Friday, 5 September 2014

ဓမ္မစေတီခေါင်းလောင်းဆယ်ယူမှုအခြေအနေ မကြာမီကြေညာတော့မည်၊ ရေထဲက ပစ္စည်းမို့ ပြန်ဆယ်ရတာ ခက်ခဲနေ

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရာတွင် အခက်အခဲများရှိနေ၍ ဆယ်ယူမှုအခြေအနေ
မည်သည့်အဆင့်ရောက်ရှိနေပြီဖြစ်သည်ကိုလာမည့် ရက်ပိုင်းအတွင်း တရားဝင်ပြောကြား
သွားမည်ဖြစ်ကြောင်း နတ်စင်တစ်ရာဆရာတော်က စံတော်ချိန်သို့ စက်တင်ဘာ ၃ ရက်၌
မိန့်ကြားခဲ့သည်။
'နောက် ၁၀ ရက်လောက်ဆိုရင် ဘယ်အခြေအနေရောက်ပြီဆိုတာ ပြောနိုင်တဲ့အဆင့်ရောက်
မယ်။ အခုအချိန်မှာတော့ ပြည်သူတွေကလည်းဆန္ဒမစောဘဲ စောင့်ကြည့်ပေးဖို့ မေတ္တာရပ်ခံ
ချင်တယ်။ ရေထဲမှာရောက်နေတဲ့ပစ္စည်းဆိုတော့ ပြန်ဆယ်ရတာတော်တော်ခက်ခဲနေ တယ်'
ဟု ဆရာတော်က မိန့်ကြားသည်။
ဓမ္မစေတီခေါင်းလောင်းရှာတွေ့ပြီဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အဖွဲ့
ခေါင်းဆောင်ဦးစံလင်းက သြဂုတ် ၂၆ ရက်၌ တရားဝင်ကြေညာခဲ့သည်။ ယင်းနောက်
ခေါင်းလောင်းကြီး ဆယ်ယူရရှိရေး ဆောင်ရွက်နေမှုများကို ပြောကြားခြင်းမရှိဘဲ
ခေါင်းလောင်းကြီးကုန်းပေါ်ရောက်မှသာ သတင်းထုတ်ပြန်ပေးမည်ဟု သြဂုတ် ၂၈
ရက်၌ ကြေညာခဲ့သည်။
ခေါင်းလောင်းရှာဖွေတူးဖော်မှုကို သြဂုတ် ၈ ရက်မှစတင်ဆောင်ရွက်ခဲ့ပြီး သြဂုတ်
၁၅ ရက်တွင် ရေငုပ်သမားများက ခေါင်းလောင်းကိုရှာတွေ့ခဲ့ကြောင်း၊ အဆိုပါ ခေါင်း
လောင်းမှာ မြေကြီးအောက် ၁၅ ပေခန့် နစ်မြုပ်နေ၍ ကြိုးချည်ရာ၌ အခက်အခဲဖြစ်
နေကြောင်း သိရသည်။
'ဒီခေါင်းလောင်းလို့ ယူဆတဲ့အရာကို ကြိုးချည်နိုင်ပြီ သေချာပြီဆိုရင် ဆယ်ယူ
ရေးလုပ်ငန်းလုပ်ဖို့ အစိုးရကို အကူအညီတောင်းမှာဖြစ်တယ်။ အင်မတန်ကြီးမားတဲ့
ခေါင်းလောင်းဖြစ်လို့ ဆယ်ယူဖို့ က ခက်ခဲတယ်'ဟု ဆရာတော်က မိန့်ကြားသည်။
အဆိုပါ ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးနှင့် ပတ်သက်၍ ကောလာ
ဟလအမျိုးမျိုးထွက်ပေါ်နေသော်လည်း ခေါင်းလောင်းရှာဖွေရေးအထောက်အကူပြု
အဖွဲ့ကမူ ရက်ပိုင်းအတွင်း အဖြေထွက်လာမည်ဟု ကြေညာထားသည်။

From: စံတော်ချိန်

www.mmdailystar.com

IS စစ်သွေးကြွများက တူရကီရှိ အင်ဒိုနီးရှား ကျောင်းသားများကို တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းနေ


တူရကီနိုင်ငံရှိ အင်ဒို နီးရှားကျောင်းသားများအား IS အဖွဲ့နှင့် ချိတ်ဆက်ထားသည့် အင်ဒို နီးရှားစစ်သွေးကြွအုပ်စုများက တပ်ဖွဲ့ဝင်အဖြစ် စုဆောင်းနေကြောင်း သိရသည်။

အင်ဒိုနီးရှားစစ်သွေးကြွအုပ်စုများသည် တူရကီနှင့် ဆီးရီးယား နယ်စပ်တွင် အခြေစိုက်စခန်းတစ်ခုကို ထူထောင်ထားသည့်အပြင် အရှေ့တောင်အာရှဒေသမှ စစ်သွေးကြွများ အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့သို့ သွားရောက်ပူးပေါင်းရာတွင် ကူညီဆောင်ရွက်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

တူရကီနိုင်ငံရှိ အထက်တန်းကျောင်းများနှင့် တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် အင်ဒိုနီးရှား ကျောင်းသား ၈၀၀ ခန့်သည် အဆိုပါ စစ်သွေးကြွများ အတွက် တပ်ဖွဲ့ဝင်သစ် စုဆောင်းရန် ပစ်မှတ်များ ဖြစ်လာခဲ့သည်။

တူရကီနိုင်ငံတွင် ပါရဂူဘွဲ့သင်တန်းတက်နေသည့် အင်ဒိုနီးရှားကျောင်းသား မိုဟာမက်ဆူကီလာက “Majelis Mujahiddin Indonesia အဖွဲ့ဟာ တူရကီမှာ ရှိပြီး ကျောင်းသားတစ်ဦးကို ချည်းကပ်ခဲ့ပါ တယ်။ကြားခံလူတစ်ယောက်ဆီကနေ ဆက်သွယ်လာတာဖြစ်လို့ ကမ်းလှမ်းလာတဲ့ သူတွေကိုတော့ မသိပါဘူး” ဟု ပြောကြားသည်။



  အင်ဒိုနီးရှားကျောင်းသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံသားများအား ဖော်ဖော်ရွေရွေဆက်ဆံတတ်မှု အပေါ် စစ်သွေးကြွများက အသုံးချခြင်းဖြစ်ကြောင်း မိုဟာမက် ဆူကီလာက ပြောကြားသည်။

“အထက်တန်းကျောင်းသားတစ်ယောက်နဲ့ ပထမနှစ်တက္ကသိုလ် ကျောင်းသားတစ်ယောက် စစ်သွေး ကြွအုပ်စုထဲကို ပါသွားပါပြီ။ သူတို့ရဲ့ သူငယ်ချင်းတွေက အင်ဒိုနီးရှားမှာရှိတဲ့ စစ်သွေးကြွအုပ်စုတွေနဲ့ အဆက်အသွယ်ရှိပါတယ်” ဟု မိုဟာမက်ဆူကီလာက ပြောကြားသည်။
Ref:AFP



From:Mizzima

www.mmdailystar.com

တရားရုံးအတွင်း လိင်ဆက်ဆံတာ မိသွားတဲ့နောက် အရှက်ကွဲခဲ့ရပေမဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နေတဲ့ တရားသူကြီးနှစ်ဦး



California တရားသူကြီးနှစ်ဦး သူတို့ အခန်းထဲ လိင်ဆက်ဆံမှုကြောင့် အပြစ်ပေးခြင်းခံခဲ့ကြပါတယ်။ Orange County အကြီးတန်းတရားသူကြီး Scott Steiner ဟာ တရားရုံးခန်းတစ်ခုမှာ အမျိုးသမီးတစ်ဦးနဲ့ လိင်ဆက်ဆံခဲ့ပြီး  အမှုရင်ဆိုင်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။
Kern County အကြီးတန်း တရားသူကြီးတစ်ဦးဖြစ်တဲ့ Cory Woodward ဟာလည်း သူ့အခန်းထဲမှာအိမ်ထောင်သည် တရားရုံးစာရေးမတစ်ဦးနဲ့ အိပ်ခဲ့ပြီး ၎င်းအကြောင်းစုံကို သူ့ အကြီးအကဲများအား လိမ်လည်ပြောဆိုခဲ့ပါတယ်။

အကြီးလေးဆုံး ပြစ်ဒဏ်ပေးခြင်းက ရာထူးကနေ ဖယ်ရှားခြင်းလို့  အဲဒီတရားသူကြီးနှစ်ဦးကို တရားစီရင်ရေးအဖွဲ့တစ်ခုက လူသိရှင်ကြား ပြစ်တင်ပြောဆိုခံခဲ့ပါတယ်လို့ Los Angeles Times သတင်းက ဖော်ပြထားပါတယ်။
Commission on Judicial Performance လို့ လူသိများတဲ့ အဲ့ဒီတရားစီရင်ရေးအဖွဲ့ကို တရားကြီး(၃) ဦး၊ ရှေ့နေ(၂) ဦး၊ အဖွဲ့ဝင် (၆) ဦးတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
Steiner နဲ့ ပတ်သက်ပြီး ၎င်းကော်မရှင်ပြောဆိုခဲ့ရာမှာတော့ သူ့အပြုအမူဟာ တရားရုံးရဲ့ သိက္ခာနဲ့ စည်းမျဉ်းစည်းကမ်းကို မလေးမစားလုပ်ရာရောက်သည့်အပြင် အများအမြင်မှာ သူ့အဆင့်အတန်းကိုလည်း ကျဆင်းစေတယ်လို့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီ အပြုအမူကို သတိထားမိကောင်းထားမိနိုင်တဲ့ တရားရုံးဝန်ထမ်းများအပေါ် လုပ်ငန်းခွင်မှာ ရန်လိုမုန်းတီးစိတ်ဖြစ်စေနိုင်တဲ့ အလားအလာရှိနိုင်တယ်လို့ ၎င်းတရားစီရင်ရေးအဖွဲ့က ပြောပါတယ်။
ကော်မရှင်ရဲ့ ပြောဆိုချက်အရ  Woodward ဟာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်မှာ သူ့ စာရေးမနဲ့အတူ အိပ်ခဲ့ပြီး လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကြံပေးခြင်းရှိခဲ့ကြပေမဲ့ သူမကို ရာထူးကနေ ပယ်ထုတ်ဖို့ ငြင်းဆန်ခဲ့ပါတယ်။
ရုံးလုပ်ငန်းတွေ လုပ်ကိုင်နေစဉ်အတွင်း စာရေးမကို လိင်ကိစ္စအကြောင်းအရာ ရေးထားတဲ့ စာတွေကိုလည်း ပေးခဲ့ပါသေးတယ်။ တရားရုံးအတွင်း လိင်မှုကိစ္စနဲ့ ပတ်သက်နေခြင်းဟာ တရားသူကြီးတစ်ဦးနေနဲ့ တာဝန်ကို မလေးစားရာ ရောက်တဲ့အပြင်၊ အဆိုးဝါးဆုံး မသင့်မလျော်  ပြုမူလိုက်ခြင်းလို့ ၎င်းကော်မရှင်း အဖွဲ့က ရေးသားဖော်ပြခဲ့ပါတယ်။

Source: mirror.co.uk
Trend mYanmar
From:

www.mmdailystar.com

စစ်ခွေးဆိုတာ သိလား... ??

လက်ရှိမှာတော့ ....
ကျွန်တော် နဲ့ တပည့်ကျော်တစ်သိုက် .....
ဌာနေ နဲ့ ဝေသီခေါင်ဖျားကို ရောက်နေချိန်ပေါ့ ....
သွားစရာမရှိ လာစရာမရှိ ဒေသဆိုတော့ ....
ညဆိုရင် မီးဖိုလေးဖိုပြီး ....
တပည့်တွေနဲ့ ....
ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြောကြတယ် …

စစ်သားတွေ စုမိရင်တော့ ....
အများအားဖြင့် …
စစ်အကြောင်းတွေပဲ ပြောဖြစ်ကြတာပေါ့ဗျာ ….

အကြောင်းအရာ တော်တော်များများကတော့ ...
စိတ်ချမ်းသာစရာ သိပ်မရှိလှပါဘူး …
စစ်အတွေ့ ကြုံဆိုတာကလည်း ....
ပျော်စရာထက် စိတ်မချမ်းသာစရာကများပါတယ်လေ…

သူတို့ က ...
သူတို့ တွေ့ ခဲ့ကြုံခဲ့ရတဲ့ ဘ၀အတွေ့ ကြုံလေးတွေ ....
တိုက်ပွဲအတွေ့ ကြုံလေးတွေ ပြောပြကြတယ် …
သူတို့ မသိတာတွေ ကျွန်တော့်ကို မေးကြတယ်…

ကျွန်တော်ကတော့ သူတို့ ကို ....
ဒုတိယကမ္ဘာစစ် အကြောင်း ပြောပြတယ် …
နိုင်ငံတွေ နယ်မြေလုခဲ့ကြကြောင်း....
အင်အားကြီးနိုင်ငံတွေ ....
ကမ္ဘာကို ဘယ်လိုချုပ်ကိုင်ခဲ့ကြကြောင်း ....
အင်အားငယ်နိုင်ငံတွေကို ....
ကိုလိုနီ ဇာတ်သွင်းခဲ့ကြပုံတွေ က အစပြုလို့ ....

မြန်မာနိုင်ငံရဲ့ တပ်မတော်သား သူရဲကောင်းတွေ အကြောင်း ....
မြန်မာပြည်ရဲ့  တစ်ဦးတည်းသော ....
အမျိုးသမီး သူရဘွဲ့ ရှင် သူရမချစ်ပိုရဲ့ အကြောင်း ....
ဗိုလ်မှုးကြီး ဗထူး အကြောင်း ....
သမိုင်းတွင်ခဲ့တဲ့ ဝါးခသစ် တိုက်ပွဲ အကြောင်း ....
ကွမ်လုံ ရက်(၄၀) တိုက်ပွဲအကြောင်းတွေကို ....
ကျွန်တော် ဖတ်ဖူးသမျှ မှတ်ဖူးသမျှတွေထဲ ကနေ ....
စီကာပတ်ကုံး ပြောပြခဲ့ တယ် ….

သူတို့ သိပ်စိတ်ဝင်စား ကြတယ် …
အားလုံး ငြိမ်နေအောင် နားထောင်ကြတယ် …
ကျွန်တော့် တပည့်တွေတင် မကဘူး ....
တစ်ခြားသော တပ်မ တပ်ရင်းတွေကနေ ....
ကျွန်တော်တို့ နဲ့ တူတူ လာနေနေရတဲ့ ...
စစ်သည် တော်တော် များများပါ …
လာ နားထောင်ကြတယ် …

အချိန်နက်လာလေ အရှိန်တက်လာလေပေါ့ဗျာ ….
ပြောတယ်ဆိုတဲ့ နေရာမှာ ....
ကျွန်တော် သူတို့ ခေါင်းထဲကို ရိုက်သွင်းပေးခဲ့တဲ့ .....
အချက်တစ်ချက် ရှိပါတယ် ....
အဲဒါကတော့ ....
စစ်ဆိုတာ ရွံမုန်းစရာ ကောင်းတယ် ဆိုတဲ့အချက်ပါ …

ကျွန်တော်ချည်း ပြောနေရင်းနဲ့ ....
စကားဝိုင်း အပြောင်းလဲလေးဖြစ်အောင် ...
သူတို့ ကိုပြန်ပြီး အလှည့်ပေးလိုက်တယ်....

" ဟိုကောင် မင်း ကာကွယ်ရေးဦးစီးချုပ်ကို သိလား "

" ဟုတ်..ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ပါ "

"ဟိုကောင် စစ်တိုင်း ဘယ်နှစ်တိုင်းရှိလဲ"

"မသိဘူး ခင်ဗျ"

"ဟိုကောင် စစ်ရေးချုပ်က ဘယ်သူလဲ"

"ဟို..မသိဘူး ခင်ဗျ"

"နောက်တစ်ယောက် ဒကစ ဆိုတာဘာလဲ"

"မသိဘူးခင်ဗျ"

"ကောင်းကွာ..မင်းတို့ မှမသိရင် ....
သာမာန် ပြည်သူကို ဘယ်လိုရှင်းပြမလဲ"

"ဗိုလ်ကြီးပြောလဲ ခံရမှာပဲ ...
ကျွန်တော်တို့ အားလုံး ပေါင်းလို့ ....
ဗိုလ်ကြီး ဘွဲ့ တစ်ဘွဲ့ စာ မရှိပါဘူး ဗိုလ်ကြီးရယ် ....
ကျွန်တော်တို့ သိတာ MA1 ရယ် ....
ဖက်ထိပ် ရယ် ....
ပဲဟင်း ရယ် ....
တပ်ရင်းမှူး ရယ် ....
ဒါပဲသိတာ ဗိုလ်ကြီးရ"

"ဒါဆို မင်းတို့ စစ်ခွေးဆိုတာသိလား"

အားလုံးငြိမ်သွားသည် ….
သူတို့ မျက်နှာတွေ ....
သိသိသာသာ ငိုင်ကြသွားကြသည် …
ကျွန်တော်လဲ စိတ်မကောင်းဖြစ်သွားသည် …
ပြီးတော့ ဘာကို ဒေါသထွက်မှန်းမသိ ....
ခံပြင်းမှုတစ်ခု ဖြစ်သွားသည် ….

" တပည့် တစ်ယောက် က ဖြေတယ် …"

" ဒါကတော့ သိတယ် ဗိုလ်ကြီး …
ဒါ … ကျွန်တော်တို့ ကို ခေါ်တာ မဟုတ်လား ….

From:Htoo Wai

www.mmdailystar.com

KIA တပ်ဖွဲ့ဝင်အချင်းချင်း အရက်မူးပြီး ပစ်ခတ်သတ်ဖြတ်မှုကြောင့် အရာရှိအပါအ၀င် ၂ ဦး သေဆုံး

 
 ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့နယ်ခွဲ၊ ဖီထကျေးရွာရှိ လမ်းဘေးအရက်ဆိုင်၌ စက်တင်ဘာ၂ ရက် နေ့လည် ၃ နာရီ ခွဲခန့်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) တပ်ဖွဲ့အချင်းချင်းပစ်ခတ်သတ်ဖြတ် မှု ဖြစ်ပွားခဲ့ရာ တပ်ဖွဲ့ဝင်(၂)ဦး သေဆုံးခဲ့ကြောင်း


ယင်းဒေသခံများထံမှ သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်မှာ အရက်ဆိုင်တွင် အရက်သေစာ သောက်စားမူးယစ်နေသော KIA တပ်ဖွဲ့ဝင်တစ်ဦးအား ၎င်းထက်ရာထူးကြီးသော တပ်ဖွဲ့ဝင်တစ်ဦးမှ လာရောက်ခေါ်ဆောင်စဉ် သေနတ်ဖြင့် ပစ်သတ် လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ အရက်သောက်ပြီး သောင်းကျန်းနေတာက တပ်သား မာဒွတ်ပါ၊ သူ့ကို တပ်ကြပ်ကြီး ဇော်လီ က လာခေါ်တာ ကို မကျေမနပ်ဖြစ်ပြီး ပစ်သတ်လိုက်တာပါ၊ နောက်ထပ်လာခေါ်တဲ့ အရာရှိတစ်ယောက်ကို လည်း ပစ်သတ်လိုက်တယ်” ဟု မျက်မြင်ရွာသားတစ်ဦးက ပြောသည်။

တပ်သားမာဒွတ်သည် ၎င်းအား လာခေါ်သော တပ်ကြပ်ကြီး ဇော်လီအား ပစ်ခတ်သတ်ဖြတ်ပြီးနောက် ထပ်မံလာခေါ်သော ဒုဗိုလ် ဇော်ဒွဲကိုလည်း ပစ်ခတ်ခဲ့ရာ နေရာ၌ ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။

“ အဲ့ဒီလို ပစ်သတ်ပြီး မာဒွတ်က ထွက်ပြေးသွားတယ်၊ စခန်းက တပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လိုက်ရှာနေ ကြ တာ မြင်တယ် ” ဟု ဖီထရွာသားတစ်ဦးက ပြောသည်။

အချင်းချင်းပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားသော KIA တပ်ဖွဲ့ဝင်များမှာ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁)မှ ဖီတာ ဘွမ်စခန်းတွင် တာဝန်ထမ်းဆောင်နေသော ဒုဗိုလ် ဇော်ဒွဲ ဦးစီးအဖွဲ့ဖြစ်ကြောင်း သိရသည်။

KIA တပ်ဖွဲ့ဝင်အရာရှိနှင့် တပ်ကြပ်ကြီးအား ပစ်ခတ်သတ်ဖြတ်ပြီး ထွက်ပြေးသွားသော တပ်သား မာဒွတ်အား စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်တောင်ကုန်းအနီး၌ လက်နက်ခဲယမ်း များနှင့် အတူ ဖမ်းဆီး ရမိပြီး တပ်ရင်း(၁)အင်ဘာပါသို့ ခေါ်ဆောင်သွားကြောင်း မျက်မြင် ရွာသားအချို့ထံမှ သိရှိရပါသည်။


From: Kachin Daily News

www.mmdailystar.com

လက်နက်ကိုင် တပ်ဖွဲ့တွေ ကာကွယ်စောက်ရှောက်မှု နဲ့အတူ မိုင်းလားမှာ ကြီးထွားနေတဲ့ ပြည့်တန်ဆာ လုပ်ငန်း


မိုင်းလား မြို့လယ်ကောင်မှ ပြည့်တန်ဆာများ (ဓာတ်ပုံ – နန်းဆိုင်နွမ် / ဧရာဝတီ)


မြန်မာနိုင်ငံရှိ ဥပဒေများအရ ပြည့်တန်ဆာ လုပ်ငန်းသည် တရားဝင်လုပ်ငန်း မဟုတ်သော်လည်း ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်မြို့ ဖြစ်သည့် မိုင်းလားတွင် ပြည့်တန်ဆာလုပ်ငန်းက တရားဝင် အလွယ် တကူ ထိတွေ့ လုပ်ကိုင်နိုင်သော လုပ်ငန်းတခု ဖြစ်နေသည်။

မိုင်းလားမြို့လယ်ကောင် တံတား ၂ ခု တွင် ဒါဇင်နှင့်ချီသော တရုတ် ပြည့်တန်ဆာများရှိနေပြီး အဝတ်အစား မလုံ့တလုံ ဝတ်ထားသည့် အမျိုးသမီး များက သူတို့၏ ကိုယ်ခန္ဓာအလှအပ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များဖော်ပြ ထားသည့် လိပ်စာကတ်များကို သူတို့အနီးအနားမှ ဖြတ်သန်းသွားလာသူ မှန်သမျှကို လိုက်လံဝေငှပေးနေ သည်။

အလုပ်ဖြစ်နိုင်သည့် ဖောက်သည် အမျိုးသား များ ရောက်လာပြီဆိုလျှင် သူတို့က စတင်ဈေးညှိကြ သည်။ များသောအားဖြင့် အပြန်အလှန် ပြောဆိုမှု အတွက် ဒေသခံအများစုသုံးစွဲကြသည့် တရုတ်ဘာသာ စကားကို အဓိကအသုံးပြုကြသည်။ ဈေးတည့်သွား ပြီဆိုလျှင်တော့ မိုင်းလားမြို့ရှိ ဟိုတယ်တခုဆီသို့ ရောက်ရှိသွား ကြသည်။ မိုင်းလားမြို့သည် မြန်မာ နိုင်ငံ အရှေ့ပိုင်းမှ အထူးဒေသ (၄) ဟု သိကြသည့် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) အုပ်ချုပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ မြို့တော်ဖြစ်သည်။

ပြည့်တန်ဆာလုပ်ငန်းသည် အိမ်နီးချင်း ထိုင်း နိုင်ငံ၊ ဥရောပမှ နယ်သာလန်နိုင်ငံ အစရှိသည့် ကမ္ဘာ့နေရာ အချို့တွင် တရားဝင် လုပ်ကိုင်ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ တရားမဝင် လုပ်ငန်းအဖြစ် ဆက်လက် ရပ်တည်နေဆဲဖြစ်သည်။

မိုင်းလားတွင် လောင်းကစားနှင့် တိရစ္ဆာန်များ ကုန်သွယ်ခြင်းနှင့်အတူ ပြည့်တန်ဆာလုပ်ငန်းသည် လည်း ကြီးထွားရှင်သန်နေသည်။ တရုတ်နိုင်ငံဘက်မှ ရောက်လာကြသည့် ဧည့်သည်များကြောင့် ပြည့်တန် ဆာ လုပ်ငန်းက ပိုမိုကြီးထွားလာခဲ့ပြီး ကိုယ်ခန္ဓာကို အရင်းအနှီးပြု၍ စီးပွားရှာဖွေသူ ပြည့်တန်ဆာ အမျိုးသမီး အမြောက်အမြား ရှိလာ သည်။

မြန်မာနိုင်ငံမှ လူကုန်ကူးခံရ သည့် သားကောင်များသည် တရုတ် နိုင်ငံသို့ ရောက်ရှိသွားသည်က များ သော် လည်း မိုင်းလားမှာတော့ ပြောင်းပြန် ဖြစ်နေသည်။ တရုတ် အမျိုးသမီး ပြည့်တန်ဆာများသည် မိုင်းလား မြို့သို့ ဝင်ရောက်၍ စီးပွား ရှာဖွေကြသည်။

၂၀ဝ၈ ခုနှစ် စီချွမ်ငလျင်သည် တရုတ် အမျိုးသမီးများကို မိုင်းလားတွင် လိင် အလုပ်သမအဖြစ် အသက်မွေးရန် တွန်းပို့စေခဲ့သော အကြောင်းအရင်းတရပ် ဖြစ်သည်ဟု မိုင်းလား ဒေသခံ ရွှေကုန်သည် ရှမ်းတိုင်းရင်းသူ အမျိုး သမီး တဦးက ပြောသည်။

မြန်မာနိုင်ငံတွင်လည်း နာဂစ်မုန်တိုင်းကြောင့် အမျိုးသမီး အမြောက်အမြား စားဝတ်နေရေး ကျပ် တည်း ဘဝ ပျက်၍ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိခဲ့ရသည့် နည်းတူပင် စီချွမ်ငလျင်ကြောင့် ဒုက္ခဖြစ်၍ ကျန်ရစ် ခဲ့သော ခိုကိုးရာမဲ့ တရုတ်အမျိုး သမီးများ ပြည့်တန်ဆာလုပ်ငန်းအတွင်းသို့ ရောက်ရှိ ခဲ့သည်။

တရုတ်လုပ်ငန်းရှင်များသည် တရုတ်အမျိုးသမီး များကို မိုင်းလားတွင် အလုပ်အကိုင် ရရှိနိုင်မည်ဟု ဆွဲဆောင် သိမ်းသွင်းပြီး နယ်စပ်ကို ဖြတ်ကျော်ခေါ် ဆောင်လာခဲ့ရင်း မိုင်းလားရောက်ရှိချိန်တွင် ပြည့် တန်ဆာများအဖြစ် အသွင်ပြောင်းခံရမှုများရှိသည်။

“သူတို့ကို ၁ လလောက် အလုပ်ထဲကို မသွင်း သေးဘူး။ သူတို့ကို အလှပြင်ဆိုင်တွေမှာ နေခိုင်း တယ်။ အလှပြင်ပေးပြီး နောက်ဆုံးမှာတော့ ပြည့် တန်ဆာလုပ်ဖို့ သူတို့ သဘောတူလိုက်ရတယ်” ဟု ဒေသခံ ရှမ်း အမျိုးသမီးတဦးက ပြောသည်။

မိုင်းလားဒေသ အာဏာပိုင်များကလည်း တရုတ်လူမျိုးများ နေ့စဉ် တရားမဝင် လာရောက်နေ သည်ကို အရေး မယူဘဲ ကြည့်နေခဲ့သဖြင့် တရုတ် အမျိုးသမီးများ ဗီဇာမရှိဘဲ မိုင်းလားဒေသသို့ ဝင် ရောက်လာပြီး ပြည့်တန်ဆာ လုပ်နေကြသည်။

“သူတို့က လူမြင်ကွင်းမှာပဲ ဆွယ်နေကြတာ။ ဒါပေမယ့် သူတို့ဘာမှမဖြစ်ဘူး။ အရေးမယူဘူး။ တရားမဝင် နေတာတောင်မှ လွတ်လွတ်လပ်လပ် နေလို့ရတယ်။သူတို့က မိုင်းလားအဖွဲ့တွေနဲ့ တည့်အောင်နေတယ်။မိုင်းလား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကပဲ သူတို့ကို အကာကွယ်ပေးတာပေါ့” ဟု မိုင်းလားဒေသခံတဦးဖြစ်သော ကိုမင်းသူက ပြော သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားအထူးဒေသ ၄ ကိုအုပ်ချုပ်နေသည့် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မှ ကိုယ်စားလှယ်တဦးကို တွေ့ဆုံ မေးမြန်းခွင့်ရရန်  မေတ္တာရပ်ခံခဲ့သော် လည်း ငြင်းပယ်ခံခဲ့ရသည်။

ပြည့်တန်ဆာများက မိုင်းလား မြို့လယ်ကောင် လမ်းမများပေါ်တွင်သာ ဖောက်သည်ရှာကြသည် မဟုတ်ဘဲ မိုင်းလား မြို့ရှိ ဟိုတယ်ခန်းများတွင်လည်း ပြည့်တန်ဆာများ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များပါဝင်သည့် လိပ်စာ ကတ် များ လာရောက်ပစ်ချပေးခြင်းဖြင့် လည်း ဖောက်သည်ရှာကြသည်။ မိုင်းလားမြို့ရှိ တချို့ ဟိုတယ်များက ပြည့်တန်ဆာ များ၏ ဓာတ်ပုံနှင့် ဖုန်းနံပါတ်များကို ဟိုတယ်ခန်းများတွင် ကြော်ငြာပုံစံ ချိတ်ဆွဲဖော်ပြပေးထားပြီး ယင်းသို့ ဖော်ပြမှုအတွက် ပြည့်တန်ဆာများထံမှ ပိုက်ဆံယူလေ့ရှိသည်ဟု သိရှိရသည်။

ပြည့်တန်ဆာ အများစုသည် တရုတ်အမျိုးသမီး များဖြစ်သော်လည်း မိုင်းလားတွင် မြန်မာပြည့်တန်ဆာ အမျိုး သမီး များလည်း ရှိနေပါသည်။ မြန်မာအမျိုးသမီး ပြည့်တန်ဆာများကမူ တရုတ်ပြည့်တန်ဆာများကဲ့သို့ မဟုတ် ဘဲ အအေးဆိုင်ဟု အမည်တပ်ထားသည့် ဆိုင်များအတွင်းတွင် ဖောက်သည်များကိုစောင့်ဆိုင်း
နေတတ် ကြ သည်။ သူတို့၏ ဖောက်သည်အများစုမှာ တရုတ်လူမျိုးများ ဖြစ်သည့်အတွက် ဈေးနှုန်းညှိနှိုင်း ရာတွင် ဘာသာ စကား အခက်အခဲနှင့် ကြုံတွေ့ရလေ့ ရှိသည်ဟု သိရှိရသည်။ သို့သော်လည်း သူတို့၏ ဝင်ငွေ သည်လည်း နည်းပါး ခြင်းမရှိဟု ပြည့်တန်ဆာ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောပြသည်။

မြန်မာအမျိုးသမီး ပြည့်တန်ဆာ အများစုသည် ရန်ကုန်မှ လာရောက်သူများဖြစ်ကြပြီး ရန်ကုန်ထက် ပို၍ ငွေရှာနိုင် ခြင်းကြောင့် မိုင်းလားသို့ လာရောက် အလုပ်လုပ်ကြခြင်းဖြစ်သည်။ မိုင်းလားတွင် တလ လျှင် ယွမ်ငွေ ၂၅၀ဝ (မြန်မာငွေ ကျပ် ၄၀ဝ၀ဝ၀ ခန့်) မှ ယွမ် ၄၀ဝ၀ (မြန်မာငွေ ကျပ် ၆၄၀ဝ၀ဝ ခန့်) အထိ ရရှိနိုင်သည်ဟု မြန်မာ အမျိုးသမီး လိင် အလုပ်သမတဦးဖြစ်သူ မခိုင်က ပြောပြသည်။

“ပြီးခဲ့တဲ့ ၂ လလောက်ကမှ ကျမရောက်လာ တာ၊ ဒီမှာက ရန်ကုန်မှာထက် ပိုက်ဆံပိုရှာလို့ ရတယ်” ဟု ရန်ကုန်သူ မခိုင်က ပြောဆိုသည်။
 
From:OE

www.mmdailystar.com

ရင်သားခွဲစိတ်မှု၊ ၁၈ ဒေါ်လာတန် ဘရာစီယာနှင့် မပြီးဆုံးသေးသော သရဖူတိုက်ပွဲ



သရဖူခိုးယူထွက်ပြေးတိမ်းရှောင်နေသူအဖြစ် နိုင်ငံတကာမီဒီယာများ၏ရေးသားမှု ခံနေရသောမေမြတ်နိုးက ကိုရီးယားအဖွဲ့အစည်းအနေဖြင့် မြန်မာနိုင်ငံနှင့် မိမိ၏ ဂုဏ် သိက္ခာကို ထပ်မံထိခိုက်လာမည်ဆိုပါက တရားဥပဒေအရသာ ပြောဆိုတော့မည်ဟု တရားဝင်တုံ့ပြန်လိုက်သည်။

အလှမယ်တစ်ဦး၏ စိတ်နေစိတ်ထား နှင့် အရည်အချင်းမရှိခြင်းအပါအဝင် သရဖူပြန်လည်ရုပ်သိမ်းသည့် အချက်အလက်များစွာကို ကိုရီးယားအဖွဲ့အစည်းမှ ထုတ်ပြန် ခဲ့ပြီး နောက် မေမြတ်နိုးအနေဖြင့် အသက်လိမ်လည် ယှဉ်ပြိုင်ခဲ့ခြင်း၊ ရင်သားခွဲစိတ်ပြုပြင်ခံခဲ့ခြင်း နှင့် အရှက်သိက္ခာထိခိုက်စေသော ပြောဆိုမှုများကို ကိုရီးယားအဖွဲ့ အစည်းဘက်မှ မီဒီယာများတွင် ဆက်တိုက်ပြောဆိုခဲ့သည်။ ယင်းအတွက် စက်တင်ဘာလ ၂ ရက် နေ့တွင် ဦးဝိစာရလမ်းရှိ The House of Memories စားသောက် ဆိုင်၌ မီဒီယာတွေ့ဆုံပွဲပြုလုပ်ပြီး မေမြတ်နိုးက အဆိုပါ ပြောဆိုရေးသားမှုများသည် ၎င်းအပေါ် တစ်ဖက်သတ် စွပ်စွဲပြောဆိုမှုများ သာဖြစ် သည်ဟု ငြင်း ဆိုလိုက်ခြင်းဖြစ် သည်။

မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့အတွက် နေထိုင်စားသောက်ရန် စီစဉ် ပေးမည်ဆိုသော်လည်း ၎င်းတို့သည် ကိုရီးယားနိုင်ငံ ဘူဆန်ရှိ လူပြတ်သော နေရာ တစ်ခုတွင် နေ ထိုင်ခဲ့ရကြောင်း ရှင်းပြခဲ့သည်။ ထို့ပြင်မူလက ထုတ်ပေးမည်ဟုဆိုခဲ့သည့် Kpop လေးယောက်တွဲသီချင်းခွေ အစီအစဉ်သည်လည်း ပြောင်းလဲသွားခဲ့ပြီး ၎င်းတစ်ဦးတည်း အတွက် စီစဉ်ပေးမည်ဟု ဆိုခဲ့ကြောင်း မေမြတ်နိုးက ပြောသည်။ ထိုသို့ လုပ်ဆောင်ရန် မေမြတ်နိုး အနေဖြင့် ခေါင်းအစခြေအဆုံး ပလပ်စတစ်ဆာဂျရီ လုပ်ရ မည်ဖြစ်ပြီး ငြင်းဆန်ခွင့်မရှိကြောင်း ကိုရီးယားအဖွဲ့အစည်းမှ ပြောဆိုသည် ဟုဆိုသည်။

ယင်းအတွက်လိုအပ်သော ကုန်ကျစရိတ်နှင့် နေထိုင်စားသောက် စရိတ်များအတွက် ကိုယ်တိုင် စပွန်ဆာရှာရမည်ဟု ပြောဆိုခဲ့ကြောင်းလည်း သူက ပြောသည်။”စပွန် ဆာရှာတဲ့အခါ ကိုယ့်ဘာသာရှာရမယ်။ ရှာတဲ့အခါမှာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အဖော်အဖြစ် သူတို့လိုအပ်တဲ့အချိန်တိုင်းမှာ ရှိနေပေးရမယ်လို့ပြောပါ တယ်” ဟု မေမြတ်နိုးက ကြုံတွေ့ခဲ့ရသည့် အခြေအနေများကို ရှင်းပြခဲ့သည်။ ရင်သားခွဲစိတ်မှုခံခဲ့သည်ဟု လက်ရှိထွက်ပေါ်နေသော သတင်းများကိုမူ မေမြတ်နိုးက ခွဲစိတ် ခံခဲ့ခြင်း မရှိဟု ငြင်းဆိုခဲ့သည်။

”ရင်သားကို မခွဲစိတ်ခဲ့ပါဘူး။ အသက်အရွယ်အရ၊ အရှက်သိက္ခာအရ ထိန်းသိမ်းနေရလို့ ဒါကို ဒီလောက်ပဲ ပြောနိုင်တာပါ”ဟု မေမြတ်နိုးက ဆိုခဲ့သည်။ ၎င်းအပြင် ရင် သား ခွဲစိတ်ပြု ပင်ပြီးနောက် အတွင်းခံအကျီဝယ်ရန်သူနာပြုထံမှ ၁၈ ဒေါ်လာ ချေးယူခဲ့ခြင်းဖြင့်အဖွဲ့ကို အရှက်ရစေခဲ့ကြောင်း ကိုရီးယားအဖွဲ့အစည်းဥက္ကဋ္ဌ ဝိုင်စီချွိုင် ၏ ပြော ဆိုမှုကိုလည်း မေမြတ်နိုးက ”ဖြစ်နိုင်မဖြစ်နိုင်အားလုံးပဲ စဉ်းစားကြည့်ပါ။ တကယ်တော့ မြတ်နိုးတို့ကို စားစရာလည်း ဘာမှပေးမထားတဲ့အတွက် အမေပါလာ တဲ့ ဒေါ် လာကို ကိုရီးယားငွေနဲ့ လဲခိုင်းခဲ့တာပဲရှိပါတယ်”ဟု မေမြတ်နိုးက ဖြေရှင်းခဲ့ပြီး ရင်သားခွဲစိတ်မှု မလုပ်ခဲ့ကြောင်းကို ထပ်မံအတည်ပြု ပြောဆိုခဲ့သည်။

အသက်လိမ်လည်ခဲ့သည် ဟူသော ပြောဆိုမှုကိုမူ ”မြတ်နိုး ဒီပြိုင်ပွဲကို စဝင်ကတည်းက ဆရာနဲ့ ဆရာမ ကမ်းလှမ်းခဲ့တဲ့အချိန်မှာ သန်းခေါင်စာရင်းက အစပြရတာပါရှင်။ စာရွက်စာ တမ်းပြတဲ့အချိန်မှာ မြတ်နိုး ၁၉၉၈ မှာ မွေးတာ မှန်ပါတယ်။ အဲဒါ သူတို့သိ ပါတယ်။ အသက်မပြည့်တာ သိပေမယ့် ရပါတယ်။ သမီးဝင်ပြိုင်ပါ။ ဆရာမတို့ ဘက် က အပြည့်အဝ တာဝန်ယူပါတယ် ပြောတယ်။ သမီးဘာမှ စိတ်ပူစရာမလို ဘူး။ ဖောင်ကိုလည်း သူတို့ပဲဖြည့်ခဲ့တာပါ” မေမြတ်နိုးကပြောသည်။

ထို့ပြင် ”စီစဉ်ပြီးမှသာ မြတ်နိုးက ၁၈ နှစ်လို့ လုပ်ထားတာ သိရတာပါ။ သူတို့ကိုမေးတော့ သမီးကို ၁၈ နှစ်လို့ တင်လိုက်တဲ့အတွက် သမီးလည်းဆရာမ တို့ဂုဏ်ဆယ်တဲ့ အနေနဲ့ ဆရာမတို့လည်း အရှက်မကွဲအောင် သမီးလည်း ၁၈ နှစ်ပါလို့ မီဒီယာတွေကို ပြောပါတောင်းဆိုလာတာကို ငြင်းပယ်ခွင့် မရှိခဲ့ပါဘူး။ နေရှယ်နယ် ဒါရိုက်တာ ဖြစ်တဲ့ အတွက် အပြည့်အဝ စကားနားထောင်မယ်ဆိုတဲ့ အချက်တစ်ခုကြောင့်ဖြစ်ရတာပါ”ဟု မေမြတ်နိုးက ပြောခဲ့သည်။

ဤပွဲပြုလုပ်၍ ရှင်းလင်းမှုများအရ မေမြတ်နိုးအနေဖြင့် National Director ဒေါ်လှနုထွန်း၏ မကောင်းပြောဆိုမှုများနှင့် ကိုရီးယားအဖွဲ့အစည်း ၏ပြောဆိုစွပ်စွဲမှုများ အပြင် နိုင်ငံတကာ မီဒီယာများ၏ ရေးသားမှုများမှာ လုံးဝမှားယွင်းကြောင်း၊ မိမိဘက်မှာ တစ်စုံတစ်ရာမှားယွင်းမှုမရှိဟု တရားဝင်ပြောဆိုနိုင်ပါ သလားဟု ပေါ်ပြူလာ နယူးစ်၏ မေးမြန်းမှုကိုမူ မေမြတ်နိုးက ”ဒါကတော့ မြတ်နိုးအခုပြောတာတွေကို စဉ်းစားကြည့်ရင် သိမှာပါ” ဟုသာ ဖြေဆိုခဲ့သည်။

ထို့ပြင်ယခုကဲ့သို့ ၎င်းတစ်ဦးတည်း အနေဖြင့်ပြုလုပ်ရှင်းလင်းခြင်းတွင် မလိုလားအပ်သော ဥပဒေအကြောင်းခြင်း ရာများဖြစ်ပေါ်လာနိုင်၍ သက်ဆိုင်ရာအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဖြေရှင်းမှုမျိုး ပြုလုပ်ရန် ရှိမရှိ မေးမြန်းမှုကိုလည်း မေမြတ်နိုး ၏ မိခင်ဖြစ်သူ ဒေါ်စန်းစန်းထွေးက ”ဒါကတော့ ဟိုဘက်က ဆက်ပြီး ဘယ် လို ပြောနေဦးမလဲ။ လုပ်မလဲဆိုတဲ့ အပေါ်မူတည်ပြီး လုပ်သွားပါမယ်။ ကျွန်မတို့ မှားထားတာ မရှိတဲ့အတွက် သူတို့ ပြောနေ သလို တောင်းပန်ဖို့တော့ မရှိပါဘူး။ သူတို့ဘက်က တောင်းပန်ရင်တော့ ဒီသရဖူကို ပြန်လွှဲပေးမှာပါ”ဟု ဖြေဆိုခဲ့သည်။ မေမြတ်နိုးကလည်း ”အမျိုးသမီးတွေကို စော်ကားတဲ့ အဖွဲ့အစည်း က ပေးတဲ့ သရဖူ ကိုမလိုချင်ဘူး။မြတ်နိုးအခု ယူထားတယ် ဆိုတာကလည်း ဂုဏ်ရှိ တယ်လို့ မထင်ဘူး။ အကယ်၍ သူတို့ ဘက်က မတောင်းပန်လာဘူး။ ထပ်ပြီး မြန်မာနိုင် ငံရော၊ မြတ်နိုး ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်မယ်ဆိုရင် တရားဥပဒေအရစကားပြောရမယ်”ဟု တုန့်ပြန်လိုက်သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ National Director ဖြစ်သူ ဒေါ်လှနုထွန်းကို မေမြတ်နိုးပွဲပြုလုပ်ပြီး နေ့လယ်တွင် ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာတွင် ”ရင်သားခွဲ စိတ်မှုကို ဟိုဘက်ကတော့ စာရွက်စာတန်းတွေနဲ့ ခွဲစိတ်ပါတယ်လို့ပြောတယ်။ ကိုရီးယားဘူ ဆန်ဆေးရုံမှာပါ”ဟု ဆိုသည်။ ထို့ပြင် မေမြတ်နိုးသရဖူရပြီး ကိုရီး ယားနိုင်ငံသို့ ဒုတိယအကြိမ်သွားရောက်ရာတွင် ၎င်းတို့လိုက်ပါခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။

”ပွဲကပြန်လာတော့ သူက လှနုကို ပြောပါတယ်။ ဆရာမရဲ့တင်းကျပ်တဲ့ စည်းကမ်းအောက်မှာဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘယ်လိုဝတ်နေခဲ့ပြီးပြီ။ သရဖူလည်းရ လာပြီးပါပြီ ။ ရှေ့ဆက်ပြီးတော့ ထပ်ပြီးမချုပ်ချယ်မထိန်းပါနဲ့တော့လို့ ပြောတယ်။ လှနုက National Director အနေနဲ့ ထိန်းချုပ်မိတာပါ။ သူအဲဒီလိုတောင်းဆိုတော့ ကိုရီးယား ဘက် က Organization နဲ့ အဆင်မပြေရင် သရဖူကိုပြန်သိမ်းခိုင်းပါတယ်။ လှနုက မလုပ်ပါနဲ့သရဖူတော့ မသိမ်းပါနဲ့။ လှနုပဲ နောက်ဆုတ်မယ်။ ဒီသရဖူကိုတော့ မသိမ်း ပါနဲ့ တောင်းပန်ခဲ့တယ်။ပြီးသွား ပြီ။ အခုဘာလို့ ဒီလိုဖြစ်သွားတာလဲ လှနုဘာတစ်ခုမှမသိခဲ့ပါဘူး”ဟု ဒေါ်လှနုထွန်းက ပြောသည်။

ထို့ပြင် အသက်မပြည့်ဘဲ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအတွက်လည်း မေမြတ်နိုး၏ မိခင်ဖြစ်သူက အသက်မပြည့်သေးသော် လည်း ပြဿနာ မရှိနိုင်ကြောင်းနှင့် လုပ် ဆော င်ေ ပးပါရန်ပြော၍ လုပ်ပေးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်လှနုထွန်းက ဆိုသည်။ အဆိုပါပွဲတွင် ကိုရီးယားအဖွဲ့ မှ ပြောဆိုသကဲ့သို့သရဖူမှာ ဒေါ်လာ သိန်းချီတန်သည့် အနေ အ ထား ရှိ မရှိကို တက်ရောက်လာသည့် မီဒီယာများအား ကြည့်ရှုစေခဲ့ပြီး မေမြတ်နိုးက ”သရဖူက သူတို့ ကုန်ကျတာလည်း မဟုတ်သလို အဲလောက်တန်ဖိုးရှိတာမျိုး မဟုတ် ပါ ဘူး။ တစ်ယောက်က စပွန်ဆာပေးတဲ့ဟာပါ”ဟု ဆိုသည်။

၎င်းအပြင် ပြိုင်ပွဲဦးစီးကျင်းပသည့် Miss Asia Pacific World သည် လေးနှစ်သာရှိသေးသည့် သက်တမ်းအတွင်း အငြင်းပွားမှု အမြောက်အမြားရှိခဲ့ သည့်အဖွဲ့ဟူ သည် ကိုလည်း ၎င်းတို့အနေဖြင့် ကြိုတင်သိရှိခဲ့ခြင်းမရှိပါဟုလည်း မေမြတ်နိုးနှင့် မိခင်ဖြစ်သူတို့က ဆိုသည်။ လက်ရှိအချိန်တွင် ကာယကံရှင် ဖြစ်သော မေမြတ်နိုး၊ Miss Asia Pacific World Super Talent Organization နှင့် National Director ဒေါ်လှနုထွန်းတို့ အသီးသီး ပြောဆိုမှုများမှာ ဆန့်ကျင်ကွဲလွဲနေဆဲ ဖြစ်သည်။

အောင်ခွန်းဆက်၊ ထူးထူး

From: Popular News

www.mmdailystar.com

သာသနာဖျက်များကို ဝိုင်းဝန်းတိုက်ဖျက်ကြပါ

ရန်ကုန်မြို့ပေါ်မှာ ဘယ်လောက်ပဲအော်အော် ပျောက်ကွယ်မသွားသေးတဲ့ ကိစ္စတစ်ရပ်ကို ဒီနေ့ ကြုံတွေ့ရခဲ့ရ ပြန်ပါတယ်။ ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ စိတ်မကောင်းလွန်းလို့ ဒီစာကို ရေးမိတာပါ။ သာသနာတော်ကို ညှိုးနွမ်းစော်ကားလိုစိတ် မရှိပါဘူး။

ကုန်သည်လမ်းဘက်ကို ရောက်ချိန်မှာ ရဟန်းဝတ်နှစ်ပါးကို တွေ့လိုက်ရပါတယ်။ မြင်လိုက်ကတည်းက အခြေအနေ မကောင်းလို့ (ဒါမျိုးကြုံတွေ့ဖူးပေါင်းများ
လို့) ရှောင်ကွင်းပြီးထွက်ခါမှ နောက်ကနေ ‘ဟေ့ ဒကာ… ဟေ့ ဒကာ’ လို့လိုက်ခေါ်တာ ခံလိုက်ရပါတယ်။ ကျွန်တော်လည်း လှည့်ကိုမကြည့်ဘဲ လက်ဖက်ရည်ဆိုင်ထဲကို ဝင်လိုက်တော့ နောက်ကနေ ‘အန္တရာယ်ကင်း…ဘေးရှင်းပါစေ’ လို့ ပြောလိုက်တဲ့လေသံက ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ တုန်လှုပ်စရာ ကောင်းလှပါတယ်။

ရန်ကုန်မှာ ဒီလိုနှစ်ယောက်တစ်ဖွဲ့၊ သုံးယောက်တစ်ဖွဲ့နဲ့ ရဟန်းဝတ် အသွင်ဆောင်ပြီး အတင်းအဓမ္မ ပိုက်ဆံလိုက် အလှူခံနေကြတာ ကြာလှပါပြီ။ ဆွမ်းမဘုဉ်းပေးရသေးလို့၊ ဖိနပ်ပြတ်လို့၊ နယ်ကို ပြန်သွားစရာ စရိတ်မရှိလို့ဆိုပြီး အကြောင်းအမျိုးမျိုးပြကာ လိုက်ပြီး အတင်းအဓမ္မ အလှူလိုက်ခံတတ်ကြပါတယ်။ လူတစ်ယောက်လာရင် ရှေ့ကနေ ပိတ်ရပ်လိုက်ပြီး မလှုပ်သာ၊ မလူးသာ ဖြစ်နေချိန်မှာ အတင်းအဓမ္မ အလှူခံကြတော့တာ ဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ငယ်ငယ်ရွယ်ရွယ် ကောင်လေး၊ ကောင်မလေးတွေ အများဆုံးခံရပါတယ်။ အားနာမှု၊ ရှက်မှုတွေကို အခွင့်ကောင်းယူပြီး အတင်းအလှူခံတာမျိုးတွေ လုပ်နေကြတာပါ။

အလှူခံတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်ပါဦး။ လက်တွေမှာ ဆေးမင်ကြောင်၊ ခေါင်းမှာ ဆံပင်ကညှင်းသိုးသိုး၊ သင်္ကန်းသာ ဝတ်ထားတယ်ဆိုတာ ဘယ်လိုမှ ကြည်ညိုစရာမကောင်းတဲ့ ရုပ်သွင်၊ ရဟန်းပုံစံ၊ သံဃာပုံစံ မပေါက်တာကို ကောင်းကောင်းတွေ့မြင်ရပါလိမ့်မယ်။ အချို့ဆိုရင် ပါးစပ်က အနံ့လေးတွေတောင် ထွက်နေလိုက်သေးတယ်။ ဒီလို အလှူခံမျိုးတွေကြောင့် အခြားဘာသာဝင်တွေကပါ ဗုဒ္ဓဘာသာအပေါ် အထင်အမြင် လွဲမှားနိုင်လို့ စိုးရိမ်မိပါတယ်။

အခြားဘာသာဝင်ဆိုလို့ ဘာသာမတူ၊ လူမျိုးမတူတဲ့ ကောင်လေး နှစ်ယောက်ကို အတင်းအဓမ္မ လိုက်ပြီးအလှူခံတာနဲ့လည်း ကြုံဖူးသေးတယ်။ ဟိုကလေးတွေက ပိုက်ဆံမပါဘူးလို့ ရိုးရိုးအေးအေးလေး ပြောနေတာကို ဘာသာရေးပဋိပက္ခ ရောက်သွားနိုင်တဲ့အသွင် ရိုင်းပျစွာ ပြောဆိုဆက်ဆံ နေတာကတော့ လုံးဝကို မဖြစ်သင့်တဲ့ကိစ္စပါ။ ဘေးနားက လူတွေက အမြင်မတော်လို့ ဝင်ပြောမှ အဲဒီရဟန်းတွေလည်း ရှိန်ပြီး ထွက်သွားကြလို့ တော်သေးတယ်လို့ ဆိုရမယ်။ ယခုလို အလွန်အကဲဆတ်နေတဲ့ ကာလတစ်ခုမှာ ဘုန်းကြီးတု၊ ဘုန်းကြီး အယောင်ဆောင်တွေကြောင့် ပဋိပက္ခတွေကလည်း အချိန်မရွေး ထပြီးပေါက်ကွဲနိုင်ပါတယ်။

ဒီနေ့ကြုံတွေ့ခဲ့ရတာတော့ ရဟန်းတုတွေ ကုန်သည်လမ်းတစ်လျှောက် အော်ပရေးရှင်း ဆင်းလာကြတဲ့ပုံပါပဲ။ ဒီလမ်းမကြီး တစ်လျှောက်မှာပဲ ဟိုနေရာနှစ်ပါး၊ သည်နေရာသုံးပါး အုပ်စုလိုက်၊ အုပ်စုလိုက်တွေ့နေရလို့ပါ။ လူတစ်ယောက်ကို အခြေအနေ ကြည့်လိုက်ပြီး ဟောက်လို့ရရင်ဟောက်၊ ငေါက်လို့ရရင်ငေါက်ပြီး အတင်းအဓမ္မ အလှူခံနေကြတာဟာ အချိန်မရွေး ပဋိပက္ခအသွင် ဆောင်နိုင်တာကြောင့် တာဝန်ရှိသူတွေအနေနဲ့ တားဆီးအရေးယူဖို့ လိုသလို ပြည်သူများအနေနဲ့လည်း ရဟန်းတု၊ ရဟန်းယောင်တွေကို အသိတရားနဲ့ သတိထားပြီး သက်ဆိုင်ရာကို အကြောင်းကြား၊ ကိုယ်တိုင်လည်း သတိတရားနဲ့ တားဆီးနိုင်ဖို့လိုမယ် ထင်ပါတယ်။

ရန်ကုန်မြို့ကြီးမှာ တောင်းရမ်း စားသောက်သူ ပပျောက်ရေးအနေနဲ့ လမ်းဘေး တောင်းစားနေသူတွေကို ရဲတွေက လိုက်လံဖမ်းဆီး အရေးယူနေတာတွေ တွေ့ရပါတယ်။ ရဟန်းတုတွေ အပေါ်မှာလည်း အရေးယူ အပြစ်ပေးနိုင်အောင် ဆောင်ရွက်ဖို့ သင့်ပြီထင်ပါတယ်။ အထူးသဖြင့် အကဲဆတ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒီလို ရဟန်းတုတွေ မရှိသင့်ဘူးလို့ မြင်ပါတယ်။

ပြီးတော့ ရပ်ကွက်တကာလှည့်ပြီး နယ်ကနေလာတဲ့ အလှူခံကားတွေကိုလည်း ရပ်ကွက်အတွင်း အလှူခံခွင့်တွေကို စိစစ်ပြီးမှ ခွင့်ပြုသင့်ပါတယ်။ မကြာသေးမီက စာရေးသူတို့မြို့ကနေ လာပြီး အလှူခံတဲ့ ကားတစ်စီးကို တိုက်တိုက်ဆိုင်ဆိုင် ရပ်ကွက်ထဲမှာ အလှူလာခံတာနဲ့ ကြုံဖူးပါတယ်။ သူအလှူခံနေတဲ့ ကျောင်းမှာက လွန်ရောကျွံရော သံဃာနဲ့ ကိုရင်ပေါင်းမှ ငါးပါးလောက်ပဲ ရှိပါလိမ့်မယ်။ အလှူခံသူက အပါးငါးဆယ်လောက် ပြောတဲ့အပြင် ဆွမ်းစားကျောင်းကြီးကို ဆောက်နေလိုက်တာ သိန်းပေါင်းထောင်ချီကုန်မယ့် အနေအထားပါပဲ။ သံဃာငါးပါးလောက် ရှိတဲ့ကျောင်းမှာ သိန်းထောင်ချီကုန်မယ့် ဆွမ်းစားဆောင်ကြီးဆောက်ဖို့ လိုမလိုဆိုတာ ကျွန်တော်က သိပေမယ့် ရန်ကုန်ရပ်ကွက်က လူတွေကတော့ မသိနိုင်ပါဘူး။ အုတ်မြစ်ချထားတဲ့ ကျောင်းတိုင်လေးတွေကို ပြစားပြီး အလှူခံလာတာကလည်း နှစ်ပေါင်း မနည်းတော့ဘူး။ အလှူခံစားဖို့ ခွင်ဖန် ထားသလိုဖြစ်နေတာကို မြို့ခံတွေက သိတာကြောင့် သိပ်ပြီးစိတ်မ၀င်စား ကြဘူး။ ခုတော့ ရန်ကုန်တက်ပြီး ခွင်ဖန်နေတဲ့ အကြံအဖန် အလှူခံတွေကို လည်း စိစစ်ဖို့လိုပြီ ထင်ပါတယ်။

ဘာပြောပြော လမ်းပေါ်မှာပဲ အဓမ္မကျူးလွန်သည်ဖြစ်စေ၊ ကားတွေပေါ်ကနေ အဓမ္မကျူးလွန်သည်ဖြစ်စေ သာသနာတော်အတွက် လုံးဝမကောင်းတဲ့၊ သာသနာတော်ကို ပျက်စီးစေမယ့်၊ ဖျက်ဆီးနေတဲ့ အကြောင်းတရားတွေ ဖြစ်နေပါတယ်။ အသိတရားနဲ့ယှဉ်ပြီး ပြည်သူတွေ သတိထားဖို့လိုမယ် ဆိုတာရယ်၊ တာဝန်ရှိသူတွေကလည်း မျက်စိမှိတ်၊ နားပိတ်ပြီး၊ ခေါင်းရှောင်မနေဘဲ အမျိုး၊ ဘာသာ၊ သာသနာအတွက် ဝိုင်းဝန်းကြိုးပမ်း ကူညီပြီးတော့ သာသနာဖျက်တွေကို လမ်းပေါ်မထွက်နိုင်တဲ့အထိ တိုက်ဖျက်သင့်ကြောင်း အကြံပြုပါတယ်။

From: (တိုးမောင်)

www.mmdailystar.com

အယ်လ်ခိုင်းဒါး ဂျီဟတ် စိုးရိမ်စရာ မရှိသေး


အိန္ဒိယတိုက်ငယ် အယ်လ်ခိုင်းဒါး ဖွဲ့စည်းပြီးတော့ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယကို ပစ်မှတ်ထား ကြောင်း အယ်လ်ဇာဝါဟီရီက ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံကို ဂျီဟတ်စစ်ပွဲ ဆင်နွှဲဖို့ ပြောကြားသွားတာတွေ့ရပါတယ်။ ဒါနဲ့ပတ်သက်လို့ လတ်တလောမှာ စိုးရိမ်တကြီး ပူပန်စရာ မလိုသေးပါဘူး။

(၁) အကြမ်းဘက်တိုက်ခိုက်မှုဟာ ယနေ့ကမ္ဘာကြီးတစ်ခုလုံးရဲ့ ဘုံရန်သူအဖြစ် မြန်မာနိုင်ငံက ခံယူထားပါတယ်။ အလားတူပါပဲ အကြမ်းဘက်ဝါဒ ဆန့်ကျင်ရေးအတွက် နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်သွား ဖို့ အခိုင်အမာ ကတိက၀တ် ပြုထားသလိုလက်ရှိအချိန်မှာ
လည်းပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။

(၂) မြန်မာနိုင်ငံအနေနဲ့ အကြမ်းဘက်တိုက်ခိုက်မှုတွေရဲ့ပစ်မှတ်ဖြစ်လာနိုင်တာကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြိုတင်သိရှိထားတဲ့အတွက် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်တဲ့ ပြင်ဆင်ဆောင်ရွက်မှုတွေကို တပ်မတော်အပါအ၀င် လုံခြုံရေးအဖွဲ့အစည်းတွေ အားလုံး အလေးထားပြီး လုပ်ဆောင်ခဲ့ ပါ တယ်။ လက်ရှိအချိန်မှာလည်း လုပ်ဆောင်လျက် ရှိပါတယ်။ အယ်ခိုင်းဒါး
ကွန်ရက် ပြန့်နှံ့စီးဆင်းလည်ပတ်မှုတွေကို လေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

(၃) အကြမ်းဘက် တိုက်ဖျက်ရေး နဲ့ ပတ်သက်တဲ့ National Security ကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်းသီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင် ပါဘူး။ နိုင်ငံတကာ နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးကအကြမ်းဘက်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေ နဲ့ ပေါင်းစည်းဆောင်ရွက်သွားရ မှာ
ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဘက်အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင် ဖို့၊ မျှဝေနိုင်ဖို့ အတွက် Early Warning System တစ်ခုကိုထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်းပူးပေါင်းပါဝင်လျက် ရှိပါတယ်။

ဒါကြောင့် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံတော်ကာကွယ်ရေးအတွက်အစိုးရ၊ တပ်မတော်နဲ့ လုံခြုံရေး အဖွဲ့အစည်းတွေဟာ အကောင်းဆုံးဖြစ်အောင် ကြိုတင် ပြင်ဆင် ဆောင်ရွက်နေပါကြောင်း၊ ဒီလိုအန္တရာယ်မျိုး က ကာကွယ်နိုင်အောင် တပ်မတော် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အထူးအလေးထား ဆောင်ရွက်နေပါကြောင်း အလေးအနက် တင်ပြလိုပါတယ်။

● တိုက်တွန်းချက် ●

နောက် အရေးကြီးတာ တစ်ခု တင်ပြလိုပါတယ်။ အယ်လ်ဇာဝါဟီရီရဲ့ ဂျီဟတ်ကြေညာချက်နဲ့ ပတ်သက်လို့ ဖြစ်ပါတယ်။

ပထမ အချက် က သူတို့ ခေါ်ဆောင်ရာနောက်ကို လိုက်ပါမယ့် အစွန်းရောက်တွေ ထွက်ပေါ်လာအောင်စည်းရုံး တာမျိုး ဖြစ်နိုင်ပါတယ်။

ဘာသာရေးနွယ် တဲ့ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံကအစ္စလာမ်ဘာသာဝင်တွေကို အစွန်းရောက်စိတ်ဓါတ်တွေပေါက်ဖွားလာအောင်၊အစွန်းရောက်လမ်းကြောင်းပေါ်ကို လျှောက်လှမ်းလာအောင် စည်းရုံးတာမျိုး ဖြစ်လာနိုင်တာကိုလည်း ကျွန်တော်တို့ သတိထားဖို့ လိုပါတယ်။ ဒါကိုတော့ ဘာသာရေး
ခေါင်းဆောင်တွေအလေးထားဖို့ လိုပါတယ်။

ဒုတိယအချက်က ဂျီဟတ်ကြေညာလိုက်ပြီးတော့ ကျွန်တော်တို့နိုင်ငံက လူ့အဖွဲ့အစည်း(၂)ရပ်အကြားမှာ ပဋိပက္ခတွေ မြင့်မားပြင်းထန်လာအောင် လှုံ့ဆော်တာမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ဆက်နွယ်တဲ့ ပဋိပက္ခတွေကြားမှာ အခုလို ဂျီဟတ်ကြေညာ လိုက်တာကြောင့် ကျွန်တော်တို့ ပြည်တွင်းမှာ မယုံမကြည်ဖြစ်တာတွေ၊ သံသယတွေ ကြီးမားလာတာတွေ ဖြစ်လာစေဖို့၊ ဒီကမှ တစ်ဆင့် အချင်းချင်း ပဋိပက္ခတွေ ပြန်လည်ဖြစ်ပွားလာပြီးလက်ရှိရရှိထားတဲ့တည်ငြိမ်အေး
ချမ်းမှုတွေ ပျက်ပြားသွားဖို့ လှုံ့ဆော်တာလည်း ဖြစ်နိုင်တာကို ကျွန်တော်တို့ ပြည်သူတွေအားလုံး နားလည်သဘောပေါက်ဖို့ လိုပါတယ်။

ဒီအချိန်မှာ အရေးကြီးဆုံးကတော့ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ ဒီစည်းရုံးလှုံ့ဆော်မှုတွေကြောင့်
ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို အမြော်အမြင် ရှိရှိ ကြိုတင် မျှော်တွေးပြီးမိမိဘာသာဝင်တွေကို ထိန်းသိမ်းကြဖို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ ပြည်သူတွေအနေနဲ့လည်း ဒီ(၂) ချက်ကို သိရှိထားပြီးတော့အစိုးရ၊ ပြည်သူ၊ ဘာသာရေးခေါင်းဆောင်တွေပူးပေါင်းပြီးတော့ လက်ရှိတည်ငြိမ်အေးချမ်းမှုကို မထိခိုက်အောင် ဆောင်
ရွက်သွားကြဖို့ လိုပါတယ်။ ဒီသတင်းကြောင့် အချင်းချင်းအကြားသံသယတွေ ကြီးထွားလာပြီး ပဋိပက္ခတွေဆီ ပြန်လည် ဦးတည်မသွားအောင် သတိရှိကြဖို့ လိုပါတယ်။

သိပ်ပြီးလည်း စိုးရိမ်တကြီး ဖြစ်နေစရာ အကြောင်း မရှိပါဘူး။ စိုးရိမ်လွန်ကဲတာမျိုး မဖြစ်အောင်လည်း ပြောလိုပါတယ်။ ပြည်သူများအနေနဲ့ လုံခြုံရေးသတိနဲ့ ထူခြားတာတွေ တွေ့မြင်ရရင်
သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သတင်းပေးကြဖို့ လိုပါတယ်။

သတိရှိကြဖို့ လိုအပ်သလို သံသယ မကြီးမားကြဖို့လည်း အထူးအရေးကြီးပါတယ်။ အထူးသဖြင့် မန္တလေးပဋိပက္ခမှာ ကျော်လွှားခဲ့တဲ့ Success Story အတိုင်း နှစ်ဘက်သော လူ့အဖွဲ့အစည်း
က ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အားလုံး အနေနဲ့ ဒီနောက်ပိုင်း ကာလမှာ သတိထားပြီး နားလည်မှု ရှိရှိ ပူးပေါင်းဆောင်ရွက်ကြဖို့ သိပ်ကို အရေးကြီးပါတယ်။

ဒီအချိန် ဒီကာလမှာ အမုန်းစကားတစ်ခွန်းကြောင့် ကြီးမားတဲ့သွေးထွက်သံယိုမှုတွေ
ဖြစ်ပေါ်လာနိုင်ပါတယ်။ နှစ်ဘက်သော ဘာသာဝင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်တွင်းမှာ နှစ်ပေါင်း
များစွာ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်လာခဲ့တဲ့ အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ကြဖို့ လိုပါတယ်။

အမေရိကန်တပ်တွေ လိုက်လံရှာဖွေလို့ ထွက်ပြေး တိမ်းရှောင်နေရတဲ့ အယ်လ်ဇာဝါဟီရီရဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော်တို့ ပြည်တွင်း မှာ ဘေး ဒုက္ခ မဖြစ်စေဖို့ အရေးကြီးပါကြောင်း အလေးအနက် တိုက်တွန်းလိုက်ရပါတယ်။

From: (မှူးဇော်)

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...