Saturday, 6 September 2014

စားပွဲထိုးဘဝက မော်ဒယ်လ် ဖြစ်လာသူ ရှမ်းမလေး နန်းနွတ်နဲ့ အင်တာဗျူး

နမ်းနွတ်ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရဲ့ လက်ပ်ယန်းဆိုတဲ့ စားသောက်ဆိုင်မှာ ငါးနှစ်နီးပါးကြာအောင် စားပွဲထိုး အလုပ်လုပ်နေရင်း အခုအခါမှာတော့ စားပွဲထိုးအလုပ်အပြင် ထိုင်းနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း (Online shopping) တွေမှာ မော်ဒယ်လ် တယောက်အနေနဲ့ လူသိများ ထင်ရှားလာသူ နမ်းနွတ်ဆိုတဲ့ ရှမ်းတိုင်းရင်းသူလေးဟာ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့          ၇ နှစ်ကျော် ၈ နှစ်ကာလ၊ သူ့အသက် ၁၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အခုအချိန်မှာ အသက် ၂၅ နှစ်ရှိပြီဖြစ်တဲ့ နမ်းနွတ်ဟာ သူ့ရဲ့ သဘာဝကပေးတဲ့ ချောမောလှပတဲ့ ရုပ်သွင်ပြင် ကြောင့်အပြင် အခုလို ထိုင်းနိုင်ငံမှာ အောက်ခြေ အလုပ်သမားဘ၀နဲ့ ရပ်တည်ခဲ့ရာကနေ အွန်လိုင်းစာမျက်နှာထက် နာမည်ကျော်ကြားလာမှု တွေကြောင့် ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ရုပ်သံသတင်းဌာနတွေရဲ့ အင်တာဗျူးကဏ္ဍတွေမှာပါ သူ့အကြောင်းကို တွေ့ဆုံမေးမြန်းခြင်းတွေ လက်ခံလာရပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးနဲ့ ဆီဆိုင် ကြားမှာရှိတဲ့ ကွန်နန်းရွာလေးမှာ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံမှာ ဆယ်တန်းပညာအထိ သင်ကြားခဲ့ကာ ဆယ်တန်း ကျတဲ့အခါမှာတော့ မိသားစုစီးပွားရေး အခြေအနေကြောင့် သူအသက် ၇ နှစ်အရွယ်ကတည်းက ချင်းမိုင်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေတဲ့ သူ့မိခင်ထံ လိုက်လာပြီး အလုပ်လုပ်ခဲ့တာလို့ သိရပါတယ်။ မွေးချင်းညီအမ ၃ ယောက်မှာ အငယ်ဆုံးသမီးဖြစ်တဲ့ နမ်းနွတ်ဟာ မြန်မာပြည်နဲ့ အလှမ်းဝေးကွာခဲ့ရတဲ့အပြင် တိုင်းရင်းသူလည်း ဖြစ်တဲ့အတွက် မြန်မာစကားကို ကြိုးစားအားယူပြီး မစပ်စု မေးမြန်းခဲ့သမျှ ပြောပြသွားခဲ့ပါတယ်။ နမ်းနွတ်ရဲ့ ရုန်းကန်ခဲ့ရတဲ့ အတိတ်အကြောင်းတွေနဲ့ သူ့ရဲ့လက်ရှိဘ၀ တစိတ်တဒေသ အကြောင်းတွေကို သူ့စကားတွေအတိုင်း ဖော်ပြ ပေးလိုက် ပါတယ်။
မေး။     ။ ဘယ်လိုစိတ်ကူး ဘယ်လိုအကြောင်းတွေကြောင့် ဒီ ချင်းမိုင်ကို လာဖြစ်ခဲ့ရတာလဲ။
ဖြေ။     ။ အမေက ဒီမှာနေပြီးတော့ ပိုက်ဆံပို့ပေးရတယ်။ ကျမ ကျောင်းတက်ဖို့ အမေက ပိုက်ဆံပို့ပေးရတယ်။ အဲဒီတော့  အမေ့ကိုသနားတယ်။ အမေက အလုပ်အရမ်းလုပ်ပြီး ပို့ပေးနေရတော့ ကိုယ်ကိုယ်တိုင်ကလည်း အသက် ကြီးပြီပေါ့။ ဆယ်တန်းလည်း ကျရော ၁၇ နှစ်ဆိုတော့ အလုပ်လုပ်ရတော့မယ်ဆိုပြီး ထွက်လာတာ။ အလုပ်အကိုင်ကောင်းရင် ပိုက်ဆံကို အိမ်ပို့ပေးမယ်ဆိုတဲ့ စိတ်ကူးနဲ့ လာခဲ့တာပါ။ သိတဲ့အတိုင်းပဲလေ အဲဒီဘက်မှာက အလုပ်တွေ ရှားပါးတယ်။ ပိုက်ဆံတွေ ရှားပါးတယ်ဆိုတော့ ဒီကိုပဲ လာကြတယ်။
မေး။     ။ ချင်းမိုင်ကို စစရောက်ချင်းမှာ ဘယ်လို အလုပ်အကိုင်မျိုးတွေကို လုပ်ကိုင်ခဲ့ရလဲ။
ဖြေ။     ။ စစ ရောက်ရောက်ချင်း တလလောက်အကြာမှ အိမ်ဖော် စလုပ်ရတယ်။ သူများနိုင်ငံရဲ့ အတန်းစာလည်း မတတ်ဘူး။ စကားလည်း မတတ်ဘူးဆိုတော့ အခက်အခဲတွေရှိတယ်။ သူများနဲ့ စကားပြောတော့လည်း နားမလည်ဘူးဆိုတော့ အိမ်ဖော်ပဲ သွားလုပ်ပါတယ်။ အိမ်ဖော်က စကားသိပ်မပြောရဘူးလေ။ သူများ ခိုင်းတာတော့ နည်းနည်း နားလည် တယ်ပေါ့။ နားမလည်ရင်လည်း အမေ့ကိုမေးတယ်။ အိမ်ဖော်အလုပ်ကို တနှစ်လောက်ကြာတယ်။ ပြီးတော့ စားသောက်ဆိုင် မှာလည်း ထမင်းဟင်းချက်ရတယ်။ အလုပ်အစုံပဲ လုပ်ဖူးပါတယ်။
မေး။     ။ ဒီလို အလုပ်တွေ လုပ်ရတဲ့အခါမှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရလဲ။
ဖြေ။     ။ အခက်အခဲ ဆိုတာတော့ အားလုံးပဲ တွေ့ကြမှာပေါ့နော်။ ပန်းကန်ဆေးတာရော၊ ငှက်တူးတာရော အကုန်လုံးပေါ့၊ အစစအရာရာ အကုန်လုံး လုပ်ရတယ်။ သူများရဲ့အင်္ကျီအ၀တ်အစား၊ အတွင်းခံကအစ အကုန်လုံး လျှော်ပေးခဲ့ရတယ်။ သူများခိုင်းတာ အကုန်လုံး လုပ်ရတယ်။ ပိုက်ဆံ ရချင်တာကိုး။ တခါတလေ အလုပ်က မကောင်းဘူး။ အိမ်ဖော် သွားလုပ် တာလည်း အိမ်ရှင်က နှိမ်ပြီးဆက်ဆံတယ်။ သူတို့က ဘယ်ကလာတုန်း မေးရင် မြန်မာပြည်က လာတယ်ဆိုရင် သူတို့က တအား ခိုင်းချင်တယ်။ မလုပ်နိုင်တာတွေလည်း ခိုင်းတယ်။ မကောင်းတဲ့သူနဲ့ သွားတွေ့ရင် အဲဒီလိုခံရပါတယ်။ ဒါပေမယ့် ကျမက ကံကောင်းချင်တော့ ဒီဆိုင်မှာ အလုပ်ရတယ်။ ဒီဆိုင်က သူဌေးက သဘောကောင်းတယ်။ အခု ဒီဆိုင်မှာ ငါးနှစ်ရှိပြီ။ မိသားစုလိုဖြစ်နေပြီ။ သူဌေးကိုလည်း ကျမတို့က အမေ၊ အဖေ လို့ပဲ ခေါ်တယ်။
မေး။     ။ အခု ဒီလက်ပ်ယန်း စားသောက်ဆိုင်မှာ တနေ့ ဘယ်နှနာရီ အလုပ်လုပ်ရလဲ။ ပိုက်ဆံဘယ်လောက်ရလဲ။
ဖြေ။     ။ ဆိုင်အလုပ်က မနက် ၁၁ နာရီကနေ ည ၉ နာရီ အထိပါ။ တနေ့ကို ဘတ်သုံးရာရပါတယ်။ သင်္ကြန်တို့၊ သီတင်းကျွတ်၊ တန်ဆောင်မုန်း အချိန်တို့ဆိုလည်း မုန့်ဖိုး တထောင် နှစ်ထောင် အဲလိုပေးပါတယ်။
မေး။     ။ အဲလို အလုပ်တွေလုပ်ကိုင်ခဲ့ရာကနေ ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ဘယ်လိုကြောင့် လုပ်ဖြစ်ခဲ့ ရတာလဲ။ ဘယ်လောက်ကြာပြီလဲ။
ဖြေ။     ။ ဒီဆိုင်ကိုလာတဲ့ ဧည့်သည်တွေက များတယ်လေ။ အဲဒီမှာမှ လာတဲ့ အစ်ကိုကြီးတယောက်က ငါ ဓာတ်ပုံတွေ ရိုက်နေတယ်တဲ့၊ သူက ချင်းမိုင်က ဓာတ်ပုံဆရာ။ ကျမကို ဓာတ်ပုံရိုက်ဖို့ စိတ်ဝင်စားသလားပေါ့။ အဲဒီလို လာမေးတယ်။ ကျမက အဲဒီအလုပ်တွေကို ၀ါသနာပါတယ်လေ။ ငယ်ငယ်လေးကတည်းက ၀ါသနာပါတယ်။ ဓာတ်ပုံရိုက်ချင်တယ်၊ လှလှ ချောချော လေးလည်းဖြစ်ချင်တယ်။ အဲဒါကြောင့် စိတ်ဝင်းစားတယ်လို့ ဆိုတော့ သူက ဘယ်မှာသွားမရိုက်မလဲဆိုပြီး လုပ်ရင်းနဲ့က သူကလည်း ချင်းမိုင်က ဓာတ်ပုံဆရာအဖွဲ့တွေ၊ လူကြီးတွေနဲ့ မိတ်ဆက်ပေးတယ်။ ကျမက ဓာတ်ပုံ ရိုက်ချင်တယ်၊ ၀ါသနာပါတယ်ဆိုပြီး လာရိုက်ကြည့်လို့ ရမလားပေါ့။ အဲဒီလို မိတ်ဆက်ပေးရင်းနဲ့ အခုလိုဖြစ်လာတာပါ။ တလကို သုံးလေးရက်လောက် သွားရိုက်ရတယ်။ ဆိုင်က တလကို တရက်ပဲ ပိတ်ပါတယ်။ ဒါပေမယ့် ကျမက ဓာတ်ပုံသွား ရိုက်မယ်ဆိုရင် တလကို လေးရက်လောက် ဆိုင်အလုပ်ကို နားရပါတယ်။ ဓာတ်ပုံ မော်ဒယ်လ် အလုပ်လုပ် လာတာ ၂ နှစ်ကျော်ပါပြီ။
မေး။     ။ ဘယ်လိုကြော်ငြာတွေအတွက်  ဓာတ်ပုံတွေ ဓာတ်ပုံတွေရိုက်ပေးခဲ့ရလဲ။
ဖြေ။     ။ ဒီမှာက အွန်လိုင်းက တအား ခေတ်စားတယ်လေ။ အွန်လိုင်းမှာရောင်းတဲ့ အ၀တ်အစားတွေ၊ ကလစ်တွေ အစုံပေါ့။ အဲဒီလိုမျိုးအတွက် မော်ဒယ်လ်အနေနဲ့ ရိုက်ပေးရတာပါ။ ဒီ ချင်းမိုင်မှာရှိတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေက လာပြီးတော့ ဓာတ်ပုံရိုက်တယ်။ သတင်းလာလုပ်တယ်။ အင်တာဗျူးတွေ လာလုပ်ကြတယ်။
မေး။     ။ သတင်းဌာနတွေက အင်တာလာဗျုးကြတယ်ဆိုတော့ ဘယ်သတင်းဌာနတွေလဲ။ သူတို့က ဘာတွေမေးကြလဲ။ ဘာတွေပြန်ဖြေဖြစ်လဲ။
ဖြေ။     ။ ထိုင်းတီဗီ Channel 3 နဲ့ Channel 7 ၊ Channel 9 … နောက် TNN Channel … အစုံပါပဲ။ သူတို့က ဘယ်ကလာတုန်း၊ ဒီမှာ အလုပ်လုပ်တာ ဘယ်လောက်ကြာပြီတုန်းလို့ မေးကြတယ်။ ဒီလို ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး အခက်အခဲတွေ ဘယ်လို ဖြတ်ကျော်သွားနိုင်လဲပေါ့။ ဘာကြောင့် ဒီထက်ပိုပြီး  ကောင်းတဲ့အလုပ်တွေ သွားမလုပ် ဘူးလားပေါ့။ ဘီယာငှဲ့ပြီး ရောင်းရတဲ့ မိန်းကလေးတွေလို မလုပ်ဘူးလားပေါ့၊ အဲဒီမှာ ပိုက်ဆံ များများရတယ်လေပေါ့။ အဲဒီလိုတွေ မေးကြတယ်။ ကျမက ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်လို့။ ဒီလိုလုပ်နေလည်း ထမင်းစားနေရတယ်လို့၊ မပင်ပန်းပါဘူးလို့၊ ဒီလိုလုပ်လည်း လုပ်နိုင်ပါတယ်လို့ ပိုက်ဆံအများကြီးလည်း မမျှော်လင့်ပါဘူးလို့၊ ဒီအလုပ်ကိုပဲ ကျေနပ်ပါတယ်လို့ ပြောဖြစ်ပါတယ်။ ဘီယာငှဲ့တဲ့ မိန်းကလေးတွေက အ၀တ်အစားတိုတိုလေးတွေ ၀တ်ပြီး ဧည့်သည် ယောက်ျားနဲ့လည်း ထိုင်ပေးရတယ်။ ပြီးတော့ မုန့်ဖိုးရတယ်ပေါ့။ ကျမတို့ ကျောင်းနေတုန်းကဆိုရင် ထမီတောင် အရှည်ကြီး ၀တ်ခဲ့ရတာ။ ဒီလိုအ၀တ်အစားတွေ မရှိဘူးပေါ့နော်။ သူများ လက်ကိုင်တာ ဖက်တာ နမ်းတာလည်း မကြိုက်ဘူးပေါ့။ မလုပ်နိုင်ပါဘူးပေါ့။ နောက် ကျမတို့နိုင်ငံမှာ ဒီလိုမျိုးတွေ မသင်ထားခဲ့ဘူးလို့ ပြောလိုက်ပါတယ်။
မေး။     ။ အွန်လိုင်းကြော်ငြာ ဓာတ်ပုံတွေကြောင့် သတင်းဌာနတွေက အခုလိုလာပြီး အင်တာဗျုးတာတွေ ရှိလာတော့ နမ်းနွတ်ကို ထိုင်းပရိတ်သတ်တွေက ဘယ်လောက်အထိ သိလာကြပြီလဲ။ သူတို့ကရော ဘယ်လောက်အထိ အားပေး ကြလဲ။
ဖြေ။     ။ အခုက လူသိပိုများလာပါတယ်။ ဒီထိုင်းနိုင်ငံက တီဗီချန်နယ်တွေ အကုန်ုလုံးက သူတို့ကြားသိလာတော့ ဒီဆိုင်မှာ မြန်မာနိုင်ငံက ရှမ်းပျိုမေတယောက် အလုပ်လုပ်တယ်ပေါ့၊ မော်ဒယ်လ်လည်း ဖြစ်နေတယ်ပေါ့၊ သူများတွေက လူသိများလာတဲ့ အခါကျတော့ လာကြတယ်။ ဧည့်သည်တွေ အကုန်လုံးလာပြီး ဒီဆိုင်မှာလာပြီး ဓာတ်ပုံတွေရိုက်ကြတယ်။ ဓာတ်ပုံ လာရိုက်တာတော့ နေ့တိုင်းပဲရှင့်။ သူတို့က မြန်မာပြည်ကလာတဲ့ ကောင်မလေးလား ဓာတ်ပုံရိုက်ချင်လို့ပါ ဆိုပြီးတော့ပေါ့။ လှတယ်ပေါ့။ ဒီမှာ အလုပ်ကြိုးစားပေါ့ ဆိုပြီး အားပေးကြတယ်။ ဒီ့ထက် ကြိုးစားရင် ဒီ့ထက် အောင်မြင်မယ်ပေါ့။ အခုလိုမျိုးက ထိုင်းလူမျိုးတောင် မဖြစ်နိုင်ဘူးလို့ သူတို့က ပြောတယ်။ သမီးက ဒီမှာလာနေပြီး ကြိုးစားနေတာ ဂုဏ်ယူဖို့ကောင်းတယ်ပေါ့။ အားပေးပါတယ်။ တခြားသူတွေက ဓာတ်ပုံမြင်ဖူးကြတဲ့သူတွေ။ အွန်လိုင်းမှာ ဒီအင်္ကျီလေး ကြော်ငြာပေးလို့ရမလား၊ ဒီကလစ်လေး ကြော်ငြာပေးလို့ရမလား၊ ဒီဆိုင်လေး ကြော်ငြာပေးလို့ရမလားဆိုပြီး ရောက်လာကြတယ်။ ဆိုင်ကိုလာကြပြီး ဘယ်ကြော်ငြာမှာ တွေ့ဖူးတယ်ပေါ့။ ဘာလေး ကြော်ငြာထားတာမဟုတ်လားဆိုပြီး မိတ်ဆက်ကြတာလည်းရှိတယ်။ သူတို့ကိုယ်တိုင်လည်း မိတ်ဆက်သလို တခြားသူတွေနဲ့လည်း မိတ်ဆက်ပေးတယ်။ အပေါင်း အသင်းတွေ ရလာပါတယ်။
မေး။     ။ ဒီလို လူသိများ ကျော်ကြားလာတဲ့အပေါ် ဘာပြောချင်လဲ။
ဖြေ။     ။ မလွယ်ပါဘူး။ ဘယ်နိုင်ငံမှာပဲနေနေ ကိုယ့်နိုင်ငံမှာပဲနေနေပေါ့၊ အခက်အခဲရှိတာပေါ့လေ။ ဒါပေမယ့် ကိုယ့်နိုင်ငံမှာကတော့ ထမင်းနဲ့ဟင်း ၀ယ်မစားရဘူးပေါ့။ ကိုယ်စိုက်ပျိုးထားတာတွေ စားလို့ရတာပေါ့။ ဒီနိုင်ငံမှာလာနေတော့ အလုပ်မလုပ်ရင် ထမင်းမစားရဘူးရှင့်။ ဒီနေ့အထိ ရောက်လာဖို့ဆိုတာ အကုန်လုံး ကြုံတွေ့ခဲ့ရဖူးပြီးပြီ။ ပိုက်ဆံတပြားမှ မရှိဘဲနဲ့လည်း ကြုံတွေ့ခဲ့ရတယ်။ သူများတွေက မကောင်းတဲ့စကားတွေ လာပြောခဲ့တာတွေလည်း ကြားဖူးခဲ့ရပြီးပြီ။ ဒီနေ့အထိ ရောက်လာဖို့ မလွယ်ခဲ့ပါဘူး။
မေး။     ။ အခုလို ကျော်ကြားလာတာ အောင်မြင်လာတာဟာ နမ်းနွတ်ရဲ့ ငယ်ဘ၀ အိပ်မက်နဲ့ တထပ်တည်းပဲလား။
ဖြေ။     ။ ငယ်ငယ်တုန်းက အိမ်မက် တခုပဲရှိခဲ့တယ်။ မင်းသမီး ဖြစ်ချင်တယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်ရင်လည်းဖြစ် သူများနိုင်ငံမှာပဲ ဖြစ်ဖြစ် မင်းသမီးဖြစ်ချင်ခဲ့တယ်။ ကျောင်းနေတုန်းက သူများအင်္ကျီလှလှပပလေး ၀တ်တယ်ဆိုရင် ၀တ်ချင် လိုက်တာပေါ့။ တီဗီထဲမှာ မင်းသမီးတွေ ကောင်းကောင်းလေး စားတာနေတာကို ကြည့်နေခဲ့ရတော့ အဲဒီလို အစားအစာ၊ အဲဒီလို မင်းသမီးတွေ ၀တ်တဲ့ လှတာလေးတွေဆို ၀တ်ချင်လိုက်တာပေါ့။ အသက်ကြီးလာရင် ကိုယ့် အင်ကိုယ့်အားနဲ့ ပိုက်ဆံရှာပြီး ၀တ်မယ်ပေါ့။ အဲဒီလို သဘောနဲ့ပဲ ဒီနေ့အထိ ကြိုးစားနေရတာ။
မေး။     ။ သူများနိုင်ငံမှာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံမှာပဲဖြစ်ဖြစ် မြန်မာအမျိုးသမီးငယ်တွေဟာ သူတို့ဘ၀ ရပ်တည်ရေးအတွက် ဘဝနဲ့ရင်းပြီး ရုန်းကန်နေကြရတာ ဒီဘက်ခေတ်မှာ ပိုများလာနေပါတယ်။ သူများနိုင်ငံကို  အသက်ငယ်ငယ်နဲ့ ရောက်လာပြီး ဘ၀ကို အောက်ခြေသိမ်းကစ ရုန်းကန်ခဲ့ရတဲ့ နမ်းနွတ်အနေနဲ့ ကိုယ့်ဘ၀ ပျက်စီးယိုယွင်းမသွားအောင် ဘယ်လို ထိန်းသိမ်းနေထိုင်ခဲ့ရလဲ။
ဖြေ။     ။ စိတ်ငြိမ်အောင်ပေါ့၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကို ထိန်းရပါတယ်။ တခါတလေလည်း ပိုက်ဆံ တပြားမှ မရှိဘူး။ ဒီက ထိုင်းသူဌေးတွေက အလုပ်ရမယ်လေ။ တလကို ဘတ်နှစ်သောင်း သုံးသောင်းပေးမယ်။ အတူတူလိုက်နေမလားဆိုပြီး မိန်းကလေးငယ်တွေကို လာပြီး ပြောခဲ့ဖူးတာတွေလည်း ကြားခဲ့ရဖူးတယ်။ ဒါပေမယ့် ကျမကတော့ စိတ်ကိုတည်ငြိမ်အောင် ထားတယ်။ ကိုယ့်သဘောနဲ့ကိုယ် ထိန်းတယ်။ အမေရော အဖေရော ရှိတယ်။ အဖေ အမေ မျက်နှာမပျက်ရအောင် အလုပ်ကို တနေ့ ဘတ် ၂၀၀၊ ၃၀၀ ပဲရရင်လည်း ရပါစေ။ ဒီအလုပ်နဲ့ပဲ ပျော်တယ်။ ကိုယ့်အင်ကိုယ့်အားနဲ့ပဲ လုပ်ချင်တယ်။ ကြိုးစားတယ်။ မနေ့က ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် ကိုယ်ကြိုးစားရင် ဒီကနေ့ ပိုက်ဆံရှိလာမယ်ဆိုပြီး အလုပ်ဆိုရင် ဘယ်အလုပ်မှ မရွေးဘူး။ အလုပ်အားလုံးဟာ  ဘယ်အလုပ်ဖြစ်ဖြစ် ပိုက်ဆံရတာပဲဆိုပြီး ကြိုးစားရင် အောင်မြင်တဲ့နေ့ ရှိမှာပဲလို့ အစကတည်းက အဲလို စိတ်မျိုး ထားပါတယ်။
မေး။     ။ နမ်းနွတ် ကြိုးစားရုန်းကန်ခဲ့ရသလို မြန်မာပြည်က မော်ဒယ်လ်လောကမှာရော၊ အပြင်လောကမှာပါ ရပ်တည်နေနိုင်အောင် ကြိုးစား ရုန်းကန်နေရဆဲ  မြန်မာမိန်းကလေးတွေကိုရော ဘယ်လို အကြံဉာဏ်မျိုးတွေ ပေးချင်လဲ။
ဖြေ။     ။ မြန်မာပြည်မှာပဲနေနေ၊ ထိုင်းနိုင်ငံမှာပဲနေနေ ကိုယ့်စိတ်ကိုယ် ထိန်းရမယ်။ သူများမယားငယ် သွားဖြစ် နေရင်လည်း လေးငါးနှစ် မကြာဘူး။ သူတို့လည်း ကြာလာရင် အသစ်လူကို ရှာသွားမှာပဲလေ။ အဲဒါကြောင့် ကိုယ့်အင် ကိုယ့်အားနဲ့ ကြိုးစားရင် ကိုယ့်ပစ္စည်း ကိုယ့်ဥစ္စာလိုပဲ ရနိုင်ပါတယ်။ ဒီကနေ့ မကောင်းဘူးဆိုပြီး ကြိုးစားလိုက်ရင် မနက်ဖြန် ဒီ့ထက်ပိုကောင်းလာမယ်။ အဲဒီလို စိတ်ထားသဘောမျိုးနဲ့ ကိုယ့်စိတ်ကို သေချာထိန်းပြီးတော့နေရင် ပိုကောင်းမလားလို့ ကိုယ့်စိတ်ကို သေချာမေးကြည့်ပေါ့နော်။ ဒီနေ့နည်းနည်းပဲရတာ နည်းနည်းပဲစားမယ်။ မနက်ဖြန် များများရမှ များများ စားမယ်ဆိုတဲ့ သဘောနဲ့နေရင် ပိုကောင်းမလားပေါ့။ အရှက်မရဘူးပေါ့။ ရှက်စရာလည်း မလိုတော့ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့လုပ်တယ် ကိုယ့်အင်ကိုယ့်အားနဲ့ ရလာတဲ့ပိုက်ဆံနဲ့ပဲ အ၀တ်အစား ၀ယ်နိုင်တယ်ဆိုရင် အဲဒီလောက်ပဲ ၀တ်ပေါ့နော်။ ဒီလောက်ပဲစားနိုင်တယ်ဆိုရင် ဒီလောက်ပဲစားပေါ့။ အဲလို သဘောထားရင် အကုန်လုံး မြန်မာပြည်မှာပဲနေနေ ဒီထိုင်းမှာပဲနေနေ ပျက်စီးမယ့်အကြောင်းဆိုတာ မရှိပါဘူးရှင့်။ အခုလို နာမည် မကျော်ကြားလာဘူး ဆိုရင်တောင် မိဘတွေ မျက်နှာပျက်စရာမဖြစ်ဘူးပေါ့။ ကိုယ့်အင်ကိုယ့်အားနဲ့ နိုင်သလောက် ၀တ်မယ် စားမယ်ဆိုရင် ကိုယ့်မိဘတွေအတွက် အရှက်ရစရာမဖြစ်ဘဲ ဂုဏ်ယူရပါမယ်။
မေး။     ။ အခုလို ထိုင်းနိုင်ငံရဲ့ ဓာတ်ပုံမော်ဒယ်လ်အဖြစ် ရပ်တည်နေရင်းကနေ ထိုင်းနိုင်ငံရဲ့ မင်းသမီးအဖြစ် ထုတ်လုပ်သူတွေ ဒါရိုက်တာတွေက ကမ်းလှမ်းလာမယ်ဆိုရင်ရော လုပ်သွားဖို့ ရှိလား။ ဘယ်လောက်အထိ အောင်မြင်လာအောင် လုပ်ဖို့စိတ်ကူးထားလဲ။
ဖြေ။     ။ စိတ်ကူးဖူးပါတယ်။ ဒါပေမယ့် ကို်ယ်လုပ်နိုင်သလောက် လုပ်မယ်။ ကိုယ်မလုပ်နိုင်လည်း ဘာမှမဖြစ်ဘူးပေါ့။ ကိုယ့်အင်အား ဒီလောက်ပဲ ရှိတယ်ဆိုရင် ဒီလောက်ပဲပေါ့။ နေ့တိုင်းတော့ ကြိုးစားပါတယ်။ ဒါပေမယ့် အဝေးကြီးကို မမျှော်မှန်း၊ မမျှော်လင့်ပါဘူး။ ဒီနေ့ အကောင်းဆုံးလုပ်မယ်ဆိုရင် မနက်ဖြန်လည်း ကောင်းလာမှာပဲလို့ အဲဒီလိုပဲ သဘောထားလိုက်တယ်။
မေး။     ။ တနေ့ ဒီ့ထက် အောင်မြင်ကျော်ကြားတဲ့ သူတယောက် ဖြစ်လာခဲ့ရင်ရော ကိုယ်နေခဲ့တဲ့ ကိုယ့်ရပ်ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံကို ပြန်အကျိုးပြုချင်တဲ့ စိတ်မျိုးရှိလား။
ဖြေ။     ။ ရှိတယ်ရှင့်။ အစတုန်းက ဒီကိုလာတာကတော့ ပိုက်ဆံရှိရင် ကိုယ့်ရွာကိုပြန်ပြီး အကျိုးပြုမယ်။ ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်ချင်တယ်ပေါ့။ အဲဒီလိုစိတ်ကူးမျိုး ရှိခဲ့ပါတယ်။ တကယ်လို့ ကျမက ဒီမှာ နာမည်ကြီးသွားပြီး ရုပ်ရှင်မင်းသမီးဖြစ်သွားပြီဆိုရင် ပိုပြီးတော့ ကိုယ့်အိမ်ကို ပြန်ချင်တယ်။ သူများတွေ ကိုယ့်အိမ်ကိုယ် ပြန်သွားလည်ကြသလိုမျိုးပဲ သွားကြည့်မှာပေါ့။ ကိုယ့်အိမ်ဘယ်လို နေနေလဲပေါ့။ ကိုယ့်ပတ်ဝန်းကျင်ကို ကောင်းအောင် လုပ်မှာပေါ့နော်။ ရွာဝင်လမ်းတွေဆိုရင်လည်း ဖုန်တွေအများကြီးပဲလေ။ တနေ့ ပိုက်ဆံရှိလာရင် ကိုယ့်ရွာလေးကို ပြန်ပြီး ပြုပြင်ချင်တယ်။ အဲလိုစိတ်ကူးမျိုး စိတ်ကူးခဲ့ဖူးတယ်။ ကျမတို့ကို စာသင်ပေးခဲ့ဖူးတဲ့ ဆရာ၊ ဆရာမတွေကိုလည်း သတိရတယ်။ အောင်မြင်တဲ့နေ့ ရောက်လာမယ်ဆိုရင် ကိုယ့်ကို စာသင်ပေးဖူးတဲ့ ဆရာ ဆရာမတွေအကုန်လုံးကို ပြန်ပြီး ကန်တော့မယ်။
မေး။     ။ ထိုင်းနိုင်ငံမှာ တသက်လုံးနေသွားမှာလား။ မြန်မာပြည်ပြန်ဖို့ စိတ်ကူးရှိလား။
ဖြေ။     ။ ကျမတို့အိမ်က မြန်မာပြည်မှာပါ။ အိမ်ပဲပြန်ချင်ပါတယ်။ ဒီမှာ အလုပ်လာလုပ်တာ ဘယ်နှစ်နှစ် ဆက်လုပ်ရမယ်ဆိုတာ မသိသေးပါဘူး။ ကိုယ့်အစွမ်းအစနဲ့ ကိုယ့်အင်ကိုယ့်အား ဘယ်လောက်ရှိမယ်ဆိုတာ မသိသေးပါဘူး။ အဲဒီတော့ အခုလည်း ပိုက်ဆံအများကြီးရအောင် စုနေတယ်။ အခုလို ငယ်တုန်းမှာပေါ့။ အသက်ကြီးလာရင် ကိုယ့်အိမ်ကိုပဲ ပြန်ချင်ပါတယ်။

From:ဧရာဝတီ

www.mmdailystar.com

သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင် ဒါလေးဖတ်ကြည့်ပါ

လက်တလော အင်မတန် နာမည်ကြီးနေတဲ့ ဟောလိဝုဒ်က Naked pic သတင်းကတော့ သိကြမှာပါ။ Hunger Game က မင်းသမီးချော Jennifer Lawrence နဲ့အတူ အခြားသော မင်သမီး နဲ့ မော်ဒယ်ပေါင်း မြောက်များစွာရဲ့ ကိုယ်လုံးတီး ဓာတ်ပုံများ၊ ဗီဒီယိုများ အွန်လိုင်းမှာ အင်မတန် ပြန့်နှံ့သွားပါတယ်။ ဥပဒေ နဲ့ အရေးယူမှုဆိုတာ နောက်မှလာတာပါ။ Digital Platform ပေါ် ရောက်သွားပြီ ဖြစ်တဲ့ ပုံနဲ့ မှတ်တမ်းများကို ပြန်ဖြတ်ဖို့ ဆိုတာ မလွယ်တော့ပါဘူး။ တစ်ဆင့်ပြီး တစ်ဆင့် လက်ဆင့်ကမ်းတာနဲ့ တင် အဖက်ဆယ် မရအောင် ဇာတ်လမ်းက ပြီးနေပါပြီ။ အင်တာနက် နဲ့ အိုင်တီ ပစ္စည်း အသုံးပြုမှု တိုးတက်လာတဲ့ မြန်မာပြည်မှာလည်း ဖြစ်မလာနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ မဖြစ်အောင် ဘယ်လို တားဆီးရမယ်ဆိုတာပဲ ရေးသား မျှဝေ ပေးလိုက် ရပါတယ်။

မှတ်တမ်း ပစ္စည်းလုံခြုံရေးနဲ့ ပက်သက်လို့

ကိုယ်ကတော့ ဘာရယ်လို့ မဟုတ် သူများ ပြရန် မသင့်တော်တဲ့ အချက်အလက်တွေ ရှိနေပြီ။ (ကိုယ်လုံးတီးပုံများကိုသာ ဆိုလိုခြင်း မဟုတ်ပါ)။ အဲ့ဒီ မှတ်တမ်းတွေကို သိမ်းဆည်းမယ်ဆိုရင် လုံခြုံရေးက အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဒီဂျစ်တယ် ပစ္စည်းများ ဖြစ်တဲ့ ဖုန်း၊ ကွန်ပြူတာ၊ Hard Disk တို့မှာ သိမ်းထားဖြစ်တယ် ဆိုရင် ယင်း ပစ္စည်းတွေမှာ Password တွေခံရမယ်ဆိုတာလည်း သိကြမှာပါ။ ဒါတင်မကသေး။ Digital Device မှာ သိမ်းလိုက်တဲ့ ပစ္စည်းများက Delete လုပ်လိုက်လဲ ယခုခေတ် Software ပေါင်းစုံနဲ့ ပြန်လည် Retrieve လုပ်လို့ ရပါတယ်။ လက်ရှိ မြန်မာပြည်မှာ ဆိုရင် မိုဘိုင်းဖုန်း ပြင်ဆိုင် အချို့ဟာ Data recovery software အချို့နဲ့ မိန်းကလေးများ အသုံးပြုတဲ့ ဖုန်းအပျက်များထဲက ဓာတ်ပုံများ၊ ဗီဒီယိုများကို ပြန်ယူတယ်လို့ ကြားဖူးတယ်။ (သေချာ မသိပါ)။ နိုင်ငံတကာမှာတော့ Amazon တို့လို အွန်လိုင်း ဈေးကွက်မှာ တင်ရောင်းတ့ ဖုန်းတွေကို ဟက်ကာများကို ပြန်ဝယ်ပြီး မှတ်တမ်းတွေ ပြန်ယူခြင်း ဖြစ်ပါတယ်။ ဒီတော့ အတတ်နိုင်ဆုံး အချက်အလက် မှတ်တမ်းများကို Digital format နဲ့ မသိမ်းနိုင်ရင်အကောင်းဆုံး ဖြစ်ပြီး သိမ်းလိုက်ပြီ ဆိုရင်လည်း ယင်းပစ္စည်းကို ကိုင်တွယ်မယ့်လူတွေကို သေချာ စိစစ်ဖို့ လိုအပ် ပါမယ်။

အွန်လိုင်းပေါ်မှာ သိမ်းခြင်းနဲ့ ပက်သက်လို့

အခု ဖြစ်သွားတဲ့ ကိစ္စက Apple ရဲ့ iCloud မှာ အားနည်းချက် ရှိလို့ ဖြစ်ပါတယ်။ iCloud မှာ အားနည်းချက် မရှိပါဘူး။ Find my iPhone လို့ခေါ်တဲ့ ဖုန်းပြန်ရှာတဲ့ App မှာ အားနည်းချက် တစ်ခုရှိပြီး ယင်းကနေ iCloud ကို လွယ်တကူ ဝင်ရောက်နိုင်ခြင်း ဖြစ်ပါတယ်။ ဟက်ကာတို့လက်ထဲမှာ မင်းသမီးပေါင်း ၁၀၀ ကျော်ရဲ့ ပုံနဲ့ ဗီဒီယိုများ ရှိသတဲ့။ ဒီခေတ်ကြီးထဲမှာ ဘယ် Online Storage မှ စိတ်မချရပါဘူး။ Online Storage ကတော့ စိတ်ချရတယ်လို့ ထားလိုက်ပါတော့။ အသုံးပြုသူရဲက နမော်နမဲ့ နိုင်မှုကြောင့်လည်း လွယ်တကူ ပါသွားနိုင်ပါတယ်။ တစ်ခါက သူငယ်ချင်းတစ်ယောက်ရဲ့ အကောင့် Password ကို သူ့အမည်အတိုင်း ရိုက်ထည့်လို့ ပွင့်သွားတာမျိုးတောင် ကြုံဖူးပါတယ်။ Security question မှာ မွေးရပ်ဇာတိ၊ မိဘ အမည်တို့ ထည့်တာလောက်ပဲ ထားတတ်ကြတော့ Gmail အကောင့်ပါသွားသူ သူငယ်ချင်းများလည်း မနည်းပါဘူး။ Online ပေါ်မှာ သိမ်းဆည်းမှုက System က perfect ဖြစ်နေရင်တောင် အသုံးပြုသူရဲ့ မပြည့်ဝတဲ့ ဗဟုသုတကြောင့် ပါတတ်ပါသေးတယ်။ အချို့ဆို Gmail နဲ့ Facebook တို့ကို နမော်နမဲ့ နိုင်စွာပဲ အင်တာနက်ဆိုင်မှာ ထားခဲ့တာတွေ အများကြီးပါ။

မှတ်တမ်းတင်ခြင်းနဲ့ ပက်သက်လို့

အချို့က မင်္ဂလာဆောင် မှတ်တမ်းကို ပြန်ကြည့်ချင်တယ်။ အချို့က မင်္ဂလာဆောင် အခမ်းအနား မှတ်တမ်းတင် မက သူများ ပြန်ပြရန် မသင့်တဲ့ အမှတ်တရတွေပါ ရိုက်ကြ ပါတယ်။ ကောင်းမှု တစ်ခုပြုလုပ်ပြီး အမြဲ အမှတ်ရနေဖို့ မှတ်တမ်းတင်တာ မဟုတပ်ဲ ဒီ ကာမအာရုံတွေကို မှတ်တမ်းတင်ပြီး ပြန်ကြည့် တာ ကတော့ တဏှာရဲ့ စွဲဆောင်မှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ မှတ်တမ်း မှတ်ရာတွေ တင်တဲ့အခါ ငါ ဟာ ကောင်းရာကောင်းကြောင်း အတွက် မှတ်တမ်း တင်တာလား၊ မကောင်းရာမကောင်းကြောင်း အတွက် မှတ်တမ်းတင်တာလား ဆိုတာ စဉ်းစားစရာပါ။ မင်္ဂလာအခမ်းအနား နဲ့ အလှူအခမ်းအနား မှတ်တမ်းများက ကြည်နူးစရာပါ။ အဲ့ဒီထက် ပိုတဲ့ မှတ်တမ်းများကတော့ မိမိရဲ့ စိတ်ဆန္ဒပေါ်မှာသာ မူတည်ပါတော့တယ်။ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ပိုင်ခွင့်ကို စာရေးသူ မထိခိုက်လိုပါ။ မိမိကိုယ်တိုင်သာ စဉ်းစားဆင်ခြင်စေရန်သာ ဖြစ်ပါတယ်။ Take your own risk ဟု ဆိုသည့်အတိုင်းပင် ဖြစ်သည်။

မှတ်တမ်းတင်သူသာ မရှိလျှင်

မှတ်တမ်းတွေ ထွက်ကျကုန်တယ်ဆိုတာ မှတ်တမ်းတင်တဲ့သူရှိလို့ လည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိသာ မှတ်တမ်း တင်မထားရင် ဒါတွေ ဖြစ်လာစရာ အကြောင်း မရှိပါဘူး။ အချို့က ကိုယ်တိုင် မှတ်တမ်း မတင်ပေမယ့် နမော်နမဲ့ နိုင်မှုကြောင့် မှတ်တမ်း အတင်ခံရတာမျိုးတွေလည်း ရှိပါတယ်။ နည်းပညာ ခေတ်ကြီးထဲမှာ World Wide အင်တာနက် အသုံးပြုသူရဲ တစ်ဝက်တိတိဟာ သားကောင်များ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဆိုရင် သားကောင်က ၉၀ ရာခိုင်နှုန်းကျော် ရှိပါလိမ့်မယ်။

ဒါကြောင့်မို့ Digital device နဲ့ Software များကို သူများသုံးလို့ လိုက်သုံးတာလောက်၊ လှလို့ လိုက်သုံးတာလောက် မဟုတ်ပဲ လုံခြုံရေးအတွက် သေချာ လေ့လာပြီးမှ၊ သေချာ သုံးတတ်မှပဲ အသုံးပြုတာ အကောင်းဆုံး ဖြစ်ပါတယ်။


From: (ရိုးရာလေး)

www.mmdailystar.com

လူငယ် အပျိုငယ်များ လိင်ကိစ္စ တွေကို မက်ဆေ့ခ်ျ ကနေ ပို့နေကြတဲ့ ဆက်သွယ်ရေး နည်းပညာ နောက်ကွယ်မှ ကြောက်စရာကောင်းတဲ့ လိင်မှုကိစ္စများ

သင်ဟာ မိုဘိုင်းလ်ဖုန်း မကိုင်ဘဲ ဘယ်လောက် ကြာကြာ နေနိုင်ပါ သလဲ။ ကြိုးဖုန်းလဲ မသုံးပါနဲ့။ ရုပ်သံလဲမကြည့်ပါနဲ့။ ရေဒီယိုလဲ နားမထောင်ပါနဲ့။ နည်းပညာနဲ့ ပတ်သက်တာ ဘာတစ်ခုမှ မသုံးပါနဲ့။ လျှပ်စစ်မီး ကိုပါ ပိတ်ထား လိုက်ပါ။ လူတွေဟာ နည်းပညာ၊ အီလက် ထရွန်းနစ် နဲ့ လျှပ်စစ်ပစ္စည်း တွေကို ဘယ်လောက်ထိ စွဲလန်းကြ တယ်ဆိုတာကို စမ်းသပ် နေကြတဲ့သုတေသီများ က ဖော်ပြပါ အတိုင်း ညွှန်ကြား နေတာပါ။

မိုဘိုင်းလ်ဖုန်း၊ မက်ဆေ့ခ်ျ၊ ချက်တင်တွေ အမျိုးအစား စုံလင်စွာနဲ့ ပျံ့နှံ့လာတဲ့ နောက်ပိုင်း အိမ်ထောင်ရှင် တွေ၊ သမီးရည်းစား တွေကြားမှာ ဖောက်ပြန်မှု တွေ ကြောက်ခမန်း လိလိ တိုးလာပြီး ကျောင်းသား၊ ကျောင်းသူ တွေကလဲ ကိုယ်ပိုင် ဦးနှောက်၊ ဆင်ခြင်ဉာဏ်၊ မှတ်ဉာဏ် စွမ်းအား တို့ကို မသုံးကြ တော့ဘဲ ကွန်ပျူတာ နဲ့ နည်းပညာ ပေါ်ကိုပဲ လုံးလုံး လျားလျားကြီး အားကိုး လာကြပြီး စာမေးပွဲမှာ မိုဘိုင်းလ်ဖုန်း တွေ သုံးပြီးတော့ စာခိုးချတဲ့ ပြဿနာလဲ ကြီးသည်ထက် ကြီးလာတဲ့ အတွက် အခုလို နည်းပညာ ကင်းမဲ့ဇုန်မှာ ဘယ်လောက် ကြာကြာ နေနိုင် သလဲဆိုတာ သုတေသီ များက စမ်းသပ် လေ့လာ ကြခြင်း ဖြစ်ပါတယ်။

အရင်က ကြိုးဖုန်း လောက်ရှိတဲ့ အခါ ဖုန်းလာ လိုက်ရင် တစ်အိမ်လုံး သိပါတယ်။ ဖုန်းကို လူကြီးက အရင်ကိုင် ပါတယ်။ လိုအပ်မှ သား၊ သမီး တွေကို ပေးပါတယ်။ မသင်္ကာရင် နောက်ဖုန်း တစ်လုံး မပြီး နားထောင်လို့ ရပါ သေးတယ်။ အခုတော့ အသံပိတ် ထားပြီး တုန်ခါမှု လောက် ပေးထားလို့ ရတဲ့ မိုဘိုင်းလ်ဖုန်း စနစ်မှာ ဘယ်သူမှ မသိအောင် ပို့၊ လက်ခံ လို့ရတဲ့ မက်ဆေ့ခ်ျ၊ အိပ်ရာထဲမှာ တိတ်တိတ် ကလေး သုံးလို့ရတဲ့ ဖေ့စ်ဘွတ်၊ ဝီချက်၊ ဂျီတော့၊ ဗိုင်ဘာ တွေ ရှိလာတော့ အပျင်းပြေ သုံးရာ ကနေ အပျို၊ အအို မရှောင် အကျင့် စာရိတ္တ ဆိုးရွား ပျက်ပြားလာတဲ့ အထိ ဖြစ်လာပြီး လင်မယား ကွာရှင်း ပြတ်စဲမှုနှုန်း အဆမတန် မြင့်မား လာပြီး လူငယ်တွေလဲ အကျင့်ပျက် လာတော့မှ အမေရိကန် သုတေသီ များက ဆက်သွယ်ရေး နည်းပညာ ရဲ့ အကျိုးအပြစ် တွေကို အရေးတယူ လေ့လာ ခဲ့ခြင်း ဖြစ်ပါတယ်။

လူငယ်တွေဟာ နည်းပညာ အသစ်တွေကို တိုးတိုးပြီး အသုံးပြု နေကြ ပါတယ်။ လူငယ် ၉၃ ရာခိုင်နှုန်း ဟာ အွန်လိုင်း သုံးကြ ပါတယ်။ ဖေ့စ်ဘွတ် သုံးသူ ၇၃ ရာခိုင်နှုန်း ရှိပြီး ကိုယ်ပိုင် မိုဘိုင်းလ်ဖုန်း ရှိသူ ၇၅ ရာခိုင်နှုန်း ရှိပါတယ်။ မိုဘိုင်းလ်ဖုန်း လက်ထဲက မချစတမ်း သုံးနေတဲ့ လူငယ်တွေ ကိုကြည့်ပြီး စိုးရိမ် သောကပွား နေရ တာကတော့ မိဘ၊ ဆရာ နဲ့ အုပ်ထိန်းသူ တို့ပါပဲ။

ကမ္ဘာ တစ်ဝန်းက မီဒီယာတွေ မှာ လူငယ် အပျိုငယ် တွေဟာ လိင်ကိစ္စ တွေကို မက်ဆေ့ခ်ျ ကနေ ပို့နေကြောင်း၊ ကိုယ်တိုင်ရိုက် ညစ်ညမ်းပုံ တွေကိုလဲ အပလီ ကေးရှင်း အမျိုးမျိုး ကနေ အပေးအယူ လုပ်နေကြောင်း ဖော်ပြ နေကြသလို ဆက်သွယ်ရေး နည်းပညာ ကို အသုံးပြုပြီး တစ်ဖက် သားကို နိုင်ထက် စီးနင်း လုပ်နေ သူတွေ၊ စိတ်သောက ရောက်စေ သူတွေ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စေ တာတွေ ကိုလဲ ကြားသိ နေရပါတယ်။

ဒီလို ကိစ္စမျိုးတွေဟာ လူငယ် တွေမှာပဲ ဖြစ်တာ မဟုတ်ဘဲ အိမ်ထောင်သည် တွေမှာပါ ဖြစ်ပျက်နေပြီး ထိန်းမနိုင် သိမ်းမရ ဖြစ်လာ တော့မှ ပေါက်ကွဲ သံစဉ်တွေနဲ့ လင်ခန်း မယားခန်း ကွာရှင်း ပြတ်စဲ ရသည်အထိ ဖြစ်လာ ကြတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီလို အကျင့်ဆိုး တွေကလဲ ဗိုင်းရပ်စ် သဖွယ် တစ်ဦးကို တစ်ဦး ကူးစက် ပျံ့နှံ့တတ် ပြန်တဲ့အတွက် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး အကျင့်ပျက် နေကြတဲ့ လူတစ်စုကို ရှာဖွေ ဖော်ထုတ်ပြီး လမ်းကြောင်း မှန်ပေါ် ပြန်တင် ပေးနိုင်ဖို့ ပညာရှင် များက သုတေသန ပြု လေ့လာ နေကြတာ ဖြစ်ပါတယ်။

လိင်ကိစ္စ တွေကို မဆွေးနွေးတဲ့ အဖွဲ့ တွေမှာလဲ အန္တရာယ်က မကင်းသေး ပါဘူး။ ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး တစ်ဖက်သား ကို အနိုင်ကျင့် တာနဲ့  ကိုယ် - စိတ် ဆင်းရဲအောင် ပြုမူ ပြောဆို တာတွေ ဒုနဲ့ဒေး ရှိပါတယ်။ နေ့စဉ် ရက်ဆက် အနိုင်ကျင့်ခြင်း၊ ရန်လို ခံရခြင်းတို့ ရှိနိုင်သလို ယုတ်မာ ရိုင်းစိုင်းတဲ့ ထင်မြင်ချက် တွေ ပေးတာ၊ ခြိမ်းခြောက်တာ၊ ရန်လိုတာ၊ ကောလာဟလ ဖြန့်တာနဲ့ တခြား စိတ်ဆိုးဖွယ်၊ စိတ်ထိခိုက်ဖွယ် အပြုအမူ၊ အပြောအဆို အမျိုးမျိုး တွေလဲ ရှိနေတာကို ကြားသိ နေရပါတယ်။

စစ်တမ်းအရ ဆက်သွယ်ရေး နည်းပညာ အသုံးပြု နေကြတဲ့ လူငယ် ၂၄ ရာခိုင်နှုန်း ဟာ ဆက်သွယ်ရေး နည်းပညာနဲ့ ကိုယ်စိတ် ဆင်းရဲအောင် ပြုမူပြောဆို တာတွေကို ခံနေ ရပါတယ်။ ၁၃ ရာခိုင်နှုန်းက အနိုင်လဲ အကျင့်ခံရ၊ ကိုယ်စိတ် ဆင်းရဲ အောင်လဲ အပြောခံ ရပါတယ်။ အနိုင်ပဲ အကျင့်ခံ ရသူကတော့ တစ် ရာခိုင်နှုန်းပဲ ရှိပါတယ်။

ဒီနေရာမှာ အနိုင်ကျင့် ခံရတာကို ခွဲခြမ်း စိစစ်ကြည့်မယ် ဆိုရင် လူလူချင်း အနိုင်ကျင့်တာ ၄ဝ ရာခိုင်နှုန်း၊ ဖုန်းခေါ်ပြီး အနိုင်ကျင့် ပြောဆိုတာ ၁ဝ ရာခိုင်နှုန်း၊ မက်ဆေ့ခ်ျပို့ ပြီး နိုင်ထက် စီးနင်း ပြောတာ ၁၄ ရာခိုင်နှုန်း နဲ့ အွန်လိုင်း စာမျက်နှာ တွေကနေ တိုက်ခိုက်တာ ၁၇ ရာခိုင်နှုန်း ရှိပြီး တခြားနည်း တွေနဲ့ အနိုင်ကျင့် တာက ၁ဝ ရာခိုင်နှုန်း ရှိတာကို တွေ့ရပါတယ်။

ဒါဖြစ်ရင် ဖုန်းပိတ်ထား ပါလား၊ အွန်လိုင်း မသုံးပါနဲ့ လားလို့  သူတို့ကို ပြောကြည့်တဲ့ အခါမှာ ခေါင်းညိတ်ကြ ပါတယ်။ ဒါပေမဲ့ ဖုန်းကိုတော့ လက်က မချပါဘူး။ ဖုန်းဆိုတာ ဆက်သွယ်ရေး နည်းပညာသုံး ကိရိယာ အပြင် တခြား နည်းလမ်း ပေါင်းစုံနဲ့လဲ အသုံးပြုလို့ ရနေတော့ ဒီဖုန်းကို မချနိုင်တာ မထူးဆန်း ပါဘူး။

ဒီနေ့ လူကြီး၊ လူငယ်မရွေး မနက်ထ လာရင် ဖုန်းကို အရင်ကိုင် ကြည့်ကြ ပါတယ်။ ကွန်ပျူတာကို ဖွင့်ကြ ပါတယ်။ မျက်နှာ မသစ်ခင် မှာကို အင်တာနက်လိုင်း ရ၊ မရ အရင်ကြည့်ကြ ပါတယ်။ အိမ်ထဲက မိသားစုဝင်တွေ အပေါ် စိတ်မရှည် သလောက် ဖုန်း၊ အင်တာနက် ပေါ်က လူတွေနဲ့ ကျတော့ စိတ်ရှည် လက်ရှည် ပြောကြဆို ကြပါတယ်။ လူတိုင်းစေ့ ဖုန်းငုံ့ကြည့် နေတဲ့ ထမင်းစား ဝိုင်းမျိုး စာဖတ်သူလဲ မြင်ဖူးမှာပါ။ လမ်းကွေ့ တွေမှာ ဖုန်းကို ငုံ့ကြည့်နေရင်း ဆိုင်ကယ် စီးလာတဲ့ ကောင်လေး တွေကြောင့် ယာဉ်မောင်းသူ အတော် များများလဲ အထိတ် တလန့်ဖြစ် ဒေါသထွက်ဖူး မှာပါ။ သားလေး၊ သမီးလေးကို မတွေ့လို့ တစ်အိမ်လုံး အနှံ့ လိုက်ရှာလိုက်ရင် အိပ်ရာထဲမှာ နံရံဘက် မျက်နှာမူ လဲလျောင်း နေပြီး ဖုန်းကို ပဲ တကုပ်ကုပ်နဲ့ သုံးနေတာကို တွေ့ရလို့ စိတ်ထဲ တင်းခနဲ ဖြစ်သွားတဲ့ မိဘတွေလဲ အများကြီးပါ။

ကားမောင်းရင်း ဖုန်းပြောနေလို့ မီးပွိုင့်၊ မီးနီကို ဖြတ်မောင်းမိ သူတွေ၊ တာဝန်ချိန်မှာ ဖုန်းကလိ နေလို့ အလုပ်ပြုတ် သွားတဲ့ သူတွေ၊ ဖုန်းကို ဘယ်မှ မချရဲဘဲ အိမ်သာသွား ရင်တောင် တစ်ပါတည်း ယူသွား တတ်သူ တွေကို ကျွန်တော်တို့ စိန်ခေါ်မှုလေး တစ်ခု လုပ်ကြည့် ရအောင်။ ဆက်သွယ်ရေး နည်းပညာ မသုံးဘဲ ဘယ်လောက် ကြာကြာ နေနိုင် သလဲပေါ့။ ဖုန်းနဲ့ အင်တာနက် လုံးဝမသုံးဘဲ နေကြည့်ပါ။ နှစ်နာရီ လောက်နေ နိုင်တယ်ဆိုရင် စာဖတ်သူဟာ တကယ် တော်ပါတယ်။ အမေရိကား မှာတော့ ၁ဝ မိနစ်ထက် ပိုမနေနိုင် ကြတာကို တွေ့ရပါတယ်။

တိုးတက် ပြောင်းလဲ လာတဲ့ခေတ် စနစ်အရ ဆက်သွယ်ရေး နည်းပညာကို မသုံးမဖြစ် သုံးကို သုံးရပါမယ်။ ဒါပေမဲ့ အဲဒီ ဆက်သွယ်ရေး နည်းပညာ အသုံးပြု အပလီ ကေးရှင်း၊ ဆော့ဖ်ဝဲနဲ့ အခြား လူမှုကွန်ရက် တွေကြောင့် သင်ဟာ လူသား မဆန်တော့ဘဲ နည်းပညာ သိပ်ဆန် သွားနိုင်တယ် ဆိုတာ ကိုတော့ ဂရုပြုရ ပါမယ်။

အိမ်နေရင်း ပျင်းပျင်း ရှိတာနဲ့ အွန်လိုင်းသုံးရင်း မဖြစ်သင့် တာတွေ ဖြစ်သွားတဲ့ အိမ်ရှင်မတွေ၊ ကိုယ့်လိုအပ်ချက် ဖြည့်ဆည်း ပေးနိုင်မယ့် သူတွေကို အွန်လိုင်းမှာ အမျိုးမျိုး ရေလာ မြောင်းပေး လုပ်ပြီး ရှာဖွေ နေတာတွေ၊ ပုရိသများ ကလဲ မိန်းကလေး တွေကို နှမချင်း မစာနာ ပြောဆို ချဉ်းကပ် နေတာတွေ၊ သင့်သားသမီး ဖုန်းနဲ့လူနဲ့ မခွာနိုင်လို့ မိသားစုနဲ့ပါ တဖြည်းဖြည်း ဝေးနေတာ တွေကို ကုစားနိုင်ဖို့  ဆက်သွယ်ရေး နည်းပညာ ကင်းမဲ့ဇုန်နဲ့ အချိန်လေး တစ်ခု ဖန်တီးလိုက်ပါ။ အဲဒီ အချိန်မျိုးမှာ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေ အားလုံး လူ၊ လူချင်း ဆက်ဆံ ပြောဆိုကြပါ။ လောကကြီးရဲ့အလှကို ခံစား ကြည့်ရှုကြပါ။ စကားတွေ ပြောကြပါလို့ တိုက်တွန်းရင်း ဆက်သွယ်ရေး နည်းပညာ နောက်ကွယ် က ကြောက်မယ်ဖွယ် နစ်နာမှု တွေကို လေ့လာ ရေးသား တင်ပြလိုက်ရ ပါတယ်။ ။

From: Themyawadydaily

www.mmdailystar.com

မြန်မာသူဌေးလက်သစ်များနှင့် တွေ့ဆုံခြင်း


ရန်ကုန်မြို့ရှိ Transit Shed 1 ဂိုဒေါင်ရှေ့တွင် အိုင်ဗန်ပန်ကိုတွေ့ရစဉ် (ဓာတ်ပုံ−ကောင်းထက်)


ရန်ကုန် ၀ါးတန်းဆိပ် ကမ်း၏ သာယာလှပ သော ညနေခင်းတစ်ခုမှာ ဆိပ်ကမ်းအလုပ်သမားများက ငါးဖမ်းလှေတွေပေါ်က ငါးခြင်းတွေကို အတင်အချလုပ်နေခြင်းများ ခေတ္တရပ်ဆိုင်းသွားသည်။ ညစ်ပေနေသော လမ်းပေါ်က ကုန်စိမ်းသည်များကလည်း ထိုင်နေရင်း ငြိမ်သက်သွားသည်။ လမ်းသွားလမ်းလာတွေကို ဆိုက်ကားစီးဖို့ ခေါ်နေသော ဆိုက်ကားသမားများ၏ အော်သံတွေလည်း တိတ်ဆိတ်သွားပါသည်။

သူတို့က စိတ်ရှုပ်စွာ အားကျ စွာဖြင့် ဟောင်ကောင်နှင့် လန်ဒန်တို့က ၀တ်ကောင်းစားလှဖက်ရှင် တွေကို ကျကျနန၀တ်ထားကြသူ များက ဖုံထူနေသည့် လမ်းပေါ်မှာ အပေါက်တွေနှင့် ရွှံ့တွေကို သူတို့ ဖိနပ်တွေနှင့် လွတ်အောင်ရှောင် ပြီး လျှောက်လာတာကို မျှော် ကြည့်နေကြပါသည်။ အနီးအနား အမှိုက်တွေဘေးမှာ တွင်းတူနေ သော ဧရာမကြွက်ကြီးများကို ရှောင်ရှားပြီး ဂုဏ်သရေရှိ အထက်တန်းလွှာများက Transit Shed 1 ဆိပ်ကမ်းဂိုဒေါင်ကြီးဆီ ဦးတည် ချီတက်သွားကြသည်။ ထိုဂိုဒေါင် ကြီးက သံချေးတက်နေပြီး သွပ်မိုး အပြင်ဘက်မှာ အစိမ်းရောင်သုတ်ထားပြီး မလှုပ်မယှက်။ သူ့ပတ် ၀န်းကျင်ကို ညစ်ပတ်နေသော ဆိပ်ကမ်းက ၀န်းရံထားသည်။

TS1 ဆိပ်ကမ်းဂိုဒေါင်အ တွင်းမှာတော့ အာဖဂန်နစ္စတန်နှင့် နီပေါနိုင်ငံပြီးလျှင် အာရှမှာ အ ဆင်းရဲဆုံးနိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံနှင့် လုံးဝခြားနေသည့် သီးခြားကမ္ဘာတစ်ခုဟု ခေါ်ဆိုနိုင်ပါသည်။ မြန်မာဒဏ္ဍာရီလာနဂါးများနှင့် ကလေးများကို ဆွဲထားသော ခေတ်ပြိုင်ပန်းချီကားကြီးက နံရံ တစ်ခုပေါ်မှာရှိနေသလို နိုင်ငံရေး အကျဉ်းသားဟောင်းကအစ သံ အမတ်အဆုံး နာမည်ကြီးထင်ရှား သူလူတိုင်းက ငယ်ရွယ်ချမ်းသာ သူ အိမ်ရှင်နှင့် ရှန်ပိန်ဝိုင်တွေကို ကိုယ်စီကိုင်မော့နေကြပါသည်။

သည်အခမ်းအနားက အ ရောင်းပြခန်းနေရာနှင့် အရောင်း စီမံကိန်းဖွင့်ပွဲည ဖြစ်ပါသည်။ အောက်စဖို့ဒ်တက္ကသိုလ်ဆင်း မြန်မာနိုင်ငံက အချမ်းသာဆုံးလုပ် ငန်းရှင်ကြီး၏ အငယ်ဆုံးသားဖြစ် သူ အသက် (၂၉) နှစ်အရွယ် အိုင်ဗန်ပန် က TS1 သည် မကြာသေးခင်နှစ်များက ဖြစ်ပေါ်ပြောင်းလဲခဲ့သော နိုင်ငံရေးစီးပွားရေးအပြောင်းအ လဲတွေအတွင်းမှာ လူတွေကို ဆွဲ ဆောင်မှုများ တစ်ဖန်ပြန်လည်ရယူနိုင်မည်ဟု မျှော်လင့်ထားသည်။ဆိုင်အထဲမှာတော့ ဈေးနှုန်း တွေက မျက်လုံးပြူးစရာတွေ ချည်းပင်။ ကပ်လျက်အခန်းတစ် ခုထဲက ရှမ်းပြည်နယ်က မြန်မာ ကျွန်းသစ်ဖြင့် လုပ်ထားသော ခုံ တန်းတစ်ခုက အမေရိကန်ဒေါ် လာ ၂၅၀၀ ရောင်းဈေးရှိသည်။ အမျိုးသမီးဝတ်အင်္ကျီများနှင့် အခြားလက်ဆောင်တွေမှာ မြန်မာ ပြည်ကထုတ်လုပ်သည်ဆိုသော တံဆိပ်နှင့် TS1 သင်္ကေတတံဆိပ် များ တပ်ထားသည်။ မကြာခင် အဆိုပါအရောင်းခန်းမတွင် ဒီဇိုင် နာ ပရိုရန်ဇာရှိုလာ၏ ဒေါ်လာ ထောင်ချီတန် အကောင်းဆုံးပိုက် ဆံအိတ်များနှင့် အမေရိကန်သမ္မတကတော် မီရှဲလ်အိုဘာ မားနှင့် ၀ီလျံမင်းသားကြင်ယာ တော် ကိတ်မယ်ဒဲလ်တန်တို့ ကြိုက်နှစ်သက်သည်ဆိုသော နီ ပေါအမေရိကန် ဒီဇိုင်နာပါရာဘဲလ်ဂုရန်တို့၏ လက်ရာများပါ သည့် ပစ္စည်းများကို အရောင်းပြ သထားမည် ဖြစ်သည်။

‘‘မြန်မာက ဒါတွေအတွက် အဆင်သင့်ဖြစ်ပြီလား။ ကျွန်တော်တို့ သိချင်တယ် ။ စားဖို့နဲ့ ၀ယ်ဖို့ကို မကျေနပ်နိုင်သေးတဲ့ လူတွေ၊ အာသာမပြေသူတွေရှိတယ်’’ဟု အမည်းရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီအကျပ်ကို ၀တ်ထားသူပန်က ပြောပါသည်။

ပန်၏ အမြင်က မြန်မာပြည် သည် ရက်စက်သော စစ်အာဏာ ရှင်လက်အောက်မှ လွတ်မြောက် နိုင်ခဲ့ပြီး အသစ်တဖန်ခမ်းနားခြင်း တွေ ပြန်လည်စတင်လာနေသည်။၂၀၁၁ ခုနှစ်တွင် အာဏာရှင်စနစ်ချုပ်ငြိမ်းခဲ့ပြီးနောက် အနောက်နိုင် ငံအစိုးရများက စီးပွားရေးပိတ်ဆို့ မှုများ ပြန်လည်ရုပ်သိမ်းခဲ့သည်။ ထို့ကြောင့် မြန်မာသည် ယခုအခါ ပထမဆုံးအကြိမ် အနောက်တိုင်း ပုံစံစားသုံးသူ ဈေးကွက်ရှိလာပြီ။ ပန်နှင့် သူလုပ်ဖော်ကိုင်ဖက်တွေ က ဒါကို စမ်းသပ်ကစားကြည့်ကြ မည်။

စင်ကာပူနိုင်ငံမှာ တစ်နှစ်နိုင်ငံသားပျဉ်းမျှတစ်ဦးချင်းဝင်ငွေ ၆၂,၄၀၀ ဒေါ်လာ။ အမေရိကမှာ ၅၂,၈၀၀ ရှိနေချိန်မှာ မြန်မာပြည် က တစ်နှစ်ကို လူတစ်ယောက်ဝင် ငွေ ဒေါ်လာ ၁,၇၀၀ သာရှိခြင်းက သူတို့ကို စိတ်ပျက်လက်လျှော့ သွားအောင် မလုပ်နိုင်ပါ။ သူတို့ ၏ TS1 အရောင်းစင်တာဘေးက အမှိုက်ပုံမှာတော့ ကလေးတွေက အမှိုက်တွေကြားမှာ ဆော့စရာအ ရုပ်တွေရှာနေကြ၏။

‘‘စားသုံးသူတွေအနေနဲ့ မြန် မာကလူတွေက သူတို့ရဲ့ အရသာ အကြိုက်တွေကို မသိရသေးဘူး။ အစကနေစရမှာပဲ။ အိန္ဒိယတို့၊အင်ဒိုနီးရှားတို့ဆို သူတို့အကြိုက်တွေ ရှိတယ်။ ဒီမှာတော့ ဈေးကွက်မှာ ၀ယ်လို့ရနေတာတွေမျိုးထက် ကျွန်တော်တို့ လန်ဒန်၊ နယူး ယောက်နဲ့ ပဲရစ်တွေက ဖက်ရှင်ဒီ ဇိုင်နာတွေကို ခေါ်လာပြီး ခင်း ကျင်းပြသနိုင်ပါတယ်’’

အပြင်ကမ္ဘာနှင့် ကြာရှည်စွာ အဆက်ပြတ်နေပြီးနောက် ယခု အခါ မြန်မာက ဟိုယခင်က ရုရှား၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့ လျှောက်လှမ်းခဲ့သည့် လမ်းပေါ်မှာလျှောက်လှမ်းနေပါပြီ။ ထိုနိုင်ငံ များ၏ တံခါးဖွင့်မှုသည် သန်း ကြွယ်သူဌေးမျိုးဆက်အများအ ပြားကို မွေးထုတ်ပေးခဲ့သည်။ အ ချို့ကတော့ တရားဝင်လုပ်ငန်း များနှင့် ချမ်းသာသူများ။ အချို့ ကတော့ အကျင့်ပျက်ခြစားမှုများ (သို့မဟုတ်) တရားမ၀င်လုပ်ငန်း များက ချမ်းသာသူများဖြစ်သည်။ မြန်မာကလည်း ထူးမခြားနားပါ။

အာဏာပိုင်များက ဘဏ် လုပ်ငန်းကနေ ဆက်သွယ်ရေးဖုန်းကွန်ရက်အထိ လုပ်ပိုင်ခွင့်လိုင် စင်များချပေးနေသည့်အတွက် မြန်မာ၏ စီးပွားရေးပြုပြင်ပြောင်း လဲမှုများက အခွင့်အလမ်းကောင်းများစွာကို ဖန်တီးပေးနေသည်။

Wealth-X ဆိုသည့် ချမ်းသာသူများကို စာရင်းကောက်ခံလိုက် နေသည့် အတိုင်ပင်ခံလုပ်ငန်း တစ်ခုက မြန်မာနိုင်ငံတွင် လော လောဆယ် အမေရိကန်ဒေါ် လာသန်း ၃၀ အထက်ပိုင်ဆိုင် ချမ်းသာသူပုဂ္ဂိုလ်လေးဆယ်ခန့်ရှိ နိုင်သည်ဟု တွက်ချက်ထားသည်။သို့ရာတွင် သူတို့က လာမည့် ဆယ်ရာစုအတွင်း ထိုအရေအတွက် သည် ခုနစ်ဆလောက် ထပ်တိုး လာစရာရှိပြီး ကမ္ဘာပေါ်တွင် အ မြန်ဆုံးတိုးတက်နှုန်းဖြစ်သည်ဟု ဆိုသည်။

ငွေအသစ်တွေ တိုးပွားလာ သည့် လက္ခဏာရပ်များကလည်း ပေါ်ပေါက်နေပါပြီ။ ကားတင်ပို့ခွင့်တွေ ဖြေလျှော့ပေးပြီး နောက် ရိုးလ်ရွိုက်စ်နှင့် ဂျာဂွာပြိုင်ကား အရောင်းပြခန်းတွေရှိလာပြီ။ ရန် ကုန်ဒေသခံများသည် နာမည်ကြီး အမြန်မောင်းကားအမျိုးမျိုးကို သံရည်ကျိုစက်သို့ ပို့သင့်သည့် သံ ချေးတက်အငှားတက္ကစီကားများနှင့် လမ်းများပေါ်မှာ ယှဉ်ပြီး တွေ့နေရပါပြီ။

မြန်မာ၏ စီးပွားရေးမြို့တော် ရန်ကုန် အိမ်ခြံမြေဈေးများကလည်း မိုးထိတော့မတတ် ဈေးတက်နေ သည်။ ရန်ကုန်ရွှေတောင်ကြားက အိပ်ခန်းလေးခန်းပါ ခေတ်မီ နှစ် ထပ်အိမ်တစ်လုံးကို အိမ်ငှားခ တစ်လ ဒေါ်လာတစ်သောင်းခန့်ရှိ ၏။ ကိုလိုနီခေတ်အိမ်ဟောင်းကြီး တွေကို ပိုင်ဆိုင်သူတွေက အိမ် တွေကို ဖျက်ပြီးခေတ်မီတိုက်တွေ အစားထိုးဆောက်နေချိန်မှာ သူတို့၏ အသက် (၂၀) အရွယ်သားသမီး များက ညဘက်ကလပ်တွေမှာ ဂျော်နီဝါးကား ၀ီစီကီကို မှာသောက်ကြသည်။

တရုတ်က အရှိန်လျော့ကျ သွားချိန်မှာ မြန်မာတွင် တန်ဖိုးကြီး နာမည်ကြီးဇိမ်ခံပစ္စည်းများကို တပ်မက်လိုချင်မှုများ ကြီးထွား လာသည်။ ပြီးခဲ့သည့်နှစ်က မြန် မာပြည်သားများသည် ၀ိုင်ဝယ်ယူ မှုအတွက် ဒေါ်လာ ၁ဒသမ၉ သန်းဖြုန်းခဲ့သည်ဟု ယူရိုမော်နီတာ အင်တာနေရှင်နယ်အမည်ရ ဈေး ကွက်သုတေသနအဖွဲ့က ဆို သည်။ ၂၀၁၈ ခုနှစ်တွင် ထို့ထက် နှစ်ဆဖြစ်လာပြီး မြန်မာသည် အာရှမှာ အလားအလာအရှိဆုံးတိုး တက်မှုများနှင့် စီးပွားရေးမျက်နှာစာသစ်ဟု သူတို့က ပြောကြား သည်။

‘‘ဒီမှာ လူတွေဘယ်လောက် ချမ်းသာတယ်ဆိုတာ ကျွန်တော် မသိရပေမယ့် လူအများစုဝေးတဲ့ ပွဲတွေ၊ မင်္ဂလာဆောင်တွေမှာ ကြည့်လိုက်ရင် အပြင်မှာ ဘီအမ် ဒဗလျူတို့၊ ဖာရာရီတို့ ကားတွေ တန်းစီနေတာပဲ။ လူတွေက ပြဖို့ မရှက်ကြပါဘူး’’ဟု အိုင်ဗန်ပန်က ဆိုသည်။ ဖိုဘီစ်မဂ္ဂဇင်း၏ အဆို အရ သူ၏ အဖေ ဦးသိမ်းဝေခေါ် ဆာ့ခ်ျပန်းသည် အသားတင်အမေရိကန်ဒေါ်လာသန်းတစ်ရာမှ သန်း ၆၀၀ အထိ ချမ်းသာသည်ဟု ခန့်မှန်းထားသည်။

သည်နေရာမှာ အကြီးအ ကျယ်မေးစရာရှိလာသည်က ချမ်း သာကြွယ်ဝလာသော သူဌေးအ သစ်များ၏ သုံးစွဲမှုများက ဆင်းရဲ သာများကို ခြိမ်းခြောက်လာပြီး အဆင့်အတန်းမတူသူများအ ကြားတွင် ပြဿနာများမဖြစ်ဘဲ အဆင်ပြေနိုင်ပါ့မလားဆိုသည်ပဲ ဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်း ငယ်က မြန်မာခေါင်းဆောင်များ သည် ဇိမ်ခံပစ္စည်းသုံးစွဲမှုများအ ပေါ်တွင် မကျေနပ်မှုများရှိလာ မည်စိုးသည့်အတွက် မိသားစုအ ချို့က ပိုင်ဆိုင်မှုများကို သိသိသာသာပြပြီး အများစုက နိုင်ငံခြား ဘဏ်စာရင်းများဖွင့်ကာ သိုဝှက် သိမ်းထားကြသည်။

ယခုအခါ တိုင်းပြည်ပွင့် လင်းလာမှုကြောင့် ရရှိလာသည့် အကျိုးအမြတ်များမှာ ယခင်စစ် ဗိုလ်ချုပ်များနှင့် ပူးပေါင်းထား သည့် အခွင့်ထူးခံ စီးပွားရေးသမားများထံသို့ပဲ ရောက်သွားသည်ဟု ပြည်သူများက ဆိုသည်။ မူးယစ် ဆေးဝါးကုန်ကူးမှု၊ စစ်အစိုးရနှင့် ပေါင်း၍ အကျင့်ပျက်ခြစားပြီး စီမံကိန်းများ လုပ်ခဲ့မှုတို့ကြောင့် အချို့စီးပွားရေးသမားများမှာ အနောက်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုစာရင်းတွင် ရှိနေဆဲဖြစ် သည်။

‘‘လူတွေရဲ့ ၀ှက်ထားတဲ့ ငွေ မည်းတွေ အခုထွက်လာနေပြီ’’ဟု ချင်းပြည်နယ်က ဒီမိုကရေစီရေး လှုပ်ရှားသူ ချယ်ရီဆာအူက ဆို သည်။ ချမ်းသာသူများမှာ တစ် ယောက်က ဖာရာရီကားဝယ်စီး လျှင် တစ်ယောက်က ဘန်တလေကားဝယ်စီး၏။ တစ်ယောက်က ငါးထပ်တိုက်ဆောက်လျှင် တစ် ယောက်က ခြောက်ထပ်တိုက် ဆောက်ပြီး အချင်းချင်းပြိုင်ဆိုင် နေကြသည်ဟု သူကဆိုသည်။

‘‘ကျွန်တော်တို့ ကမ္ဘာ့ဘဏ် တို့ ဘာတို့မလိုပါဘူး။ အခုလို အရမ်းချမ်းသာတဲ့သူတွေက ငွေ တွေကို အကျိုးရှိအောင် သုံးဖို့ပဲ လိုတယ်’’

မြန်မာကသူဌေးလက်သစ် များကတော့ သည်လိုပုံဖော်ဖို့က နည်းနည်းခက်သည်ဟု ဆိုပါ သည်။ နှစ်ပေါင်းများစွာ သိုသိုဝှက်ဝှက်မသုံးမဖြုန်းနေလာပြီးနောက်သည်လိုနည်းနည်းပါးပါး ဇိမ်ခံသုံးဖြုန်းချင်သည့်အတွက် လူများ၏ အပြစ်တင်ခံနေရသည်ဟု သူတို့ကဆိုသည်။

(ဝေါစထရိဂျာနယ်ပါ Meet The New Rich in Myanmar ဆောင်းပါး ပထမပိုင်းကို ထားထားမြင့် ဘာသာပြန်ဆိုသည်။ ဒုတိယပိုင်းကို စနေနေ့ (စက်တင်ဘာ ၆ရက်)ထုတ် သတင်းစာတွင် ဆက်လက်ဖော်ပြပါမည်။)
From:7day

www.mmdailystar.com

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခြင်းအား ဂုဏ်ယူပါ


ကျမသည် ယနေ့ည ၇ နာရီတွင် ဂျပန်နိုင်ငံ နာရီတာလေဆိပ်မှ စင်ကာပူနိုင်ငံသို့ ပထမတန်းဖြင့် ၇ နာရီကြာ လိုက်ပါလာခဲ့သည်။ ဂျပန်နိုင်ငံမှာ လေယာဉ်ပြောင်းစီးရန် ခေတ္တာနားခြင်းဖြစ်ပြီး ထိုမတိုင်ခင်တွင် အမေရိကနိုင်ငံ ချီကာကိုမြို့မှ ၁၃ နာရီကြာ လေယာဉ်စီးလာခဲ့သည်။

ဂျပန် နာရီတာလေဆိပ် လေယာဉ်အတွင်းသို့ ၀င်ရန် ဂိတ်မှာ First Class, Business Class ပထမတန်း၊ ဘစ်စနက်စ်တန်းတို့ကို ခေါ်တဲ့အခါ ကျမ၀င်လာခဲ့ပါတယ်။ လေယာဉ်အ၀င်ပေါက်ဂိတ်မှာ ကျမစာအုပ်ကို သိမ်းထားလိုက်ပြီး ကျမကို ခဏစောင့်ပါလို့ ပြောပါတယ်။ ကျမလဲ စောင့်နေလိုက်ပါတယ်။ ၅ မိနစ်လောက်ကြာတော့ အထူးတန်းခရီးသည်တွေလဲ လေယာဉ်ထဲ ၀င်ကုန်ပြီ။ ရိုးရိုးတန်းခရီးသည်တွေ စတင်ဝင်လာကြပါပြီ။

ကျမရပ်စောင့်နေရင်း ဘာကြောင့် ကျမစာအုပ်ကို ယူသွားရတာလဲလို့ တွေးမိတယ်။ လွန်ခဲ့တဲ့ ၇ နှစ်ခန့်က နာရီတာလေဆိပ်မှာ တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်သတိရစေတဲ့အတွက် ကျမစာအုပ်ယူသွားသူ ၀င်သွားတဲ့အခန်းထဲ ကျမ၀င်သွားပါတယ်။ (အဲဒီတုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ ဒီစာရဲ့အဆုံးနားမှ ဖေါ်ပြပါမယ်)

အဝေးကနေ သားလေးကတော့ စိုးရိမ်းတကြီးနဲ့ ပြေးလာပြီး မေမေ ဘာမှ သွားမပြောနဲ့ မကြာတော့ပါဘူး။ စောင့်လိုက်ပါဦးလို့ လာပြောပါတယ်။ သာလေး အဝေးမှာသွားရပ်နေ မေမေသိတယ်။ ဖြေရှင်းလိုက်မယ်လို့ ပြောတော့ သားက မသွားဘဲ ကျမဘေးကနေ လိုက်လာပါတယ်။

ကျမစာအုပ်ယူသွားတဲ့သူက အသက်ကြီးပိုင်း ဂျပန်အမျိုးသမီး ဖြစ်ပြီး ကျမစာအုပ်ကိုကြည့်လိုက်၊ ကွန်ပြူတာထဲကြည့်လိုက်၊ စာရိုက်လိုက် လုပ်နေပါတယ်။ ကျမတို့ အပြန်အလှန်ပြောတဲ့စကားကို အောက်ပါအတိုင်း ဖတ်ပါ။
ကျမ - ကျမ စာအုပ်ကို ဘာကြောင့် ရွေးပြီး စစ်တာလဲ
ဂျပန်ဝန်ထမ်း - ရွေးပြီး စစ်တာတော့ မဟုတ်ပါဘူး
ကျမ - ဒါဆိုဘာလို့ ယူသွားတာလဲဆိုတာ မရှင်းပြနိုင်ရင် ကျမစာအုပ်ကို အခုချက်ချင်း ပြန်ပေးပါ။
ဂျပန်ဝန်ထမ်း - သင်ရဲ့ အကျိုးအကြောင်းကို မှတ်တမ်းယူထားမလို့ပါ။
ကျမ - ဒါဆို အခု ကျမနဲ့ လေယဉ်တစီးတည်း စီးမယ့် ခရီးသည်အားလုံးရဲ့မှတ်တမ်းကော မလိုဘူးလား။ သူတို့ စာအုပ်ကိုလဲ တောင်းလေ။
ဂျပန်ဝန်ထမ်း - သူတို့က မလိုဘူး။ သင့် ဒါထာက United Airline ယူနိုက်တက်လေယာဉ်ကနေ ANA Airline အနာလေယာဉ်ကို ပြောင်းစီးတဲ့အခါ တက်မလာလို့ပါ
ကျမ - ဒါဆို ကျမနဲ့အတူတူ Check In (ချက်အင်) အတူတူ ၀င်ခဲ့သူတွေက ဘာကြောင့် ၀င်ခွင့်ရတာလဲ။ Data (ဒါထာ) တက်လာတာ အတူတူဘဲလေ။

ဂျပန်ဝန်ထမ်း မျက်နှာတွေ ပျက်လာပြီ။

ကျမ - မြန်မာစာအုပ်ကိုင်တဲ့သူဆို အဲလိုဘဲ ခွဲခြားဆက်ဆံသလား။ ကျမက ဂျပန်ပြည်ကနေ ခရီးစထွက်တာလဲ မဟုတ်ဘူး၊ ဂျပန်ပြည်ကိုလဲ မ၀င်ခဲ့ဘူး။ transit (ထရန်စစ်) ဘဲ ၀င်ခဲ့တာ။ အထူးတလည် စစ်ဆေးစရာမလိုဘူး။ မြန်မာနိုင်ငံလဲ အကြမ်းဖက်သမားတွေ နေတဲ့နိုင်ငံ မဟုတ်ဘူး။

သားလေးက ကျမလက်ကိုဆွဲပြီး မေမေ ဘာမှမပြောပါနဲ့လို့ ဘေးမှာ ခုန်ဆွခုန်ဆွဖြစ်နေပါပြီ။ ၀န်ထမ်း ကျမရှေ့မှာ လာရပ်ပြီး စာအုပ်ကို ချက်ချင်းပြန်လာပေးတယ်။

ကျမ - မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူ ဂျပန်လေဆိပ်ကို ဖြတ်သွားတာဖြစ်စေ၊ ရောက်လာတာဖြစ်စေ၊ ခွဲခြားပြီး မဆက်ဆံပါနဲ့။ သင့်အထက်လူကြီးတွေကိုလဲ အကြောင်းကြားပေးပါ လို့ ကျမပြောတော့ မျက်လုံးပြူးနဲ့ ကျမကို ကြည့်နေပါတော့တယ်။

အရပ်အမောင်းအားဖြင့်ဆိုလဲ ကျမက ၅ ပေ ၆ လက်မ မြင့်တော့ ဂျပန်ဝန်ထမ်းအမျိုးသမီးက ကျမရင်ဘတ်လောက်သာ ရှိပါတယ်။ ကျမကို မော့ကြည့်ပြီး သူမ တုန်တုန်ယင်ယင်လဲ ဖြစ်လာပါတယ်။ ကျမရှေ့မှာ ဒူးမထောက်ရုံတမယ် ခေါင်းကို ငုံ့ချလိုက် ကျမကို မော့ကြည့်လိုက်နဲ့။ ဆောရီးလို့သာ တထွင်ထွင်ပြောပါတယ်။

မြန်မာတွေကို နှိမ်တယ်လို့ နာမည်ကြီးတဲ့ လေဆိပ် ၂ ခု ရှိပါတယ်။ ဘန်ကောက်လေဆိပ်နဲ့ ဂျပန် နာရီတာလေဆိပ်တို့ ဖြစ်ပါတယ်။ အခုတော့ မြန်မာပြည်လဲ ပွင့်လင်းလာပြီမို့ တော်တော်လေး သက်သာလာပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် ၇ နှစ်လောက်က လေဆိပ်မှာ အနှိမ်ခံရတဲ့ မြန်မာတွေ ဇတ်လမ်းတွေ ရင်နာစရာကောင်းလှပါတယ်။

ဂျပန်လေဆိပ်ကို ၂၀၀၄ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ကျမရဲ့ ခရီးသွား ထရန်စစ်အဖြစ် အသုံးပြုခဲ့ဖူးပါတယ်။ တခါတလေ ၇ ရက်အတွင်း ၂ ကြိမ် ၀င်တဲ့အချိန်လဲ ရှိခဲ့ပါတယ်။ ဗီဇာလျှောက်ချိန်မရခဲ့ရင်လဲ လေဆိပ်မှာ ဗီဇာထုပေးပါတယ်။ ထိုအချိန်မှာ မြန်မာစာအုပ်ကို ဗီဇာမပါရင် ၀င်ခွင့်မပေးတဲ့အချိန် ဖြစ်ပါသော်လည်း ကျမအနေနဲ့ အခက်အခဲ မကြုံတွေ့ဖူးပါဘူး။ ဒါပေမယ့် မြန်မာမိတ်ဆွေများဆီကနေ မြန်မာစာအုပ်ကို ဘယ်လိုနှိမ်ကြောင်း ကြားဖူးပါတယ်။

ဘာကြောင့် ဂျပန်ဝန်ထမ်းကို အဲလို ပြောခဲ့တယ်ဆိုတာ အခု ရှင်းပြပါမယ်။ လေယာဉ်ပေါ်တက်ပြီးနောက် အဲဒီ အဖြစ်အပျက်ကို ပြန်သတိရပြီး မျက်ရည်များ တလိမ့်လိမ့်ဆင်းလာပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကျမတို့ မိသားစု ဂျပန်ပြည်ကနေ ပြန်လည်ထွက်ခွါခါနီး နာရီတာလေဆိပ်မှာ မြန်မာအမျိုးသမီးနဲ့ အမျိုးသား ၃၀ ခန့်ကို လက်ထိတ်ခတ်ပြီး ရဲများမှ ခေါ်လာတာကို ကျမမြင်ခဲ့ရတယ်။ သူတို့အချင်းချင်းစကားပြောတာ ကြားမိလို့ မြန်မာပြည်ကဆိုတာ သိတာပါ။ အစောင့်ရဲကို ကျမချဉ်းကပ်ပြီး ဘာအမှုလဲလို့ မေးတော့ တရားမ၀င်အလုပ်လုပ်တဲ့ မြန်မာတွေကို ဖမ်းပြီး လေယာဉ်နဲ့ မြန်မာပြည်ကို ပြန်ပို့တာ လို့ ပြောပါတယ်။

ကျမချက်ချင်း တွေဝေသွားပါတယ်။ သူတို့ကို စကားပြောချင်တယ်လို့ ရဲကိုခွင့်တောင်းတော့ ပြောခွင့်မပေးပါဘူး။ တွေးမိတာပေါ့ သူတို့တွေ ငွေကုန်ခံပြီး ဂျပန်မှာ အလုပ်လာလုပ်ကြတာ။ မိသားစုကို ထောက်ပံ့ကြတာ။ အခုသူတို့ပြန်ပို့ခံရတော့ ဘယ်လို ဘ၀ပြန်စမလဲလို့ တွေးပြီး အလိုလိုဝမ်းနည်းပြီး ငိုခဲ့ပါတယ်။ ကျမ ပြန်လှည့်လာခဲ့ပြီး ဒေါ်လာ ၅၀ ဆီ ပေးပေးပါလို့ ရဲကို ခွင့်ထပ်တောင်းတော့ ဘာမှ မပေးရဘူးလို့ ထပ်ပြောပါတယ်။ စိတ်အနာဆုံးအချက်က ဒုစရိုက်သမား မဟုတ်ရပါရက်နဲ့ မြန်မာတွေကို အများရှေ့မှာ လက်ထိပ်ခတ်ပြီး ခေါ်ဆောင်နေတာကို ဖြစ်ပါတယ်။

အထူးတန်း နားနေဆောင်ထဲ ၀င်သွားပြီး သားလေးနဲ့ အမျိုးသားက တခုခုစားပါလို့ ပြောရင်လဲ လက်ထိတ်ခတ်ခံရတဲ့ မြန်မာတွေကို မြင်ယောင်ပြီး မစားနိုင်။ လူတွေကသာ မသိတာ သူတို့အတွက် ထပ်တူထပ်မျှ ခံစားခဲ့တာကို ဂျပန်လေဆိပ်ရောက်တိုင်း ပြန်သတိရစေပါတယ်။ ဒါကြောင့် ကျမစာအုပ်ကိုမှ ရွေးပြီး ခဏယူ စစ်ဆေးနေတာကို ကျမ လက်သင့်မခံတာလဲ ဖြစ်ပါတယ်။ (ကျမအထင်လွဲတာလဲ ဖြစ်မှာပေါ့လေ)

မြန်စာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူ ဂျပန်လေဆိပ်ကို ဖြတ်သွားတာဖြစ်စေ၊ ရောက်လာတာဖြစ်စေ၊ ခွဲခြား မဆက်ဆံပါနဲ့။ သင့်အထက်လူကြီးတွေကိုလဲ အကြောင်းကြားပေးပါ လို့ ပြောခဲ့တာကို ပြန်တွေးရင်း ကျမကျေနပ်တယ်။ အနာဂါတ်မှာ ဂျပန်လေဆိပ်ကို မြန်မာစာအုပ်ဖြတ်သန်းသွားခဲ့သော် ကျမနဲ့ တွေ့တဲ့ အဆိုပါဝန်ထမ်းမှ ကောင်းကောင်းမွန်မွန် ဆက်ဆံမှာလို့ တွေးမိပါတယ်။

ကျမကို နိုင်ငံတော်တော်များများ သွားလာနိုင်တာကို တခြားနိုင်ငံသားခံယူထားလို့ အထင်ခံရပါတယ်။ မြန်မာနိုင်ငံကူးစာအုပ်ကို ယနေ့ထိ အခက်အခဲကြားမှ ထိန်းသိမ်းထားဆဲပါ။ ဘယ်နိုင်ငံကဘဲ နှိမ်ပါစေ မြန်မာစာအုပ်ကိုင်ရတာ ဂုဏ်ယူတယ်။ မရှက်ပါဘူး။

နီနီရဲရဲလေးနဲ့ မြန်မာနိုင်ငံကူးစာအုပ်ဆိုတာ ရဲရင့်ပါတယ်။
ကမ္ဘာ့လှည့်တဲ့ သတ္တိရှိတဲ့ မြန်မာနိုင်ငံကူးလက်မှတ် ဖြစ်ပါတယ်။
သင်လဲ မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်နိုင်တာ ဂုဏ်ယူလိုက်ပါ။

မှတ်ချက်
တချို့က ထင်ကြတယ် မြန်မာနိုင်ငံသားဖြစ်တာကို စွန့်လွှတ်လိုက်တဲ့သူတွေကို မြန်မာနို်င်ငံကို မချစ်ဘူးလို့ ယူဆကြမယ်။ ကျမ မိတ်ဆွေတွေ မြန်မာစာအုပ်ကို အခြေအနေအရ မတတ်သာလို့ စွန့်လွှတ်ခဲ့ကြတာ မြန်မာပြည်ကို ကျမချစ်သလောက် သူတို့ အမိနိုင်ငံကို အချစ်မလျော့ဘူးဆိုတာ သိစေချင်ပါတယ်။


From: လီဗီဆပ်နိုင်ထန်း

www.mmdailystar.com

ကိုယ့်တာဝန် ကိုယ်ကြေနိုင်ကြပါစေ



အယ်ကိုင်ဒါ ခေါင်းဆောင်ရဲ့ အိန္ဒိယ လက်ခွဲ ဖွင့်ပွဲနဲ့အတူ မြန်မာပြည်အတွက် သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးဖြစ်မယ့် အကျိုးသက်ရောက်မူတွေရှိလာပါတယ်

အပေါ်ယံမြင်ရသလောက်တော့ ISIS နဲ့ အယ်ကိုင်ဒါ လည်း အပြိုင်အဆိုင် အာဏာစက် ချဲ့တဲ့သဘောပါ IS က နာမည်ရလာတော့ အိုစမာ ဘင်လာဒင် ကြွ သွားပီးကတည်းက အင်အားချိနဲ့လာတဲ့ အယ်ကိုင်ဒါ အနေနဲ့လည်း ခြေလှမ်းက မသွက်လို့ မရတော့ဘူး အိန္ဒိယဆိုတာ အရင်က သူတို့ အစီအမံထဲမှာ အရေးကြီးတဲ့ ဒေသ မဟုတ်ဘူးခုတော့ အယ်ကိုင်ဒါ ခေါင်းဆောင် ပါးစပ်ကနေ Burma ဆိုတဲ့ စကားလုံး ပထမဆုံး အကြိမ် ထွက်ကျလာခဲ့ပီ ဘယ်လို လူတွေ ဘယ်လို အဖွဲ့အစည်းတွေ ကများ ဒီလို အကြမ်းဖက် သမားတွေရဲ့ အာရုံထဲကို Burma ဆိုတဲ့ နာမည် ရှေ့တော်မှောက် အရောက် ပို့ခဲ့သလဲဆိုတာတော့ မပြောချင်တော့ပါဘူး။(မိုးသီးဇွန် နဲ့ မူဆလင်တွေ တွေ့ဆုံပွဲလုပ်တဲ့ ဗီဒီယိုကြည့်ဖူးကြမယ်ထင်ပါတယ်)


အာရှရဲ့ ပထမဆုံး အယ်ကိုင်ဒါ လက်ခွဲအဖွဲ့ရဲ့ ပစ်မှတ်တွေထဲမှာ အိန္ဒိယ နိုင်ငံ တစိတ်တဒေသ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ပြည်မှာ လှုပ်ရှားဖို့ ဆိုတဲ့ အကြောင်းအရာတွေ ပြောကြားသွားပါတယ်
အိန္ဒိယမှာ အယ်ကိုင်ဒါ အခြေချနိုင်ဖို့ မူဂျာဟီးဒီး သူပုန်တွေကို စုစည်းပြီး ၂ နှစ်လောက် အချိန်ယူခဲ့ရတယ်လို့လည်း ပြောသွားပါတယ် အပြင်မှာ ဘယ်အတိုင်းအတာအထိ ထိခိုက်မူ ရှိနိုင်မလဲဆိုတာ မှန်းမရသေးပေမယ့် ပြည်တွင်းက အမျိုးသားရေးသမား ဆိုသူများကို ပြောလိုတာက အဲ့သတင်းကြားတာနဲ့ ငါတို့တော့ ဒီက မွတ်စလင်တွေကို နှိပ်ကွတ်ဖို့ အကွက်ရပီဆိုပီး သိပ်ဝမ်းမသာနေကြပါနဲ့အုံး တကယ်သာ အဲ့ဒီ အကြမ်းဖက် သမားတွေရဲ့ ခြိမ်းခြောက်မူ အတိုင်းအတာ တစ်ခုထိ ရိုက်ခတ်လာခဲ့ရင် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားမှာ စည်းလုံးမူ ရှိမှကို ဖြစ်မှာပါ စည်းလုံးမူမရှိဘဲ ရန်သူအသွင် ဆောင်နေလို့ကတော့ ပြည်တွင်းမှာ အထိနာဖို့ပဲ ရှိပါတယ် သူ ပြောခဲ့တဲ့ စကားလုံးတွေကို highlight လုပ်ပီး ပြည်တွင်းမှာ နည်းမှန်လမ်းမှန် မဟုတ်တဲ့ အစွန်းရောက် အမျိုးသားရေး ၀ါဒ ခေါင်းပြန်ထောင်လာနိုင်ပါတယ်

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ အနေနဲ့လည်း လက်ရှိ အယ်ကိုင်ဒါ အကြမ်းဖက် ခေါင်းဆောင် Zawahiri ပြောခဲ့တဲ့ စကားတွေနဲ့ ပတ်သတ်ပြီး အသေးစိတ် တိတိကျကျလေ့လာပြီး မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များ ကိုယ်စားပြု အဖွဲ့အစည်းတစ်ခုကနေ သဘောထားကြေညာချက် ထုတ်ပြန်တာမျိုးလောက်ထိ စောနိုင်သမျှ အစောဆုံး လုပ်နိုင်မယ်ဆိုရင်တော့ ဘာသာ တစ်ခုနဲ့ တစ်ခုကြား ယုံကြည်မူ ပိုပြီး တည်ဆောက်လာနိုင်လိမ့်မယ်လို့ ယူဆပါတယ် အစွန်းရောက် အကြမ်းဖက်သမားတွေနဲ့ ပြည်တွင်းမှာ အေးအေးချမ်းချမ်းနေနေတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေအကြား
မတူညီတဲ့ သဘောသဘာဝတွေကို ပြသနိုင်ဖို့ အကောင်းဆုံး အခွင့်အရေးလို့လည်း ယူဆပါတယ် သုံးတတ်ရင် အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာအကြား ရင်ကြားစေ့နိုင်ဖို့ အကောင်းဆုံး ဆေးတစ်လက်ပါပဲ ဒီမှာ အစ္စလာမ်မုန်းတီးရေးဝါဒ ပြန့်ပွားစေချင်တဲ့ အကြမ်းဖက်စိတ် အခံနဲ့ လူတစ်စု လက်မဦးခင် ကိုယ်က ဦးအောင် အသုံးချနိုင်ဖို့လည်း တိုက်တွန်းပါရစေ... ...

ပြည်တွင်းက ရှိနှင့်ပြီးသား အကြမ်းဖက်ဝါဒ ခေါင်းပြန် ထောင်မလာဖို့နဲ့ ပြည်ပက အကြမ်းဖက် ၀ါဒ ၀င်ရောက်မလာစေဖို့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဘာသာမရွေး လူမျိုးမရွေး နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်ပါတယ်... ကိုယ့်တာဝန် ကိုယ်ကျေနိုင်ကြပါစေ.... !

From: ညီသစ်

www.mmdailystar.com

ငွေအလွယ်ရရန် လမ်းမှားလိုက်မိခဲ့ဟု ပြည့်တန်ဆာမှုဖြင့် ဖမ်းဆီးခံရသူ ဘောလိဝုဒ် မင်းသမီး ဖွင့်ဟ

 
 

အသက် ၁၁ နှစ် အရွယ်ကပင် ကလေးသရုပ်ဆောင် တစ်ဦးအဖြစ် ဘောလိဝုဒ် အသိုင်းအ၀ိုင်း အတွင်း အောင်မြင် ကျော်ကြား နေခဲ့သည့် သရုပ်ဆောင် ရှဝီတာ ပရာဆက်သည် ပြည့်တန်ဆာ မှုဖြင့် ပြီးခဲ့သည့် ရက်ပိုင်းက အိန္ဒိယ နိုင်ငံ ဟိုင်ဒရာဘတ် မြို့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။

shweta1 copyဖမ်းဆီးခြင်း ခံရအပြီးတွင် အသက် ၂၃ နှစ် ရှိနေပြီ ဖြစ်သည့် မင်းသမီးက ဘောလိဝုဒ်၏ ငွေကုန်ကြေးကျ များသည့် နေထိုင်မှု ပုံစံကို အမှီလိုက်ရန် ကြိုးပမ်းရင်း လမ်းမှားကို လျှောက်မိခဲ့ခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ “ကျွန်မ အနုပညာ သက်တမ်းမှာ အမှားအယွင်းတွေ လုပ်ခဲ့တာကြောင့် ငွေကုန်ကြေးကျ များလာခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်မရဲ့ နေ့စဉ် အသုံးစရိတ် ကိုတောင် ကာမိဖို့ ခက်ခဲလာတယ်။ အဲဒီအချိန်မှာ ကျွန်မကို လူအချို့က ပြည့်တန်ဆာ လုပ်ဖို့ တိုက်တွန်း ခဲ့ကြတယ်။ ခုတော့ ကျွန်မ နောင်တရနေ ပါပြီ”ဟု ရှဝီတာ ပရာဆက်က ပြောခဲ့သည်။
ရှဝီတာ ပရာဆက်သည် အသက် ၁၁ အရွယ်တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် မက်ဒီး အမည်ရှိ ရုပ်ရှင်ကားကြောင့် အောင်မြင် ကျော်ကြားလာခဲ့ပြီး ယင်းရုပ်ရှင် အတွင်းမှ သူမ၏ သရုပ်ဆောင် မှုများကြောင့် အမျိုးသား ရုပ်ရှင်ဆုပေးပွဲတွင် အကောင်းဆုံး ကလေးသရုပ်ဆောင် ဆုကိုပင် ရယူနိုင်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေ နေ့က ဖြစ်ပွားခဲ့သည့် ဖမ်းဆီးမှုတွင် မင်းသမီး ပရာဆက် အပြင် အခြားသူ အချို့လည်း ဖမ်းဆီး ခံခဲ့ရပြီး ယင်းလူများ အထဲတွင် မွမ်ဘိုင်းမြို့မှ စီးပွားရေးသမား တစ်ဦးပင် ပါဝင်ကြောင်း သိရသည်။

ပရာဆက်ကို ဖမ်းဆီးခဲ့သည့် ဟိုင်ဒရာဘတ် ရဲစခန်းမှ စုံစမ်းရေးမှူး မူရာလီ ခရစ်ရှနားက “ကျွန်တော်တို့ မင်းသမီးကို ဖမ်းဆီးထား ပါတယ်။ လက်ရှိမှာ သူမကို ဓားစာခံ တစ်ယောက်လို့ ကျွန်တော်တို့ ယူဆထား တာကြောင့် သူမက မကြာခင်မှာပဲ ပြုပြင်ရေး စခန်းကို အပို့ခံရမှာပါ။ သူမကို ဒီဘ၀ ရောက်အောင် တွန်းပို့ပေးခဲ့တဲ့ သူကိုလည်း ဖမ်းဆီးထားပြီး သူမလို ဒုက္ခရောက်နေတဲ့ အခြား မိန်းကလေးတွေ ကိုလည်း စုံစမ်းနေ ပါတယ်”ဟု ပြောကြားခဲ့သည်။
From:OE

www.mmdailystar.com

မြန်မာလက်ရွေးစင် အသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ရဲ့ ဗိုလ်လုပွဲကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပေးမည်


PFF Peace Cup ပြိုင်ပွဲ၏ ဖိုင်နယ်ပွဲစဉ် အတွက် မြန်မာအသင်း၏ Official Training ကို ယနေ့  ညနေတွင် မနီလာမြို့  ရှိ Rizal Memorial Stadium တွင်ပြုလုပ်လျှက်ရှိသည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲအဖြစ် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် နံနက်ဖြန် ည ၇ နာရီ ( မြန်မာစံတော်ချိန် ညနေ ၅နာရီခွဲ)တွင် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။

မြန်မာလက်ရွေးစင် အသင်းနဲ့ ဖိလစ်ပိုင် အသင်းတို့ရဲ့ ဗိုလ်လုပွဲကို MRTV မှ စက်တင်ဘာလ ၆ ရက်နေ့ ညနေ ငါးနာရီ ဆယ့်ငါးမိနစ် တွင် တိုက်ရိုက် ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း ဘောလုံးချစ်သူပြည်သူများအား အသိပေးတင်ပြအပ်ပါတယ်။


U Zaw Zaw
From: Myanmar Football Federation

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...