို့ ဒေါ်လေးမာန်ခုနက ပြောတယ်မဟုတ်လား။ လိင်အင်္ဂါတွေဟာ အရှက်ကြောင့် ဖုန်းကွယ်ထားပေမဲ့ ကျန်းမာရေးဖြစ်နေတော့ ဆရာဝန်တွေကိုတော့ ပြောပြရလိမ့်မယ်။ ဆရာ ဝန်တွေတောင် ဘယ်လိုအရေပြားရောဂါမျိုးဖြစ်တယ်ဆိုတာ သေချာစမ်းသပ်ပြီးမှ ဆေးပေးလို့ရတာလေ။ ယားလို့ပေးတဲ့ဆေးရယ်လို့ တစ်မျိုးတည်း မရှိဘူးသမီးတို့ရေ။ ဒါကြောင့် ဒေါ်လေးမာန် မှာချင်တာကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးလုပ်သားတွေ ညွန်ကြားချက်အတိုင်းဘဲလုပ်တာ ကောင်းတယ် ဆိုတာကို ပြောပြချင်တယ်။

ဒေါ်လေးမာန်တို့တစ်တွေက မိန်းကလေးဖြစ်နေတော့ ဒီလိုလိင်အင်္ဂါတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ယားယံလာရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ် သမီးတို့ရေ…။’ ‘ဟုတ်ကဲ့ပါ ဒေါ်လေးမာန်’ ဟုအားလုံး တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။

ချိုးလင်းပြာ - အပျိုစင်လေးများအတွက်သိကောင်းစရာ

HIM


www.mmdailystar.com

ထိုင်ဝမ်တွင် လေယာဉ်တစ်စင်း ပျက်ကျမှုကြောင့် လူ ၄၀ ကျော် သေဆုံး

10580163_706467772724182_1033140591572792608_n 10482517_706467739390852_1734811090486651752_n 10411168_706469072724052_3343746327858732202_n 1908378_706467796057513_4908925287832574861_n

ထိုင်ဝမ်တွင် လေယာဉ်တစ်စင်းသည် ဇူလိုင် ၂၃ ရက်၌ အိမ်နှစ်လုံးပေါ်သို့ ပျက်ကျခဲ့ပြီးနောက် လူ ၄၀ ကျော် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူ ၅၈ ဦးလိုက်ပါလာခဲ့သော ထိုင်ဝမ်လေကြောင်းလိုင်း TransAsia Airway ၏ လေယာဉ်ခရီးစဉ်အမှတ် GE222 သည် ဒုတိယအကြိမ်မြောက် ဆင်းသက်ရန် သတင်းပို့ခဲ့ပြီးနောက် ဖန်းဟူကျွန်းစုရှိ မာဂေါင်လေဆိပ်အနီး ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
 
 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူ အရေအတွက် ထုတ်ပြန်မှုသည် ကွဲပြားနေသည်။ လူ ၅၁ ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ထိုင်ဝမ် အရပ်ဘက်လေကြောင်း စီမံခန့်ခွဲရေးအဖွဲ့မှ ရှင်းချီက ပြောကြားခဲ့သည်။ ယင်းကျွန်းစုရှိ မီးသတ်ဌာန အကြီးအကဲက သေဆုံးသူ ၄၅ ဦးရှိသည်ဟု ပြောကြားခဲ့ပြီး မီဒီယာများကမူ ၄၇ ဦး သေဆုံးကြောင်း ဖော်ပြခဲ့ကြသည်။


ယင်းလေယာဉ်သည် ဒုတိယအကြိမ်မြောက်ဆင်းသက်ရန် သတင်းပို့ခဲ့ပြီးနောက် မကြာမီ လေကြောင်းထိန်းချုပ်ရေးတာဝါနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ကြောင်း “ရှင်း” က ပြောကြားခဲ့သည်။ ယင်းပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွင် ခရီးသည် ၅၄ ဦးနှင့် လေယာဉ်အမှုထမ်းလေးဦး လိုက်ပါလာကြောင်း ရှင်း က ပြောကြားခဲ့သည်။
ယင်းလေယာဉ်သည် ကောင်ရွှမ်မှ ထွက်ခွာလာခြင်းဖြစ်ပြီး ရာသီဥတုဆိုးရွားမှုကြောင့် ခရီးစဉ် နှောင့်နှေးခဲ့ကြောင်း ရှင်းက ပြောကြားခဲ့သည်။ တိုင်ဖွန်းမတ်မို တိုက်ခတ်မှုကြောင့် ထိုင်ဝမ်တွင် ဇူလိုင် ၂၃ ရက်၌ လေပြင်းများတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့ကာ လူကိုးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရသည်။

 Ref:AFP

From: Eleven media group

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...