Monday, 15 September 2014

နာမည်ထွက်နေတဲ့ ကောင်းပြည့်နဲ့ မိုးယုစံ ရှင်းတမ်း


လွန်ခဲ့တဲ့တစ်ပတ်ကျော်လောက်က သရုပ်ဆောင်ကောင်းပြည်နဲ့ မိုးယုစံတို့ နှစ်ဦးသား တရုတ်တန်းမှာ လက်တွဲလမ်းလျှောက်သွားကြတယ်ဆိုတဲ့ သတင်းကြောင့် သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာ အွန်လိုင်းမှာ ပရိသတ်တွေရဲ့စိတ်ဝင်စားတဲ့ အကြောင်းအရာဖြစ်လာပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး မိုးယုစံကို မေးကြည့်လိုက်တော့ သူမက“တရုတ်တန်းမှာ ကောင်းပြည့်နဲ့ကိစ္စက မိုးယုတောင် သေချာမသိဘူး။ ညီမ ကိုယ်တိုင်လဲ ဘာမှန်းကို မသိဘူး။ facebook ဆိုတာ အရမ်းကိုတွင်ကျယ်လာတယ်။ ဟုတ်တာတွေရော၊ မဟုတ်တာတွေရောဆိုတော့ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး မိုးယုဖက်က ဘာမှတော့ ပြောစရာမရှိဘူး။ ဒီအချစ်ကိစ္စနဲ့ပတ်သတ်ပြီး သတင်းမထွက်ဖူးဘူး။ အဲ့ဒီတွက် ဒါဟာပရိသတ်တွက် ထူးဆန်းမှုတစ်ခုဖြစ်ရင်ဖြစ်မယ်။ နောက်ပြီးတော့ အမှန်တိုင်းပြောရင် မုန့်သွားစားတာပါ။ ညီမတို့နှစ်ယောက် အနုပညာရှင်တွေလဲဖြစ်တယ်။ တခြားလူငယ်တွေလို လူငယ်ပီပီ လွတ်လွတ်လပ်လပ် သွားချင်တဲ့ စိတ်လဲ နှစ်ယောက်လုံးမှာရှိတယ်။ အပြင်လူတွေလိုပဲ သူငယ်ချင်းလိုပဲ သွားဖြစ်ကြတာပါ။ အဲ့နေ့က အလုပ်ကိစ္စလေးတွေလဲရှိလို့ပါ။ လက်တွဲသွားလား မတွဲသွားလား မိုးယုလဲ မသိပါဘူး။ သူက မဟုတ်ဘူးလို့ ဖြေထားတာမို့ သူဖြေထားသလိုပါပဲ”တဲ့။

သူမရဲ့ အချစ်ရေးအခြေအနေ ထူးခြားမှုရှိမရှိ ထပ်မေးကြည့်လိုက်တဲ့အခါမှာတော့ “ခုချိန်မှာ ရေရေရာရာဘယ်ဟာက အချစ်စစ်လဲဆိုတာ မသိသေးပါဘူး။ မိုးယုရဲ့မိဘတွေကတော့ မိန်းကလေး တစ်ယောက်လဲဖြစ်တယ်။ အနုပညာရှင် တစ်ယောက်လဲဖြစ်တော့ အိမ်ကတော့ လွတ်လပ်ခွင့်မပေးဘူး။ အစက ဆုံးဖြတ်ထားတာ ဒီလောကထဲက လူပဲဖြစ်ဖြစ် အပြင်လောကက လူပဲဖြစ်ဖြစ် ဘယ်ဟာလဲဖြစ်ဖြစ် ကိုယ့်ရဲ့ဘ၀လက်တွဲဖော်က ရှိပြီးသားဆိုတော့ အဲ့ဒါကို မိုးယု လက်ခံပါတယ်။ နောက်ပြီးတော့ ညီမက လိုချင်တာများတယ်။ ငယ်ငယ်ကတည်းက အဖော်မရှိပဲ အထီးကျန် နေခဲ့ရတဲ့အတွက် ညီမအတွက်က အဖော်တစ်ယောက်ရပြီဆိုရင် လိုချင်တာတွေ အရမ်းများသွားတတ်တယ်။ အဲ့ဒါက တစ်ဖက်လူအပေါ်မှာ ဘယ်လိုဖြစ်သွားမလဲ ဆိုတာတော့မသိဘူး။ အချစ်ဆိုတာ မိုးယုအတွက်တော့ ပူလောင်ပါတယ်။”လို့ သူမက ဖွင့်ဟသွားပါတယ်။
From: Trend Myanmar

www.mmdailystar.com

Sex လုပ်ခြင်းကြောင့် ကျန်းမာရေးအထူးကောင်းနိုင်(+18)

ချစ်ခြင်း မေတ္တာက ပုံသဏ္ဌာန်အမျိုး မျိုးနဲ့ ရှိပါတယ်။ ချစ်သူရဲ့  ချစ်ခြင်းမေတ္တာ၊ အိမ်ထောင်ဖက်ရဲ့ ချစ်ခြင်းမေတ္တာ၊ မိဘ ဆွေမျိုးတွေရဲ့ ချစ်ခြင်းမေတ္တာ၊ မောင်နှမ တွေရဲ့ ချစ်ခြင်း မေတ္တာနဲ့ မိတ်ဆွေသူငယ် ချင်းတွေရဲ့ ချစ်ခြင်းမေတ္တာ ဆိုပြီး ပုံစံ အမျိုးမျိုး ရှိတဲ့အနက် ချစ်ခြင်းမေတ္တာ ပုံစံအားလုံးဟာ သင့်ဘဝကို ပိုပြီး ပျော် ရွှင်မှု ရရှိစေပြီး ပိုမိုကျန်းမာ စေပါတယ်။
သွေးတိုးကို ကျစေပါတယ်
ချစ်ခြင်းမေတ္တာဟာ သွေးတိုးကို ကျ စေပြီး စိတ်ဖိစီးမှု အဆင့်ကို လျော့ပါးစေ ပါတယ်။ ၂၀ဝ၇ လေ့လာမှုတစ်ခုအရ ပျော်ရွှင်တဲ့ လက်ထပ်ပြီး စုံတွဲတွေဟာ လက်မထပ်ထားတဲ့ လူတွေထက် သွေး တိုးကို ကျစေပြီး မပျော်ရွှင်တဲ့ အိမ်ထောင် သည်စုံတွဲတွေက တခြားအိမ်ထောင် သည်စုံတွဲတွေထက် သွေးတိုးစေကြောင်း သိရပါတယ်။
အိမ်ထောင်သည် တွေမှာသာမက တစ်ဦးနဲ့ တစ်ဦး ရင်းနှီးချစ်ခင်ကြတဲ့ စုံ တွဲတွေမှာလည်း အလားတူအာနိသင်မျိုး ရနိုင်ပါတယ်။ ၂၀၁၀ လေ့လာမှုတစ်ရပ် အရ တစ်ဦးနဲ့ တစ်ဦးရင်းနှီးချစ်ခင်မှု အ ပြည့် ရှိတဲ့ ချစ်သူရီးစားတွေဟာ မရှိသူ တွေထက် သွေးတိုးကျစေကြောင်း သိရ ပါတယ်။
လေ့လာမှုအရ အထီးကျန်းဆုံး လူတွေဟာ တခြားသူတွေနဲ့ ယှဉ်ရင် အပေါ် သွေးဖိအား ၁၄ ဒသမ ၄ မှတ် ပိုမို မြင့် တက်နေကြောင်း သိရပါတယ်။
စိတ်ဓာတ်ကျ ဝေဒနာကို သက်သာစေပါတယ်
စိတ်ဓာတ်ကျ ချင်သလိုလို ဖြစ်နေ သူတွေရဲ့ စိတ်ကျဝေဒနာကို သက်သာ စေတာကလည်း ချစ်ခြင်း မေတ္တာရဲ့ အ စွမ်းပါပဲ။ လတ်တလော လေ့လာမှုတစ် ရပ်အရ မကြာသေးခင်က လက်ထပ်ထား တဲ့ အိမ်ထောင်သည်တွေမှာ တစ်ကိုယ် တည်း နေထိုင်သူတွေထက် စိတ်ဓာတ် ကျမှုအဆင့် လျော့နည်းကြောင်း တွေ့ရှိ ရပါတယ်။ ကိုယ်ချစ်တဲ့ သူနဲ့ အတူနေထိုင် တဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်နိုင်ခြေ လျော့နည်းတတ် ပါတယ်။
ကိုယ်ခံ စွမ်းအားစနစ် မြင့်တက်စေပါတယ်
ပျော်ရွှင်တဲ့ စုံတွဲတွေဟာ ချစ်ခြင်း မေတ္တာမရှိတဲ့ စုံတွဲတွေထက် ဆရာဝန်ထံ သွားပြနှုန်း လျော့နည်းပါတယ်။ ဝိုက်ခ် တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရတစ် ပတ်မှာ အနည်းဆုံးတစ်ကြိမှ်နထ ရှိတဲ့ စုံတွဲတွေမှာ နာမကျန်းမှုကို တွန်းလှန်နိုင် တဲ့ ပဋိပစ္စည်း IgA အဆင့်မြင့်တက်မှု ရှိပြီး ကျန်းမာရေးကောင်းမွန်တာကို တွေ့ ရှိရပါတယ်။ ချစ်တဲ့သူတွေကို နမ်းတာ၊ ပွေ့ဖက်တာတွေကြောင့် ထွက်လာတဲ့ အောက်ဆီတိုစင်ဟော်မုန်းဟာ စိတ်ဖိစီး မှုဟော်မုန်းကို ချိုးနှိမ်လိုက်တာကြောင့် ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တက်စေပါ တယ်။
ပုံမှန် Sex ရှိတာကြောင့်သာမက ချစ်သူခင်သူ အချင်းချင်း ရင်းရင်းနှီးနှီး ပွေ့ဖက် တာကြောင့်လည်း ကိုယ်ခံစွမ်း အားစနစ် မြင့်တက်မှု ရှိပါတယ်။ ဒါကြောင့် သင်ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ မကြာခဏ ချိန်းဆိုပြီး ပျော်ရွှင်ကြည်နူး စွာ အချိန်ကုန်ဆုံးလိုက်ပါ။
သက်ရှည်ကျန်းမာ စေပါတယ်
ယေဘုယျ အားဖြင့် လက်ထပ်ထားတဲ့ စုံတွဲတွေဟာ လက်မထပ်ထားသူတွေ ထက် ဘဝသက်တမ်း ပိုရှည်ရှည်နေရ တယ်လို့ နိုင်ငံတကာ အသက်ရှင်နှုန်း လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ လက်ထပ်ထားတဲ့ အမျိုးသားတွေဟာ နှလုံးရောဂါထနိုင်ခြေ ထက်ဝက်နီးပါး လျော့နည်းပါတယ်။
တချို့လေ့လာမှုတွေ အရ အိမ်ထောင်သည် အမျိုးသားနဲ့ အမျိုးသမီးတွေဟာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ၊ အယ်လ်ဇိုင်းမားရောဂါနဲ့ အဆုတ်ရောဂါတို့လို ပြင်းထန်တဲ့ ရောဂါ ဝေဒနာ ဖြစ်နှုန်းကို သိသိသာသာ လျော့ ကျစေတယ်လို့ သိရပါတယ်။
ခန္ဓာကိုယ် အချိုးအစား လှပကြည့်ကောင်းစေပါတယ်
အိမ်ထောင်သည် တွေတွေမှာ Sex ကြောင့် မိနစ် ၃၀ ကြာတိုင်း ၈၅ ကယ်လိုရီနဲ့ အ ထက် လောင်ကျွမ်းမှုရှိတယ်လို့ ကျွမ်း ကျင်သူတွေက ဆိုပါတယ်။ ဒါ့အပြင် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဟာ နှစ်နှစ် ခြိုက်ခြိုက် အိပ်မော ကျစေပြီး နာကျင် ကိုက်ခဲမှု ဝေဒနာကို လျော့ပါးစေကာ အမျိုးသားတွေမှာ ဆီးကျိတ် ကင်ဆာဖြစ် နိုင်ခြေကို လျှော့ချနိုင်ကြောင်း ဟားဗတ် လေ့လာမှုအရ သိရပါတယ်။

From:NMN

www.mmdailystar.com

တတိယပိုင်း ( ၂၀၁၀ - မျက်မှောက်ကာလ )




၂၀၁၀ နောက်ပိုင်း …
နိုင်ငံရေးအခြေအနေကို သုံးသပ်ရမယ်ဆိုရင်…
မပါမဖြစ် ပါလာရမယ့် ကိစ္စကတော့ …
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ နဲ့  …
အသွင်ကူးပြောင်းရေး အစိုးရ ပဲ ဖြစ်ပါတယ် …

ဒီဥပဒေ ၊ ဒီအစိုးရ နဲ့ ပတ်သက်ပြီး …
ကျွန်တော့အမြင်ကတော့ တစ်ခုပဲ ရှိပါတယ် ….
ဒီ ဥပဒေ နဲ့ အစိုးရ ဟာ …..
အသွင်ကူးပြောင်းရေး နဲ့  …
မြန်မာ့နိုင်ငံရေး ရေမြေသဘာဝ လိုအပ်ချက်အရ ….
ပေါ်ထွက်လာတဲ့  ….
အခြေခံဥပဒေ နဲ့  အစိုးရ ဖြစ်တယ် ဆိုတဲ့  ….
အချက်ပဲ ဖြစ်ပါတယ် ….

ဒီမိုအုပ်စုဝင်တစ်ယောက် နဲ့  ...
အပြင်မှာ စကားစမြည်ပြောရင်း …
သူက ကျွန်တော့်ကို ဒီလို မေးခွန်းထုတ်ဖူးပါတယ် …
ကိုရဲမိုး … ၂၀၀၈ အခြေခံ ဥပဒေဟာ …
သူတို့ တဖွဖွ ရွတ်နေသလို …
လူထုဆန္ဒနဲ့ ပြဋ္ဌာန်းထားတယ်လို့  ခင်ဗျားလက်ခံပါသလား …?
လက်ရှိ အစိုးရကရော ….
လူထုဆန္ဒနဲ့  ရွေးကောက်တင်မြှောက်ထားတယ်လို့  ….
ခင်ဗျား လက်ခံပါသလား … ?

ကျွန်တော်ကတော့ ရိုးရိုးလေးပဲ ပြန်ပြောခဲ့ပါတယ် …
အရေးကြီးတာက အသွင်ကူးပြောင်းရေးအတွက် …
ဖြေလျော့လိုစိတ်ရှိတဲ့  ကြားခံအစိုးရတစ်ရပ် နဲ့  …
သူတို့ လက်ထက် အလုပ်လုပ်လို့ ရမယ့် ….
အလုပ်ဖြစ်မယ့် အခြေခံဥပဒေတစ်ခု ပေါ်ပေါက်လာဖို့ ပါပဲ ….

ဒီဥပဒေကို ဘယ်လို ပြဋ္ဌာန်းခဲ့တယ် …
ဒီအစိုးရ ဘယ်လိုပေါ်လာတယ် ဆိုတာ အရေးမကြီးပါဘူး …
တကယ်တန်း ပြောရမယ် ဆိုရင်တော့ …
ဒီအစိုးရက မဖြစ်မနေ ပေါ်ကိုပေါ်လာရမှာပါ ….
ဒီ အသွင်ကူးပြောင်းရေး ကြားခံအစိုးရ တစ်ရပ် မရှိပဲ …
ဒီမိုကရက်တစ် နိုင်ငံတစ်ခုကို ဘယ်လိုမှ မကူးပြောင်းနိုင်ပါဘူး ….

အဲဒီတော့ လူထုဆန္ဒ ခံခံ မခံခံ …
မဲ ခိုးခိုး မခိုးခိုး …
ဒီ ကြားခံအစိုးရ ကို …
ထားကိုထားခဲ့ရမှာ ဖြစ်တဲ့ အတွက် ….
ဒီ အစိုးရ ပေါ်ပေါက်လာရခြင်း ဖြစ်ပါတယ် …

ဒီ ကြားခံအစိုးရ ပေါ်ပေါက်လာဖို့ အတွက် …
စစ်အစိုးရဟာ …
ရွေးကောက်ပွဲ နည်းလမ်းကို အသုံးပြုခဲ့ပါတယ် ….
တကယ်လို့ ဒီနည်းကို မသုံးလဲ …
နောက် တစ်နည်းနည်းနဲ့  …
ဥပမာ - ကြားဖြတ်အစိုးရ သော်လည်းကောင်း ….
အသွင်ကူးပြောင်းရေး အစိုးရလို့ သော်လည်းကောင်း …
တစ်ခုခု နာမည်တပ်ပြီး …
ပေါ်ကို ပေါ်လာရမှာပါလို့  …
ကျွန်တော် ဖြေကြားခဲ့ပါတယ် …

ဟုတ်ပါတယ်….
ကျွန်တော်တို့ ဟာ …
ဒီ အသွင်ကူးပြောင်းရေး ကြားခံအစိုးရတစ်ခု …
မဖြစ်မနေ လိုကို လိုအပ်ပါတယ် ….

ဒီအစိုးရဟာ …
အရင် စစ်အစိုးရ အဖွဲ့ ဝင်တွေ နဲ့ လဲ …
ပလဲနံပသင့်ဖို့ လိုပါတယ် …
အတိုက်အခံ အုပ်စုတွေအပေါ်လဲ …
ရန်သူလို့ သဘောထားလို့ မရပါဘူး …
တပ်မတော် နဲ့ လဲ ပြေပြစ်တဲ့ ဆက်ဆံရေး ရှိရပါမယ် …
ခရိုနီတွေနဲ့ လဲ အလိုက်အထိုက် ဆက်ဆံနိုင်ရပါမယ် …
တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လဲ ….
အတွင်းသိ အစင်းသိ နိုက်နိုက်ချွတ်ခွတ် …
ဆွေးနွေး ညှိနိုင်းနိုင်တဲ့ သူ ဖြစ်ရပါမယ် ….
ဒါတွေအားလုံးနဲ့ အဆင်ပြေပြေ ဆက်ဆံရင်း ….
ဒီမိုကရက်တစ် လူ့ ဘောင်ကိုလဲ ….
ပြုပြင်ပြောင်းလဲ အသွင်ကူးပြောင်းဖို့  ….
လုပ်ဆောင်သွားနိုင်ရပါမယ် ….

ဒါဟာ …
တကယ် ပြသနာကြီးကြီးမားမားမတက်ဘဲ …
အဆင်ပြေပြေ ချောချောမွေ့ မွေ့  …
အသွင်ကူးပြောင်းသွားနိုင်မယ့် မြန်မာ့နွေဦးပါ ….

အစိုးရ အနေနဲ့  …
ဒီအင်အားစုတွေထဲက တစ်ခုခုနဲ့  သာ …
ရန်သူ သဖွယ်ဖြစ်နေခဲ့မယ်ဆိုရင် …
မြန်မာ့နွေဦးဟာ ….
အများကြီး အဖုအထစ်ရှိသွားနိုင်ပါတယ် …

လက်ရှိအနေအထားမှာတော့….
ဒီကြားခံ အစိုးရဟာ …
အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက လွဲရင် …
ကျန်တဲ့  အင်အားစုတွေနဲ့  …
အတော်လေး အဆင်ပြေတဲ့  အနေအထားရှိပါတယ် …
အသွင်ကူးပြောင်းရေးကိုလဲ …
ဖြည်းဖြည်း နဲ့ မှန်မှန် ချီတက်နေတဲ့ သဘောရှိပါတယ် …

ဒီလိုဆိုရင် …
ဒီအစိုးရ တစ်ဖွဲလုံး ခြောက်ပြစ်ကင်းသဲလဲစင်လား …???
ဘာပြသနာမှ မရှိတော့ဘူးလား လို့  …
မေးခွန်းထုတ်စရာ ရှိပါတယ် …..

မဟုတ်ပါဘူး ….
သူတို့ အတွင်းမှာလဲ …
သဘောထားကွဲလွဲမှုတွေ …
တင်းမာ ဆန့် ကျင်မှုတွေ …
ပြသနာတွေ ရှိနေတာ သေချာပါတယ် ….

သာသနာရေး ၀န်ကြီး နဲ့ သမ္မတ ပြသနာ တက်တဲ့ အချိန်မှာ …
ကျွန်တော် စိတ်ဝင်စားတဲ့ ကိစ္စသည် …
သူတို့ ဘာပြသနာ တက်သလဲ ဆိုတဲ့ ကိစ္စထက် …
ပြညထောင်စု ၀န်ကြီးက ….
သမ္မတ ခိုင်းတာကို ဒဲ့ မလုပ်ဘဲ နေရဲရအောင် ….
သူ့ နောက်မှာ ဘယ်သူက ကျောထောက်နောက်ခံပြုနေလို့ လဲ ?????????
ဆိုတဲ့ ကိစ္စကို ….
ကျွန်တော် ပို စိတ်ဝင်စားခဲ့မိပါတယ် …

လူအများစုက …
သမ္မတ အနေနဲ့  ပြည်ထောင်စု ၀န်ကြီးကို…
ပြင်းပြင်းထန်ထန် အရေးယူပြလိုက်တာနဲ့  ပတ်သက်ပြီး …
ဝိုင်း ပြက်ရယ်ပြုနေကြချိန်မှာ…
ကျွန်တော် ကတော့ ….
ဒါဟာ သမ္မတ အနေနဲ့  ….
သူ့ အစိုးရ အဖွဲ့ အတွင်းက …
ဘယ်သူတွေကို မက်ဆေ့ခ်ျ ပေးချင်တာလဲ ???
ဘယ်သူတွေကို …
မင်းတို့ ဒီမှာ ကြည့်ထားဆိုပြီး …..
စံနမူနာပြ အရေးယူပြလိုက်တာလဲ ????
ဆိုတဲ့ ကိစ္စကို အသံတိတ် စဉ်းစားနေမိပါတယ် ….

သုံးပွင့်ဆိုင် … လေးပွင့်ဆိုင် ဆိုတဲ့ ကိစ္စ ….
ကျွန်တော် လက်မခံနိုင်ပါဘူး …
ဘာလို့ လဲဆိုတော့ …
အင်အားစု သုံးစု လေးစု ပဲ ရှိတာ မဟုတ်လို့ ပါ …
နိုင်ငံရေးပါတီ ၆၇ ခု ရှိပါတယ် …
ဖြစ်သင့်တာကတော့ ….
နိုင်ငံရေးပါတီများနဲ့  တွေ့ ဆုံပွဲ ပဲ ဖြစ်သင့်ပါတယ် …

ဖွဲ့ စည်းပုံ အခြေခံ ဥပဒေကို ပြင်ရမယ်ဆိုတာလဲ လက်ခံပါတယ် …
ဘယ်လို ပြင်ရမလဲ ဘာကိုပြင်ရမလဲ ….
ဘယ်အချိန် ပြင်ရမလဲ ဆိုတာကတော့ …
ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူတွေ ရဲ့  ဒီမိုကရက်တစ် အလေ့အထတွေ …
ရင့်ကျက်ပြည့်ဝလာမှု အနေအထားပေါ်ပဲ …
မူတည်တယ်လို့ မြင်ပါတယ် …

ဥပမာ - ပုဒ်မ ၁၈ကို …
ဖြေလျော့ ပြစ်လိုက်တဲ့ အနေအထားမျိုးပါ …
ပြီးခဲ့တဲ့ သုံးနှစ်အတွင်း …
လူထုဟာ ဆန္ဒပြပွဲတွေနဲ့  ပတ်သက်လို့  …
အတော်အတန် အတွေ့ အကြုံ ရခဲ့ပြီးပါပြီ …
ဝါ၀ါမြင်တိုင်း ရွှေမဟုတ်နိုင်ဘူးဆိုတာလဲ …
သဘောပေါက် နားလည်သွားပါပြီ….

ဒါကြောင့် အခုလိုကာလမှာ …
ပုဒ်မ ၁၈ ကိုဖြေလျော့လိုက်တာကို ကြိုဆိုပေမယ့် …
၂၀၁၀ အစပိုင်းမှာ ဖြေလျော့မယ်ဆိုရင်တော့ …
ကျွန်တော် အနေနဲ့ ….
ဘယ်လိုမှ ဘ၀င် ကျနိုင်မှာ မဟုတ်ပါဘူး ….
ဒီ သဘောပါပဲ ….

လက်ရှိ ကျွန်တော်တို့ နိုင်ငံရေး အခင်းအကျင်းဟာ…
အင်အားစုကြီး တစ်ချို့  အပြိုင်အဆိုင် နေရာယူ…
ဗျူဟာ ခင်းကျင်းနေကြတဲ့ သဘောပါ ….

ဒီ အင်အားစုကြီးတွေဟာ …
သူ့ ယုံကြည်ချက် နဲ့ သူ …
ခိုင်ခိုင်မာမာ ရပ်တည် နေကြတဲ့ သဘောရှိပါတယ် ….
ပြီးတော့ …
တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ လဲ အပြတ်မရှင်းနိုင်ကြပါဘူး….

ဒီအခါမှာ ထွက်ပေါက်က တစ်ခုပဲ ရှိလာပါတယ် …
Power Sharing ပါ…

ဒဲ့ ပြောရရင် ကျွန်တော့်အနေနဲ့  …
PR ဆိုတာထက် ….
Power Sharing ဖြစ်စေချင်တဲ့သဘောပါ …
PR ဟာ Power Sharing ဖြစ်နိုင်မယ်ထင်လို့  …
PR ကို စိတ်ဝင်စားလက်ခံလာတဲ့ သဘောပါ ….

မြန်မာ့နိုင်ငံရေးသမိုင်းတစ်လျှောက်…
သဘောထားကြီးမှု အလေ့အထဆိုတာ …
ဘယ်တုန်းကမှ မရှင်သန် ….
မထွန်းကားခဲ့ဘူး တဲ့ အခြေအနေမှာ ….
Power Sharing လုပ်လို့ မရနိုင်ခဲ့ရင် ….
Power ရ နေတဲ့ သူတွေ အဆင်မပြေဖြစ်ဖို့ အတွက် ….
ပဋိပက္ခ နဲ့  ပြသနာတွေကို ဖန်တီးပြစ်ဖို့  …
ကျန်တဲ့  ဘယ် အင်အားစုကမှ ….
ဝန်လေးနေမှာ မဟုတ်နိုင်ပါဘူး …

အမှန်အတိုင်းပြောရရင်တော့ …
အဲဒီ အခြေအနေမျိုးကို …
ကျွန်တော် အတော်ကြောက်ရွံ့ စိုးရိမ်မိပါတယ် ….
တကယ်တော့ ကျွန်တော်တို့ နိုင်ငံမှာ …
ဒီမိုကရက်တစ် အလေ့အထတွေ မထွန်းကားသေးမချင်း …
ဒီ Power Sharing ကို ….
မဖြစ်မနေ လုပ်ကို လုပ်နေရဦးမယ့် သဘောရှိပါတယ် …

ဒီမိုကရက်တစ် လူ့ ဘောင်ကို ….
ပြုပြင်ပြောင်းလဲ အသွင်ကူးပြောင်းဖို့  ….
ချီတက်နေချိန်မှာ ….
လက်ရှိ မီဒီယာတွေ … အတိုက်အခံတွေ …
အသင်းအဖွဲ့ တွေ … ဆန္ဒပြ လှုပ်ရှားမှုတွေ ကို …
ဘယ်လိုမြင်သလဲလို့  …
ညီငယ်တစ်ယောက်က ကျွန်တော့် ကို လာမေးဖူးပါတယ် ……

၄၈နှစ်လုံးလုံး ….
လွတ်လွတ်လပ်လပ် လှုပ်ရှား ဖွံ့ ဖြိုးခွင့်မရခဲ့တဲ့  ….
ဒိမိုကရက်တစ် အင်စတီကျူးရှင်းတွေ …
အရှိန်အဟုန် နဲ့  ဖွံ့ ဖြိုး အားကောင်း လှုပ်ရှားလာနေတာလို့  …
ကျွန်တော်ဖြေဖူးပါတယ် …

လက်ရှိ အခြေအနေအထိတော့ …
အသွင်ကူးပြောင်းရေး အစိုးရ ဟာ …
စည်းလွတ် ဘောင်လွတ် ဖြစ်မလာအောင် …
နည်းနည်းဟန့် တဲ့ သဘောကလွဲရင် …..
ဒီ ဒီမိုကရက်တစ် အင်စတီကျူးရှင်းတွေကို …
လွတ်လွတ်လပ်လပ် ဖွံ့ ဖြိုးခွင့်ပေးထားတာကို တွေ့ ရပါတယ် …

ဒီဖွံ့ ဖြိုးမှုကို ကျွန်တော်တို့ အားလုံးသင်ယူနေရတာပါ ….
အားလုံးဆိုတဲ့ အထဲမှာ …
အစိုးရ အဖွဲ့  လွှတ်တော် တရားစီရင်ရေး နဲ့  ၀န်ထမ်းအင်အားစု …
တပ်မတော် နဲ့  သာမန် ပြည်သူပြည်သားတွေ လဲ ….
အားလုံး ပါဝင်ပါတယ် ….

တကယ်တော့ …
ဒီ အင်စတီကျူးရှင်းတွေ ရဲ့ ဒီမိုကရက်တစ်ဆန်မှုကပဲ …
ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်ကို ပြဋ္ဌာန်းသွားမှာ ဖြစ်ပါတယ် …
ဒီအင်စတီးကျူးရှင်းတွေက ဒီမိုကရက်တစ်မဆန်ဘဲ နဲ့ တော့ …
ဒီမိုကရက်တစ် နိုင်ငံတစ်ခု …
ဒီမိုကရက်တစ် လူ့ ဘောင်တစ်ရပ် …
ဘယ်လိုမှ ပေါ်ပေါက်လာနိုင်မှာမဟုတ်ပါဘူး….

တာဝန်ယူမှု တာဝန်သိမှုဟာ…
နိုင်ငံသား တစ်ဦးချင်းစီမှာ ရှိကိုရှိနေရမှာပါ ….
အစိုးရက ….
အမှိုက်ပုံး လုံလုံလောက်လောက် ထားမပေးလို့  …
အမှိုက်ကို လမ်းပေါ်မှာ ပြစ်လိုက်တာ ငါ မှန်တယ် ….
ဆိုတဲ့  စိတ်ဓာတ်မျိုးတွေကို မပြင်နိုင်သေးရင်တော့ …
ကျွန်တော် တို့  ချီတက်နေတဲ့  ခရီးက ….
အချိန်အတော် ကြာအုန်းမှာ အမှန်ပါပဲ ….

ဘယ်လိုပဲ ဖြစ်ဖြစ် …
၂၀၁၅ အလွန်မှာတော့ …
ကျွန်တော်တို့ တိုင်းပြည်မှာ ….
ဒီထက်ပိုပြီး ဒီမိုကရက်တစ်ဆန်တဲ့  ….
လူမူပတ်ဝန်းကျင်တစ်ခု ဖြစ်လာမယ်လို့  …
ကျွန်တော် မျှော်လင့် ယုံကြည်နေမိတုန်းပဲ ဖြစ်ပါတယ် …..။ ။








ပထမပိုင်းဖတ်လိုပါက ဒီနေရာတွင် နှိပ်ပါ


ဒုတိယပိုင်း ဖတ်လိုပါက ဒီနေရာတွင် နှိပ်ပါ 

From: ( ရဲမိုး )

www.mmdailystar.com

လွှတ်တော်မင်းသား

မိခင်ဝမ်းမှ ထွက်သည်မှစ၍ ငယ်နာမည် ဆိုသည် သူ့တွင်မရှိ။ စစ်ဗိုလ်လောင်း ဘဝမှ လွှတ်တော် ကိုယ်စားလှယ်ဖြစ်သည့် ယနေ့အချိန်အထိ လှဆွေဟူသော အမည်တစ်ခုသာရှိ၏။
သို့သော် ထိုသူတွင် အများပြည်သူ စိတ်ဝင်စားသော အမည်ပြောင်များ အသက်ကြီးမှ ပေါ်ထွက်ခဲ့ချေပြီ။

ဒုတိယဗိုလ်မှူးကြီးလှဆွေ
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လှဆွေ
ဘူးလက်လှဆွေ
ဖင်တစ်ခြမ်းလှဆွေ
ငံပြာရည်လှဆွေ
မိုးကျရွှေကိုယ် လှဆွေ။
ထို့အပြင်…. အောင်ခြင်းရှစ်ပါး လှဆွေနှင့်
ဂုဏ်တော်ကိုးပါးလှဆွေဟု အမည်တပ်ရ လေတော့မည်ကို သူကိုယ်တိုင် သိလေသည်။

၁၉၆၀ ခုနှစ်တွင် မောင်လှဆွေကို ခြောက်မြို့နယ် ခမရ (၁၀၉) ကျားခေါင်းတံဆိပ် တပ်ရင်းဝင်းအတွင်း မွေးဖွားခဲ့သည်။ ဖခင်က ဗိုလ်ကြီး။ ထို့ကြောင့် စစ်သွေး.. စစ်ရည်များဖြင့် ကြီးပြင်းခဲ့ရသည်ဟု ၎င်းက ငယ်ဘဝ၏ ပုံရိပ်ကို ပြန်ဖော်ပြောဆိုသည်။
“အဖေတာဝန်ကျတဲ့ နေရာကို လိုက်ပြီးပညာ သင်ခဲ့ရတာ၊ ကျွန်တော် တပ်ရင်းမှူးဖြစ်တဲ့ အချိန်ထိ တစ်ခါမှ မချောင်ဘူး” ဟု ထိုစဉ်က ဘဝအတွေ့အကြုံ ကြမ်းခဲ့ပုံကို ပြောပြသည်။

အလုပ်သင်ဗိုလ် လှဆွေ


၁၉၇၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောက်ဆည် (အထက) တွင် အောင်မြင်ခဲ့လေပြီ။ ဂုဏ်ထူး သုံးဘာသာရသည်။ သို့သော် ဓာတုဗေဒ ဘာသာရပ် ကျရှုံး၍ (ခ) ဖြင့်အောင်သည်ဟု ဦးလှဆွေက ပြောသည်။ ထိုစဉ်က မည်သူမှ တိုက်တွန်းစရာ မလိုပေ။ အလုပ်သင် ဗိုလ်လောင်း အမှတ်စဉ် (၈) သို့ တန်းဝင်သည်။သေနတ်ကိုင်ရန် ရည်ရွယ်ခဲ့သည်က သူ၏ မျှော်လင့်ချက်..။

“ဗိုလ်လောင်း ဘဝမှာတည်းက စစ်ပွဲမှာ ဒဏ်ရာ အပြင်းအထန်နဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကို ရောက်ခဲ့ရတယ်ဗျ” ဟု ၎င်းက ပြောသည်။ ထိုအချိန်က သူ၏ အသက်မှာ ၁၉ နှစ်၊ ခါးသီးသော တွေ့ကြုံမှုက ‘ဝ’ ဒေသဘက်မှ မော်ဖတိုက်ပွဲဟု ဆိုသည်။“တပ်ခွဲတစ်ခွဲလုံး ပြုတ်ခဲ့တာ၊ သေတဲ့အလောင်းတွေကို ညဘက်မှ မြှုပ်ရတယ်၊ နေ့ဘက်ဆိုပစ်လို့” ဟု ထိုစဉ်က စစ်ပွဲအတွေ့အကြုံကို ပြန်ပြောပြသည်။
သို့သော် သူ၏မျက်နှာက ဝမ်းနည်းဟန်တော့မပြ၊ ဖြစ်သမျှ၊ တွေ့ကြုံသမျှကို ပေါ့ပါးစွာ ဖြတ်သန်းမည်ဟု ယူဆထားပုံရသည်။

တစ်ခါတစ်ခါ စကားပြောနေသည့်ဟန်က ပြုံးစပ်စပ်။ အရပ်သုံး စကားဖြင့်ဆိုလျှင် မချိုမချဉ်ဟု သမုတ်ရမည်ထင်၏။

သူကရယ်မော၍လည်း ဆိုတတ်၏။ တစ်ခါတစ်ရံ လွှတ်တော် အစည်းအဝေးတွင်းပင်လျှင် ရယ်စရာ ဖြစ်လောက်သော စကားလုံးကို ရုပ်တည်ဖြင့် ပြောဆို ဆွေးနွေးတတ်သည့် ဟန်ကရှိသေးသည်။ ထို့ကြောင့် လွှတ်တော်တွင် လူရွှင်တော် တစ်ဦးကဲ့သို့ ကိုယ်စားလှယ်အချို့က မှတ်ချက်ပြုကြသည်။
 နေကာမျက်မှန် တပ်လိုက်လျှင် ရုပ်ရှင်မင်းသားကြီး နေအောင်နှင့် တူသည်ဟု အများက မြှောက်ပင့် ပြောခြင်းကို သူကဝန်ခံသည့်သဘော။ ထိုသို့ ဆိုကြလျှင် မေးဖျားကို ဆတ်ပြသည့် ဟန်ကို ပြုမူတတ်သည်။

သူသည် စစ်ဗိုလ်ဘဝဖြင့် ၁၉၈၇ ခုနှစ်အထိ မင်းရန်အောင် စစ်ဆင်ရေး၊ ရဲမင်းအောင် စစ်ဆင်ရေး၊ ပဲခူးရိုးမရှိ အောင်တံခွန် စစ်ဆင်ရေး တို့ကိုအပြင် ဗကပနှင့် တိုက်ပွဲများတွင် စစ်၏အရသာကို ခါးသက်စွာကြုံတွေ့ ခဲ့ရသည်။ ကရင်၊ ကယား၊ ကချင်၊ ရှမ်းပြည် နယ်စပ်များတွင် ကျင်လည်ခဲ့ရသည်ဟု သူကဆိုသည်။“တိုင်းရင်းသား စကားတွေ ပြောတတ်တယ်ဗျ။ မပြောတတ်ရင် အဲဒီအချိန်ထဲက သေမှာ’ ဟု ဦးလှဆွေက ပြောသည်။

အပါးစေ လှဆွေ


၁၉၈၁ .. ဗိုလ်လောင်းလှဆွေ၏ ပခုံးနှစ်ဘက်တွင် ကြယ်ပွင့်တစ်ပွင့်စီ ခုန်တက်လာပြီး ၂၀၀၃ ခုနှစ်တွင် စပါးနှံ ဝိုင်းထားသော ကြယ်ပွင့်ကြီးကြီးကို ပိုင်ဆိုင်ခဲ့ရသည်။
ရခိုင်ပြည်နယ်တွင် တပ်ရင်းမှူးဘဝကို ဖြတ်သန်းရသည်။ ထိုအချိန်က တိုင်းရင်းမှူးအဖြစ် အဆင့်ဆင့် တာဝန်လာယူသော ဦးမြသင်း၊ ဦးအောင်ထွေး၊ ဦးဝင်းမြင့်တို့၏ လက်တို လက်တောင်းကို လုပ်ပေးရသည်။
တပ်မတော်၏ အာဏာနှင့် ဂုဏ်သိက္ခာက သူ့အတွက် ရမှတ်ကောင်းဖြင့် ဖြတ်သန်းစေခဲ့သည်ဟု ၎င်းကဆိုသည်။
“တစ်ယောက်ပြီး တစ်ယောက် တိုင်းမှူး သုံးဆက်ကို လက်မလွှတ်တမ်း လုပ်ပေးခဲ့ပါတယ်၊ ဒါကြောင့် လှဆွေဆို ခိုင်းကောင်းတဲ့သူပဲလို့ မြင်ကြတာ” ဟု ၎င်းက ပြောသည်။
ဗိုလ်ချုပ်ဖြစ်ဖို့ လွယ်သည်


တပ်ရင်းမှူး (ဒုတိယဗိုလ်မှူကြီး) တာဝန်ဖြင့်ပင် တပ်မတော်၏ သဘောကို သိလာသည်။ တပ်ရင်းမှူးများက ခိုင်းကောင်းသော သူ့ကိုကြည်ဖြူသည်။
ယနေ့ အချိန်ထိလည်း ဖြစ်ကောင်း ဖြစ်နိုင်ဦးမည်ဟု သူကဆိုသည်။
“လူကြီးတွေက မရှိတော့လို့၊ မဟုတ်ရင် ကျွန်တော်လည်း ဗိုလ်ချုပ်ရာထူး လောက်တော့ အသာလေးပဲ” ဟု သူက ဖွင့်ဆိုသည်။ ယင်းစကား အဆုံးတွင် သူ၏ မျက်နှာက ရယ်ကျဲကျဲ။
ထိုစဉ်က တပ်မတော်တွင် အထက်အရာရှိနှင့် အဆင်ပြေပါက ရာထူးကြီးကြီး ရနိုင်သည်ဟု သုံးသပ်လိုက်ခြင်း ဖြစ်သည်။
ရာထူးပြုတ်ခြင်း (၁)


၂၀၀၃ ခုနှစ် တပ်ရင်းမှူး ဖြစ်ပြီးနောက် နိုင်ငံတော်၏ ချီးကျူး ဂုဏ်ပြမှတ်တမ်း နှစ်ကြိမ်ရသည်။ စစ်ဦးစီး တက္ကသိုလ်တွင် စာမေးပွဲ စစ်ခြင်းကို ခံယူသည်။
စာမေးပွဲခန်း၏ အတွေ့အကြုံက ရှင်းလွန်းသည်။ စာခိုးချကြသည်။ သို့သော် သူ့ထံမှ အခြားသူက ခိုးချသည်ဟု ဦးလှဆွေက ဆိုသည်။ အချိန်ပြည့်လေပြီ။
သူ၏ အဖြေလွှာတစ်ရွက် ပျောက်သွား၏။
“စာရွက်တစ်ရွက်တောင် မထိန်းနိုင်တော့ လှဆွေ အရပ်ဘက်ပြောင်းပေါ့” ဟု သူက ပြောသည်။
ထို့ကြောင့် မကွေးတိုင်း ဂန့်ဂေါခရိုင် ဥက္ကဋ္ဌဘဝကို ကျားကွက်ရွှေ့သလို ရောက်ရှိသွားသည်။ တောပြောင်းသည့် ကျားမဟုတ်။
အရွှေ့ခံလိုက်ရသည့် ကျားဖြစ်သည်။
“ဒီထက်ခေါင်တဲ့ မြို့နယ်၊ ခရိုင်ရှိရင် ဒီထက်ဆိုးတဲ့ နေရာရောက်မှာဗျ” ဟု ၎င်းက ညည်းတွားသံဖြင့် ပြောသည်။

ခရက ဥက္ကဋ္ဌ တာဝန်ကို သုံးနှစ်တာ ထမ်းဆောင် လိုက်ရသည်။
 ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင် လုပ်ငန်းတွင် ဒုတိယညွန်ကြားရေးမှူး တာဝန်ကို ရရှိပြန်သည်။ တောပြောင်းသည့်ကျား နေပြည်တော် ရောက်ပြန်ပြီ။
ဘုရားစာ သီချင်းမစပ်နိုင်၍ ဒုတိယမ္ပိ ရာထူးမှပြုတ်ခြင်း


၂၀၀၆ ခုနှစ်ဖြစ်သည်။ ထိုအချိန်က ပြန်ကြားရေး ဝန်ကြီးဌာနမှ ဝန်ကြီးမှာ မည်သူ ဖြစ်သည်ကို အများသူငါ မေ့လိမ့်မည်မဟုတ်
။ လူ့ဘဝ၊ လူ့သက်တမ်း ရှင်သန်ရသည့် ကာလတွင် ဂုဏ်သိက္ခာကို ငဲ့ကွက်၍ ထိုဝန်ကြီး၏ အမည်ကို ၎င်းက ထည့်မသုံးစေလို။
“ရုပ်ရှင်လုပ်ငန်းက ဟုတ်တာလည်း မဟုတ်ဘူး။ ဒစ်ဂျစ်တယ်စနစ် ပြောင်းရင်လည်းပြောင်း၊ မဟုတ် ပြန်ဘူး” ဟု ၎င်းက တာဝန်ယူ လုပ်ဆောင်ရသည့် အချိန်က ဖြစ်စဉ်ကို ပြောသည်။

အလုပ်မှ အနားယူရသည့် ပြဿနာက ရှင်းသည်။ ၁၅ မိနစ်နောက်ကျ၍ အင်္ဂလိပ်ဘာသာဖြင့် သတင်းကြေညာသည့် မိန်းကလေးကို ပါဝါအရ ဟောက်မိသည်က ဦးလှဆွေ ဖြစ်သည်။
နောက်နောင် မဖြစ်စေရန် လက်မှတ် ထိုးခိုင်းမိသည်က ၎င်း၏ အမှားပင်တည်း။ ထိုကိစ္စကို ဝန်ကြီး သိလေပြီ။

“တစ်ပတ် အချိန်ပေးတယ်၊ အောင်ခြင်းရှစ်ပါးနဲ့ ဂုဏ်တော်ကိုးပါးကို သီချင်းစပ်ပေးပါတဲ့။ မရရင် ရာထူး တစ်ဆင့်နှိမ့်မယ်လို့ ဆိုတယ်” ဟု သူ၏နဖူးကို လက်ဖြင့်ရိုက်ရင်း ဆိုသည်။
အဆိုပါ ညွန်ကြားချက်ကို ယနေ့ သာသနာရေးဝန်ကြီး တာဝန်ယူထားသည့် ဦးစိုးဝင်းက ချမှတ်သည်ဟု ဦးလှဆွေက ဆိုသည်။

ဦးလှဆွေ ခေါင်းမူးလေပြီ။ ဘိုကလေးတင့်အောင် အစရှိသော ဆရာကြီးများကို ရှာပုံတော် ဖွင့်လေပြီ။ သို့သော်မရ။ မဖြစ်နိုင်သည့် ကံတရားက သူ့ထံ တည်တံ့နေသည့် အချိန်ဟု ဆိုသည်။
“ဂုဏ်သိက္ခာရှိရှိ ထွက်မလား၊ ရာထူးတစ်ဆင့် နိမ့်ခံမလားဆိုတော့၊ ရာထူးချတဲ့ စာကိုမယူတော့ဘူး။ ကျွန်တော် ထွက်ခဲ့လိုက်တယ်”

ထိုအချိန်က ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း စဲလေပြီ။ နာဂစ်ဒုက္ခသည် စာပေးစာလွှာ ကဏ္ဍကို သူလုပ်ခဲ့သည်။ အထက်လူကြီးနှင့် အတိုက်အခံ ပြုလုပ်ခဲ့သေးသည်ဟု သူက ပြောပြသည်။
ယင်းဌာနတွင် အလုပ်လုပ်ခဲ့စဉ်က အမှတ်တရ တစ်ခုရှိသည်။ ‘ဆိုကြမယ် ပျော်ကြမယ်’ ကဏ္ဍကို သူကိုယ်တိုင် လုပ်ခဲ့ခြင်းပင်။
လယ်သမားဆီဘူး ဝန်ကြီးမယူ


တိုင်းပြည် တာဝန်များကို ခဝါချ၍ တပ်ခေါက်လေသူ ဦးလှဆွေ..။ စစ်ဗိုလ်ဘဝမှ လယ်စိုက်သော တောင်သူဘဝသို့ ရောက်လေပြီ။၂၀၀၉ ခုနှစ်အတွက် စပါး၊ ပဲ၊
 နှမ်းအစရှိသည့် သီးနှံများဖြင့် မကွေးတွင် ပျော်ရလေသည်။ ထိုအချိန်တွင် ပြန်ကြားရေးဝန်ကြီးက ယင်းနယ်၏ ကြံ့ခိုင်ရေးပါတီ ကြီးကြပ်သည့် တာဝန် ဖြစ်လာပြန်သည်ဟု ၎င်းက ပြောသည်။

“ဘာပဲပြောပြော ဝန်ကြီးက ဆရာလေ၊ ကျွန်တော် နှမ်းဆီဘူးလေးနဲ့ သွားကန်တော့တယ်။ မယူဘူး။ မင်းဆီကို သွန်ပစ်လိုက်လို့ ပြောတယ်ဗျာ” ဟု ဦးလှဆွေက ဆိုသည်။
သို့သော် သူက ရင်ထဲ မကောင်းသော ဟန်ကို မပြပေ။ ဇရာကြောင့် ဖြူစင်မှု အားနည်းနေသည့် သွားများကို ပေါ်အောင်ရယ် (ရီ) ကာ ဆိုလိုက်ခြင်း ဖြစ်သည်။
လှဆွေကို လွှတ်တော်တွင် သုံးမည်


လယ်သမားကြီးလှဆွေ ဆီဘူးပိုက်၍ အိမ်သို့ပြန်ရလေသည်။ သိပ်မကြာချေ။ ညနေ မိုးချုပ်သည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ ရဲများရောက်လာသည်။ ဝန်ကြီး ခေါ်ခိုင်းသည်ဟု ဆိုကြောင်း ဦးလှဆွေက ပြောသည်။
နောက်နေ့နံနက် မိုးသောက်ချိန်တွင် ဆီဘူးမယူသည့် ဝန်ကြီးနှင့် ပြန်ဆုံရသည်။ လွှတ်တော် အမတ်လောင်း ရွေးချယ်ရန် ညွန်ကြားခဲ့သည်ဟု ၎င်းကဆိုသည်။

“သူ့ထက်ကြီးတဲ့ သူက ပြောလိုက်တာလို့ သိရတယ်။ လှဆွေကို လွှတ်တော်မှာ သုံးမယ်တဲ့” ဟု ၎င်းက ထပ်လောင်း ပြောပြန်သည်။ ထို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲတွင် သူအနိုင်ရခဲ့လေပြီ။
လယ်သမား လှဆွေသည် ခရက ဥက္ကဋ္ဌ တာဝန်ယူသော ထိုအရပ်၌ အမျိုးသား လွှတ်တော်အမတ် ဖြစ်လာခဲ့ပြီ။
လွှတ်တော်တွင် နာမည်ကြီးလာသူ ဦးလှဆွေ


၂၀၁၁ ခုနှစ် ပထမအကြိမ် လွှတ်တော် ပုံမှန်အစည်းအဝေးမှ ယနေ့ကျင်းပနေသော ၁၁ ကြိမ်မြောက် အစည်းအဝေး
မတိုင်မီအထိ အစည်းအဝေး တစ်ပတ်လျှင် မေးခွန်း ၁၀ ခုခန့်နှင့် အဆိုတစ်ခုစီကို ဦးလှဆွေက ပုံမှန်မေးမြန်း တင်ပြသည်။
“အဆိုတိုင်း အောင်ပါတယ်” ဟု ၎င်းကဆိုသည်။

သမီးကလေး ကျေးရွာရှိ ဒေသခံများကို KNU မှ လာခေါ်သည့် ကိစ္စကို အစိုးရအနေနှင့် တာဝန်ယူပေးရန် မေးခွန်းနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့်
ပတ်သက်သော အဆိုတို့က ထိုသူအတွက် အထင်ကရ ရှိလှသော ကိစ္စများဖြစ်သည်။
လွှတ်တော်တွင်း ပြောဆိုနေမှုကို ကြံ့ခိုင်ရေး ပါတီအနေနှင့် ထိန်းချုပ်ခြင်း ကန့်သတ်ခြင်း မရှိဟု ၎င်းက ပြောသည်။
စတုတ္ထအကြိမ် အစည်းအဝေးတွင် ဦးလှဆွေအတွက် နာမည်ကြီးစေသော အကြောင်းဖန်လာသည်။

“ကေအိုင်အေကို ရွှေလက်နဲ့ ခေါ်တုန်းလာ ဘူးလက် (Bullet) လွှတ်တာမလိုချင်နဲ့ ဆိုတဲ့စကားလုံးကို ဥပမာ ပေးခဲ့တာကြောင့် ဘူးလက်လို့ ခေါ်ကြတာ” ဟု ဦးလှဆွေက ဆိုသည်။
ယင်းကဲ့သို့ ဖြစ်ရခြင်းသည် ဂျာနယ်များ၏ ပုံဖော်မှုသာ ဖြစ်သည်ဟု ၎င်းက ဆက်စပ်ပြောဆိုသည်။

နောက်ထပ် အမည်တစ်ခုက ဖင်တစ်ခြမ်းလှဆွေ ဖြစ်သည်။
ဒသမအကြိမ် အစည်းအဝေးကာလ။
NDF ပါတီမှ ဦးဖုန်းမြင့်အောင် ဆွေးနွေးသော တပ်မတော်သားများအတွက် နစ်နာကြေး နည်းလွန်းသည့် ကိစ္စဖြစ်သည်။
ထိုကိစ္စကို ဦးလှဆွေက အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှ မင်းသမီး၊ အဆိုတော် ဂျနီဖာလိုပက်ဇ် (Jennifer Lopez) ၏ အာမခံထားသည့် တင်ပါးတန်ကြေးဖြင့် ခိုင်းနှိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တင်ပါးတစ်ခြမ်းကို ၂၇ သန်းလောက်ရတယ်။ အာမခံ အများကြီးထားမှ အများကြီး ရမှာလေ၊ အဲဒါကို ပြောတာပါ” ဟု ၎င်းကဆိုသည်။
တပ်မတော်သားများ၏ တာဝန် ထမ်းဆောင်ချိန်တွင် လစာမှ ငွေသားအချို့ကို ဖြတ်တောက်၍ အာမခံ ထားခဲ့ခြင်းကြောင့် အနည်းငယ်သာ ရရှိခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။

ယင်းကာလအတွင်း ယူနတီဂျာနယ်မှ သတင်းသမားအချို့ကို ဓာတုလက်နက် စက်ရုံဟု ရေးသား ဖော်ပြမှုကြောင့် ထောင်ဒဏ် ၁၀ နှစ်ချလိုက်သည့် ကိစ္စဖြစ်လာသည်။
 မီဒီယာများ ဆန္ဒပြကြသည်။ လက်မခံနိုင်သည့် သတင်းစကားများ ပျံ့နှံ့ထွက်လာသည်။ ထိုသို့သော တပ်မတော်မှ လက်နက်စက်ရုံကို မြင်ပါက ငံပြာရည်စက်ရုံဟု ရေးရန်
ဦးလှဆွေက မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်ပြန်သည်။ ထို့ကြောင့် ငံပြာရည်လှဆွေဟု နာမည်ထွက်သွား ပြန်သည်။ သို့သော် မိမိတို့၏
တိုင်းပြည်တွင် စစ်လက်နက်များ တိုးတက်မှုကို ဖော်ထုတ် ရေးသားခြင်းထက် ဝမ်းသာ ဂုဏ်ယူခြင်းကိုသာ လိုလားကြောင်း ၎င်းကဆိုသည်။

မိုးကျရွှေကိုယ် လှဆွေ


အထက်ပါ အမည်ပြောင်များအပြင် ၎င်းတွင် အမည်တစ်ခု ရှိသေးကြောင်း ဆိုလာသည်။ မိုးကျရွှေကိုယ် လှဆွေပင် ဖြစ်သည်။ ထိုနာမည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင် အချို့ပြောသော အမည်ဟု ၎င်းကဆိုသည်။“ကျွန်တော်က မိုးကျရွှေကိုယ်ဆိုရင် သူတို့ (NLD) က ဗိုလ်ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ နားမှာ မြေလျှိုးပြီး ရောက်လာတာလို့ ပြောချင်တယ်” ဟု ဦးလှဆွေက ပြောသည်။

မည်သို့ပင်ဆိုစေ ထိုသူသည် မိမိယုံကြည်ရာ၊ စိတ်ထင်ရာကို ပွင့်လင်းစွာ ဖွင့်ချတတ်သည့် မူသဘောကို ဆောင်ထားသည့် ဟန်ရှိသည်။ မှားယွင်း သွားပါသည်ဟု ပြန်ပြောသည့် စကားလုံးကို လွှတ်တော်တွင် ယနေ့တိုင် ပြောဆိုခြင်း မရှိသေးပေ။ နာမည်ကြီးနိုင်သည့် အရွှန်းအဖောက် စကားလုံးများကို အပြောနိုင်ဆုံးသူ ဖြစ်ပေသည်။ မင်းသားဟု ဆိုစေ…လူရွှင်တော်ဟုဆိုစေ…ထိုသူက ဂရုမစိုက်ပေ။ထို့ကြောင့် ဦးသိန်းစိန်အစိုးရ သက်တမ်းငါးနှစ် ပြည့်လျှင် ဦးလှဆွေ၏ နောက်ဆက်တွဲ နာမည်များ ထွက်လာနိုင်ပါသေးသည်။
From:The Voice

www.mmdailystar.com

တပတ်အတွင်း သတင်းကောက်နုတ်ချက်

အဆက်အသွယ်ပြတ်နေသည့် တောင်တက်သမားနှစ်ဦး ကူညီရှာဖွေရန် တရုတ်တောင်တက်အဖွဲ့ရောက်ရှိ

အဆက်အသွယ်ပြတ်နေသည့် ခါကာဘိုရာဇီတောင်ထိပ်ရောက် အဖွဲ့ဝင်နှစ်ဦးကိုရှာဖွေရာတွင် ကူညီမည့် တရုတ်နိုင်ငံမှ ကျွမ်း ကျင်တောင်တက်သမားအဖွဲ့ဝင် ကိုးဦးပါဝင်သော အပြာရောင် မိုးကောင်းကင်အမည်ရှိ အကြီးဆုံးအရပ်သားရှာဖွေကယ်ဆယ် ရေးအဖွဲ့သည် စက်တင်ဘာ ၁၃ ရက် နံနက်ကရောက်ရှိလာခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ တက္ကသိုလ် ခြေလျင်နှင့်တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)မှ အဖွဲ့ဝင်နှစ်ဦး ဖြစ်သည့်ကိုအောင်မြင့်မြတ်နှင့် ကိုဝေယံမင်းသူသည် မြန်မာနိုင်ငံ၏ အမြင့်ဆုံးဖြစ်သည့် ခါကာဘို ရာဇီရေခဲတောင်ထိပ်သို့ ဩဂုတ် ၃၁ ရက် ညနေ ၅ နာရီတွင် အောင်မြင်စွာရောက်ရှိပြီးနောက် အဆက်အသွယ်ပြတ်တောက် သွားခဲ့ခြင်းဖြစ်သည်။

ကန်ထရိုက်တိုက်များ အရည်အသွေးညံ့ဖျင်းကြောင်း တိုင်ကြားမှုမြင့်လာ

ရန်ကုန်မြို့ရှိ ကန်ထရိုက်တိုက်ခန်းများ အရည်အသွေးညံ့ဖျင်းမှုများရှိနေသဖြင့် စည်ပင်သာယာသို့လာရောက်တိုင်ကြားမှုနှုန်းမြင့်တက် လျက်ရှိသောကြောင့်  စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအင်ဂျင်နီယာနှင့် အဆောက် အအုံဌာနမှ ဌာနမှူးဦးသန်းဌေးက ပြောသည်။ အဆိုပါ စစ်ဆေးမှုတွင် အထူးသဖြင့် အမည်ပျက်စာရင်းဝင်သွားသည့် ကန်ထရိုက်တာ များ၊ နောက်ပိုင်းတည်ဆောက်လျက်ရှိသည့်တိုက်များကို ကြပ်မတ်စစ်ဆေးနေသည်ဟုဆိုသည်။ ပြီးခဲ့သည့် ၂၀၁၂ မှ ၂၀၁၃ အထိ အစိုးရက အဆောက်အအုံပေါင်းလေးထောင်ကျော်ခွင့်ပြုခဲ့ပြီး ယခုနှစ် ဧပြီမှ ဇွန်လအထိ နှစ်ထောင်ကျော်ခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။

ရည်းစားစကားပြောသည်ကို ငြင်းပယ်၍ ရှစ်တန်းကျောင်းသူကို ရေနှစ်သတ်

တောင်ငူမြို့နယ် လယ်ဘူးကျေးရွာအုပ်စုအတွင်း စက်တင်ဘာ ၁၂ ရက်က ကျောင်းမှ မိုင် ၄၀ ခန့်ကွာဝေးသောနေအိမ်သို့ပြန်လာ သည့် အသက် (၁၃)နှစ်အရွယ် ကျောင်းသူတစ်ဦးကို လမ်းတွင် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးက ရည်းစားစကား ပြော ဆိုခဲ့ရာကျောင်းသူကဆဲဆို ပြီး ငြင်းပယ်ခဲ့သည်။ ထို့ကြောင့် ၎င်းအမျိုးသားမှ ကျောင်းသူကို ဆွဲခေါ်ပြီး ရေမြောင်းအတွင်း ငါး မိနစ်ခန့်ကြာရေနှစ်သတ်ခဲ့သောကြောင့် ၎င်းအား တောင်ငူမြို့ အမှတ်(၂)ရဲစခန်းတွင် လူသတ်မှု ပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးချုပ် နှောင်ထားကြောင်း သတင်းရရှိသည်။

ကြားဖြတ်ရွေးကောက်ပွဲမကျင်းပတော့

ယခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ကျင်းပရန်လျာထားသောကြား ဖြတ်ရွေးကောက်ပွဲကို မကျင်းပတော့ကြောင်း စက်တင်ဘာ ၇ ရက်တွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌက နိုင်ငံရေးပါတီပေါင်း ၃၅ ခုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ သတင်းစာရှင်းလင်းပွဲ ၌ ထည့်သွင်းပြောကြားခဲ့သည်။ ယင်းကဲ့သို့ မပြုလုပ်ရခြင်းသည် လွှတ်တော်တွင် ဖွဲ့စည်းပုံပြင်ဆင် မည့် ကိစ္စအပါအဝင် ရွေးကောက် ပွဲစနစ်အတွက် လေ့လာသုံးသပ်မှုများဖြင့် အလုပ်များနေသည့် အပြင် ကြားဖြတ်ရွေးကောက်ပွဲပြု လုပ်ခြင်းဖြင့် လွှတ်တော်အတွင်း ပြောင်းလဲမှုများစွာ ဖြစ်နိုင်ခြင်းမရှိ၍ ဥက္ကဋ္ဌတစ်ဦး၏ လုပ်ပိုင်ခွင့်အရ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဆိုသည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများကို လိုင်စင်ကြေးတိုးကောက်

ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများကို လိုင်စင်အာမခံကြေးစပေါ်ငွေ တိုးမြှင့်ကောက်ခံ မည်ဖြစ်ကြောင်း အလုပ်သမားဝန် ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။ လိုင်စင်ရအေဂျင်စီအချို့မှာ ယခုနောက်ပိုင်းတွင် စည်းကမ်းချိုး  ဖောက်မှုများရှိပြီး လိမ်လည်မှုရှိ ခြင်းကြောင့် လိုင်စင်အာမခံကြေး စပေါ်ငွေကို တိုးမြှင့်ကောက်ခံရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် ယခုအခါ အေဂျင်စီ အသင်းချုပ်က လိုင်စင်ရအေဂျင်စီ များကိုလိုင်စင်ကြေးတိုးမြှင့်ကောက်ရန်အတွက် ပြန်လည်ညှိနှိုင်းဆွေးနွေးကာ သဘောထားကောက်ခံလျက်ရှိကြောင်းသတင်းရရှိသည်။

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်အချို့ အပြောင်းအလဲပြုလုပ်

မြန်မာ့တပ်မတော်၏ အရေးပါသော ထိပ်ပိုင်းရာထူးအချို့ကို စက်တင်ဘာ ၈ ရက်က အပြောင်း အလဲပြုလုပ်ခဲ့သည်။ စစ်ဦးစီးအရာရှိချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးအား စစ်ဘက်ရေး ရာလုံခြုံရေးအရာရှိချုပ်နှင့် စစ် ဆင်ရေးအထူးအဖွဲ့မှူး (ကစထ မှူး)အဖြစ် ပြောင်းလဲတာဝန်ပေး အပ်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦး၏နေရာကို စစ်ဘက်ရေး ရာလုံခြုံရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေအား တာဝန်ပေးခဲ့ပြီး ကစထမှူးအဖြစ် ပူးတွဲတာဝန်ယူစေခဲ့သည်။ စစ် ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး ခင် ဇော်ဦးအား စစ်ဆင်ရေးအထူးအဖွဲ့မှူးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကာ ၎င်း၏နေရာကို ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် ဆန်းဦးအားရာထူးတိုးမြှင့်တာဝန်ပေးခဲ့သည်။ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ထွန်းထွန်းနောင်အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ပေးအပ်ခဲ့ကာတပ်မ (၆၆) တပ်မမှူးဗိုလ်ချုပ်ဝင်း ဘိုရှိန်အား ၎င်း၏နေရာတာဝန်ပေးအပ်ခဲ့သည်။

ထိုင်းအစိုးရဝန်ကြီးချုပ် မြန်မာနိုင်ငံလာမည်

ထိုင်းနိုင်ငံ အာဏာသိမ်းစစ်ခေါင်း ဆောင်ဟောင်းဖြစ်ပြီး လက်ရှိတွင် ဝန်ကြီးချုပ်တာဝန်ယူထားသည့် ပရာယွတ်ချန်အိုချာသည် ဝန်ကြီး ချုပ်တာဝန်ယူပြီးနောက် ပထမဆုံးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာမည့်အောက်တိုဘာတွင် လာရောက်မည်ဖြစ်သည်။ ဒေသတွင်း နိုင်ငံများ၌ ခေါင်းဆောင်သစ်တက်ပြီးနောက် အိမ်နီးချင်းနိုင်ငံ များသို့ လည်ပတ်သည့်ထုံးတမ်း စဉ်လာအရ အိမ်နီးချင်းနိုင်ငံဖြစ် ပြီး အာဆီယံဥက္ကဋ္ဌတာဝန်ယူထားသည့် မြန်မာနိုင်ငံသို့ ဦးစွာလာ ရောက်ခြင်းဖြစ်သည်။

ဂျော့ဘုရင်(၂)အား အလောင်းဘုရားပေးခဲ့သော ရွှေပေလွှာမိတ္တူ မြန်မာသို့ပြန်ပေး

မြန်မာဘုရင်အလောင်းမင်းတရားက ၁၇၅၆ ခုနှစ်တွင် ဗြိတိသျှအင် ပါယာ၏ ဒုတိယမြောက်ဂျော့ ဘုရင်ထံသို့ တန်ဖိုးကြီးမားသော ပတ္တမြား ၂၄ လုံး၊ ရွှေစင်ရွှေသား ဖြင့်ပြုလုပ်ထားသည့် ရွှေပေလွှာ ဒစ်ဂျစ်တယ်မိတ္တူကို ဂျာမနီ-မြန်မာ သံတမန်ဆက်ဆံရေးနှစ် (၆၀) အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံသို့ ပေးအပ်ခဲ့သည်။ ရွှေပေလွှာဒစ်ဂျစ်တယ် မိတ္တူကို ရန်ကုန်မြို့တွင် ခေတ္တပြ ၍ နေပြည်တော်ရှိ အမျိုးသားပြ တိုက်တွင် ပြသထားမည်ဖြစ်သည်။

တစ်နှစ်ကျော်ကြာ လစ်လပ်နေသည့် တိုင်းနှင့် ပြည်နယ်ဒုတိယတပ်ဖွဲ့မှူးများပြန်ခန့်

ပဋိပက္ခနှင့် အကြမ်းဖက်မှုကိုင်တွယ်ရာတွင် အစဉ်ဝေဖန်ခံနေရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တစ်နှစ်ကျော်ကြာမခန့်အပ်ဘဲ လစ်လပ်နေသော တိုင်းနှင့်ပြည် နယ်ဒုတိယတပ်ဖွဲ့မှူးနေရာများ တွင် ရဲမှူးကြီး ၂၁ ဦးအား တရား ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအခြေ အနေအရ ခန့်အပ်လိုက်သည်။ အဆိုပါရာထူးမှာ တိုင်းနှင့်ပြည် နယ်တွင် ဒုတိယလုပ်ပိုင်ခွင့်အရှိ ဆုံးရာထူးဖြစ်ပြီး ယင်းအပေါ်တွင် တပ်ဖွဲ့မှူးတစ်ဦးသာရှိတော့သည်။
From:7day


www.mmdailystar.com

ဗြိတိန်တစ်ယောက်ကို ခေါင်းဖြတ်တဲ့ Video IS ထုတ်ပြန်

ဗြိတိသျှနိုင်ငံသား ကူညီထောက်ပံ့ရေးဝန်ထမ်း David Haines ကို သတ်ဖြတ်လိုက်ကြောင်း Islamic State အစ္စလာမ်စစ်သွေးကြွအဖွဲ့က ပြောပါတယ်။ Haines ကို ခေါင်းဖြတ်သတ်နေတဲ့ ဗွီဒီယိုကို စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အီရတ်နဲ့ ဆီးရီးယား နယ်မြေ ၂ ခုပေါင်းပြီး အစ္စလာမ်မစ်နိုင်ငံတော် တည်ထောင်ဖို့ သူတို့ရဲ့ ကြိုးပမ်းမှုကို ရပ်တန့်နိုင်ရေးအတွက် အမေရိကန်ဦးဆောင်ပြီး ဖွဲ့စည်းနေတဲ့ ညွန့်ပေါင်းအဖွဲ့ထဲ ဗြိတိန်ပါဝင်ရင် Haines ကို သတ်ပစ်မယ်လို့ အစ္စလာမ် စစ်သွေးကြွတွေက ခြိမ်းခြောက်ထားတာပါ။

အသက် ၄၄ နှစ်အရွယ်၊ ကလေးနှစ်ယောက်ဖခင် Haines ဟာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တခုရဲ့ ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖို့ ဆီးရီးယား နိုင်ငံကို ရောက်ပြီး ၃ ရက်အကြာ မနှစ် မတ်လက ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

သူ့ကို ဖမ်းထားသူတွေအနေနဲ့ မိသားစုကိုဆက်သွယ်ကြဖို့ David Haines မိသားစုက အသနားခံချက်ထုတ်ပြန်အပြီး မကြာခင်မှာပဲ အမေရိကန်ရဲ့ မဟာမိတ်များအတွက် သတင်းစကားလို့ ခေါင်းစဉ်တပ်ထားတဲ့ သူ့ကို သတ်နေတဲ့ဗွီဒီယိုကို အစ္စလာမ်စစ်သွေးကြွတွေက ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အစ္စလာမ်စစ်သွေးကြွအဖွဲ့ ဆန့်ကျင်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာ ပါဝင်တဲ့အတွက် ဗြိတိသျှဝန်ကြီးချုပ် David Cameron ကို မျက်နှာဖုံးစွပ်ထားတဲ့ ခေါင်းဖြတ်သတ်သူက ပြစ်တင် ပြောကြားလိုက်ပါတယ်။
ဒီလုပ်ရပ်ဟာ အင်မတန် ယုတ်မာရက်စက်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ခေါင်းဖြတ်သတ်တဲ့ ဗွီဒီယိုထွက်လာပြီး မကြာခင်လေးမှာပဲ ၀န်ကြီးချုပ် David Cameron က Twitter လူမှုကွန်ယက်ကတဆင့် ပြောကြားလိုက်ပါတယ်။ ၀န်ကြီးချုပ် ကင်မရွန်းက David Haines မိသားစုကို ၀မ်းနည်းကြောင်း ပြောကြားလိုက်ပြီး သူ့မိသားစုဟာ တမူထူးခြားတဲ့သတ္တိနဲ့ ခံနိုင်ရည်စွမ်း ပြသခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် လူသတ်သမားတွေကို ဘယ်လောက်ကြာကြာ ဗြိတိသျှအစိုးရရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာရှိသလောက် လိုက်လံ ရှာဖွေပြီး တရားဥပဒေနဲ့ ရင်ဆိုင်ရအောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ၀န်ကြီးချုပ် ကင်မရွန်းက ပြောပါတယ်။

ဒီသတ်ဖြတ်မှုသာ အတည်ဖြစ်ခဲ့ရင်တော့ ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား သုံးယောက်မြောက်ကို အစ္စလာမ် စစ်သွေးကြွအဖွဲ့က ခေါင်းဖြတ် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အမေရိကန်သတင်းထောက် Jim Foley နဲ့ Steven Sotloff တို့ ၂ ဦးကိုလည်း ခေါင်းဖြတ်သတ်ခဲ့ပြီး ဖြစ်ပါတယ်။ အီရတ်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့တပ်ဖွဲ့တွေကို အမေရိကန်အစိုးရက လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကို လက်စားခြေတဲ့အနေနဲ့ အမေရိကန်သတင်းထောက် ၂ ယောက်ကို သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း အစ္စလာမ် စစ်သွေးကြွတွေက ပြောပါတယ်။

From:VOA

www.mmdailystar.com

ခိုးဝင်ဘင်္ဂါလီများကို ရဲတပ်ဖွဲ့လိုက်ဖမ်းစဉ် ပင်လယ်အတွင်း ခုန်ချထွက်ပြေးရာသုံးဦးသေဆုံး

Photo : Google မှ

စစ်တွေမြို့၊ ဒါးပိုင်နှင့် အုန်းတောကြီးကျေးရွာ ကြားရှိ မန်စီချောင်းဝမှတစ်ဆင့် ခိုးဝင် လာသော ဘင်္ဂါလီများကို လုံခြုံ ရေးရဲလိုက်ဖမ်းစဉ် ပင်လယ်တွင်း ခုန်ချ ထွက်ပြေးသောကြောင့် သုံးဦးသေဆုံးကာ ရှစ်ဦးဖမ်းဆီး ထားကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက်ညက ရခိုင်ကမ်းရိုးတန်းနှင့် ဆက်စပ်နေ သည့် မန်စီချောင်းဝမှ ငါးဖမ်းလှေ တစ်စီး မောင်းဝင်လာသော ကြောင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးစဉ် ထွက်ပြေး သွားခြင်းဖြစ်ကြောင်း အမှတ် (၄) နယ်ခြားစောင့်အဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

‘‘ဒီဘက်ကနေ ငါးဖမ်းထွက် တဲ့ လှေတွေလည်း ရှိပါတယ်။ ဒီ လှေကတော့ ခိုးဝင်လာတဲ့လှေ ဗျ။ အထွက်ဆိုရင် ပိုင်ရှင်ရှိရမယ် လေ။ ကျွန်တော်တို့လည်း လုံခြုံ ရေးကို စနစ်တကျ နေ့ရောညပါ လုပ်နေတာပါ။ ဒီကြားထဲကနေ အခုလို ၀င် ၀င်လာတော့ လိုအပ် သလို အရေးယူသွားမှာပါ’’ ဟု အဆိုပါရဲအရာရှိက ပြောသည်။

လုံခြုံရေးရဲများ လိုက်ဖမ်း စဉ် ပင်လယ်တွင်း ခုန်ဆင်းပြေး သွားသော ဘင်္ဂါလီသုံးဦး သေဆုံး သွားပြီး ရှစ်ဦးကို စစ်တွေမြို့မ ရဲ စခန်းတွင် ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။

ပင်လယ်ရေကြောင်း မှတစ်ဆင့် ယခုကဲ့သို့ ခိုးဝင်လာ သော ဘင်္ဂါလီများကို ဖမ်းဆီးအ ရေးယူမှုများ မကြာခဏ ဖြစ်ပွား နေကြောင်း သတင်းရရှိသည်။

From: 7Day Daily

www.mmdailystar.com

ဖြစ်ရပ်မှန်တွေ ရိုက်ချင်တဲ့ မိုးယုစံ


ကွမ်းလုံရက် ၄၀ ဇာတ်ကားတွင် ကျောင်းဆရာမ အသွင်ဖြင့် သရုပ်ဆောင်မည့် မိုးယုစံက သမိုင်းဝင် အကြောင်းများ၊ ဖြစ်ရပ်မှန် ဇာတ်လမ်း များကို နောင်လာ နောင်သားများ သိရှိစေရန် ရိုက်ကူး သင့်ကြောင်း ပြောသည်။

သမိုင်းကြောင်း ရှိပြီးသား ကားကို ရိုက်ရတာကလည်း တာဝန်ကြီးတယ်လို့ ထင်ပါတယ်။ အခုလို ဖြစ်ရပ်မှန် ကားလေးတွေကို ရိုက်ထားရင် နောင်ကျရင် အမှတ်တရ ဖြစ်မယ့်ဟာတွေ ပေါ့နော်။ နောက်ပိုင်း လူငယ်တွေ အတွက် လက်ဆင့်ကမ်း အရာဖြစ်လို့ မိုးယုလည်း ပါဝင်ခွင့်ရလို့ ၀မ်းသာ ပါတယ်။ ဖြစ်ရပ်မှန် ကားတွေက ရိုက်ထားသင့် ပါတယ်။ ဒီဖြစ်ရပ်မှန် ဆိုတာက နောင်လူငယ်တွေကို လက်ဆင့်ကမ်းရမှာ ပေါ့နော်။ ဒါကြောင့် ဖြစ်ရပ် မှန်တွေ၊ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ကားလေးတွေကို ရိုက်ထားသင့်တယ်လို့ ထင်ပါတယ်။ မိုးယု ကလည်း သမိုင်း ဖြစ်ရပ်မှန် ကားတွေကို ကြည့်ရတာ ၀ါသနာ ပါတယ်။ ကြည့်လည်း ကြည့် ဖြစ်ပါတယ်။ သဘာဝဆန်တဲ့ ကားတွေဆိုလည်း ကြည့်ဖြစ်ပါတယ်။ ကိုယ်မသိတဲ့ အရာတွေလည်း အများကြီး ရှိတယ်လေ။ ဒါကြောင့် ဒီလိုကားတွေ ကြည့်မှပဲ သိရမှာ ပေါ့နော်။ တချို့အရာ တွေက လူကြီးတွေလောက်ပဲ သိမယ်လေ။ လူငယ်ပိုင်းတွေက သိကြမှာ မဟုတ်ဘူး။ အဲဒီလိုမှ မသိရဘူးဆိုရင် နောက်ထပ် နောက်ထပ်က လူငယ်တွေက ဘာမှ မသိတော့ဘူး။ ပိုတောင်ဆိုးဦးမယ်။ မိုးယု အနေနဲ့လည်း ဒီလို ဖြစ်ရပ်မှန်တွေ ရိုက်ချင်တယ် ဟု မိုးယုစံ က ပြောသည်။ မိုးယုစံသည် ဗွီဒီယို ဇာတ်ကား ရိုက်ကူးမှုများကို ရပ်နားထားပြီး၊ ကွမ်းလုံရက် ၄၀ ဇာတ်ကား တွင် ပါဝင်သရုပ်ဆောင်ရန် ရိုက်ရက်များ ပေးထားကြောင်း သိရသည်။

From: Messenger

www.mmdailystar.com

စစ်တက္ကသိုလ်မှာ စာသင်ဖူးတဲ့ အငြိမ်းစားဆရာမတစ်ဦးရဲ့ ရင်ဖွင့်စာ


 Photo: စစ်တက္ကသိုလ်မှ ဆရာမ တစ်ဦး 

မင်္ဂလာပါရှင်….

ကျွန်မနာမည်ကတော့ ဒေါက်တာမြမြသန်း (ငြိမ်း) ဖြစ်ပါတယ်။ ဘ၀တစ်လျှောက်လုံး ကျောင်းဆရာမဘ၀နဲ့  အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့ကျွန်မဟာ ဒီနေ့ဒီအချိန်မှာတော့ အသက် ၆၀ ပြည့်မြောက်ခဲ့ပြီးဖြစ်တဲ့အတွက် အငြိမ်းစားကျောင်းဆရာမ တစ်ယောက်သာဖြစ်ပါတော့တယ်။ အခုတော့ကျွန်မရဲ့မွေးရပ်ဌာနေဖြစ်တဲ့ လက်ပံတန်း မြို့မှာပဲသားသမီးမြေးမြစ်တွေနဲ့တူတူနေထိုင်လျှက်ရှိပါတယ်။ ကျွန်မရဲ့သမီးများတောင် ယခုဆိုရင် တက္ကသိုလ်ဆရာမတွေဖြစ်နေကြပါပြီ။ မနေ့ကအင်တာနက်ပေါ်က သတင်းတစ်ခုကြောင့်ကျွန်မဘ၀မှာ ၀မ်းအနည်းဆုံးနဲ့ စိတ်အထိခိုက်ဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်မမြေးမလေးက သတင်းတစ်ခုကျွန်မကိုလာပြခဲ့တယ်။ စစ်တက္ကသိုလ်မှ ကျောင်းဆရာ/မအငြိမ်းစားတွေကို ကျန်းမာရေးထောက်ပံ့မည့် အဖွဲ့စည်းလေးတစ်ခုလုပ်မယ် ဆိုတဲ့သတင်းပါ သတင်းဖတ်ဖတ်မိခြင်းမှာ ကျမအရမ်းဝမ်းသာခဲ့ရပါတယ်။ ကျမဟာ စစ်တက္ကသိုလ်မှာ (၄) နှစ် တိတိတာဝန် ထမ်းဆောင်ခဲ့ဘူးတဲ့ ဆရာမတစ်ယောက်ပါ။ ယခုလိုကိုယ့်တပည့်သားသမီးလေးတွေဟာ ကျမတို့တွေအပေါ် သိတတ်မှု၊ လေးစားမှုရှိလေခြင်းဆိုပြီးကျမပျော်ခဲ့ရတာပါ။ ဒါပေမယ့်ရှင် ကျမဆက်ဖတ် မိလိုက်တဲ့ သတင်းလေးတစ်ခုကတော့ ကျမရင်ဘတ်တစ်ခုလုံးနာကျင်ခဲ့ရပါတော့တယ်။ စစ်တက္ကသိုလ် ကျောင်းဆင်း တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးနေမျိုးဇင်က ကျမတို့ဆရာမတွေအနေနဲ့ ဗိုလ်လောင်းတွေကို ရေခဲထုပ် ရောင်းပြီး စာသင်ခဲ့ရကြောင်းနှင့် ဗိုလ်လောင်းများကကျမတို့ဆီက ရေခဲထုပ်တွေဝယ်ပြီး ဆရာတပည့်ဖြစ်ခဲ့ရ ကြောင်းရေးသားထားတာပါ။ ကျမစာကိုဖတ်ပြီးပြီးခြင်း ၀မ်းနည်းလွန်းလို့ ရှိုက်ကြီးတငင်ငိုကြွေးခဲ့ရပါတယ်။ စစ်တက္ကသိုလ် ကျောင်းဆင်းတစ်ဦးဟာ ကျမတို့ဆရာ/မတွေအပေါ် အဲဒီလောက်တောင်စော်ကားရက်လေခြင်း ဆိုတဲ့အသိစိတ်ဟာ ကျမအတွက်ဖြေမဆည်နိုင်အောင်ပင်ဖြစ်ခဲ့ရပါတယ်။

အမှန်တိုင်းပြောရရင် ကျမစစ်တက္ကသိုလ်မှာ စတင်တာဝန်ထမ်းဆောင်ဖို့အမိန့်ကျလာခဲ့ချိန်မှာ အရမ်းတုန်လှုပ် ခဲ့ရပါတယ်။ ကိုယ်နဲ့မသိတဲ့အသိုင်းအ၀ိုင်းပတ်ဝန်းကျင်တစ်ခုကိုခြေချရတော့မည့်အတွက် စိတ်ပူခဲ့ပါတယ်။ နောက်ပြီး ဒါဟာစစ်တပ်တစ်ခု၊ အမိန့်တွေအာဏာတွေနဲ့ အုပ်ချုပ်တဲ့နေရာမှာ ကျမနေသားကျပါ့မလားလို့လဲ ပူပန်ခဲ့ရတာပါ။ ကျမအထင်နဲ့မြင်တွေလွဲခဲ့ကြောင်း စစ်တက္ကသိုလ်ကိုရောက်ရောက်ချင်း နေ့မှာပဲစတင်သိရှိခဲ့ ရပါတော့တယ်။ အားလုံးကနွေးထွေးစွာကြိုဆိုကြတယ် ဖော်ဖော်ရွေရွေရှိတယ်၊ ကျမအတွက်နေထိုင်ဖို့ အခန်းတစ်ခန်းစီစဉ်ပြီးသား ဆိုတာလဲကျမ၀မ်းသာစွာသိခဲ့ရတယ်။ နောက်မှသိခဲ့ရတာက ကျမအတွက် စီစဉ်ထားတဲ့အခန်းဟာ သူတို့တက္ကသိုလ်ကအရာရှိအိမ်ထောင်သည်တွေနေတဲ့အခန်းဆိုတာကိုပါ။ ရေမီး မိလ္လာ ကအစလိုလေသေးမရှိကြို တင်စီမံပေးထား တာကိုလဲတွေ့ရပါတယ်။ စာပေ(၂)လို့သူတို့ခေါ်တဲ့ နေရာမှာ စာသွားသင်ဖို့အတွက်လည်း ကျမတို့ဆရာ/မတွေနေထိုင်ရာနေရာတွေမှာ နံနက်မိုးလင်းတာနဲ့ ဖယ်ရီကားတွေ လာကြိုခဲ့ပါတယ်။ ကျမတာဝန်ထမ်းဆောင်ဘူးတဲ့ ဘယ်တက္ကသိုလ်မှာမှ ဒါမျိုးမလုပ်ပေးဘူးခဲ့ ပါဘူး။

ကျမဗိုလ်လောင်းလေးတွေကိုစာစသင်ခဲ့တဲ့နေ့ကတော့ကျမဘ၀ရဲ့အမှတ်တရပါပဲ။ အမိန့်တွေ စည်းကမ်းတွေ တင်းကြပ်နေတဲ့သူတို့ရဲ့သွင်ပြင်ဟာမာကျောခက်ထန်တယ်ထင်ရပေမယ့် သူတို့ဟာလည်းလူသားတွေပဲဆိုတာ ကျမသိခဲ့ရတယ်။ ဘာလုပ်လုပ်အမိန့်နဲ့လုပ်ကြတယ်၊ ဘာလုပ်လုပ် စည်းကမ်းနဲ့လုပ်ကြတယ်။ ကျမသူတို့ကို လေးစားသလို သနားလဲသနားတယ်။ မိုးလင်းမိုးချုပ် လေ့ကျင့်ခန်း တွေနဲ့ပြည့်နှက်နေတဲ့သူတို့ဟာ စာသင်ခန်းမှာ တစ်ခါတစ်လေ အိပ်ငိုက်ကြတယ်။ အိပ်ငိုက်လို့ကျမဆူငေါက်ပြီးအပြစ်ပေးရင်လဲ ကျေကျေနပ်နပ် ခံယူကြတယ်။ တစ်ခါတစ်လေမှာကျမ သူတို့ကိုသနားလို့အိမ်ကနေမုန့်တွေလုပ်လာတယ် အားလပ်ချိန်တွေမှာ သူတို့ကိုမုန့်ကျွေးရင် အားရ၀မ်းသာစားကြတယ်။ အဲဒါကျမတို့ဆရာတပည့်ကြားထဲက သံယောစဉ်နဲ့မေတ္တာ တရားပါ။ ဗိုလ်ကြီးနေမျိုးဇင်ပြောသလို ကျမတို့ဆရာ/မတွေဟာတစ်ခါမှ သူတို့ကိုရေခဲထုပ်မရောင်းဖူးပါဘူး။ သူတို့ကိုမှ မဟုတ်ပါဘူး ကျမတာဝန်ထမ်းဆောင်ခဲ့တဲ့ဘယ်တက္ကသိုလ်မှာမှ တပည့်တွေကိုရေခဲထုပ်ရောင်းပြီး ကျမ စာမသင်ခဲ့ပါဘူး။ နောက်တစ်ခုကျမမေးချင်ပါသေးတယ် စစ်တက္ကသိုလ်လိုနေရာမျိုးမှာ ဆရာ/မတွေ ဗိုလ်လောင်းတွေကို မုန့်ရောင်းလို့ရပါသလားဆိုတာ ဗိုလ်ကြီးနေမျိုးဇင်တို့လို စစ်တက္ကသိုလ် ကျောင်းဆင်းတွေ အားလုံးသိမှာပါ။ စစ်တက္ကသိုလ်ကလဲ ကျမတို့ကို မျက်နှာလွှဲခဲပစ်မလုပ်ခဲ့ပါဘူး။ အခက်ခဲမှန်သမျှဖြည့်ဆည်း ပေးခဲ့သလို အကူညီလိုတိုင်းလည်း အားတက်သရောဆောင်ရွက်ပေးခဲ့ကြတာပါ။ ကျမတို့အတွက်သူတို့ရဲ့ တပ်မွေးနေ့တိုင်းမှာ လက်ဆောင်တစ်ခုခုပေးပါတယ်။ ၀တ်စရာဝတ်စုံကအစဖြည့်ဆည်းပေးကြတယ် အင်မတန် ရင်းနှီးနွေးထွေးခဲ့တဲ့တက္ကသိုလ်ပါ။ အခုချိန်ထိကျမတပည့်တွေဟာ ကျမကိုအလေးပြုပြီးနှုတ်ဆက် တုန်းပါပဲ။ သူတို့နှုတ်ဆက်တိုင်းလဲ ကျမဦးညွတ်ပြီးပြန်နှုတ်ဆက်တုန်းပါ။ ဒါဟာဘယ်တက္ကသိုလ်မှာမှမရှိတဲ့ကျမတို့ရဲ့ ဆရာတပည့်ရင်းနှီးမှုပါပဲ။ အဲဒါကိုကျမ ခုချိန်ထိဂုဏ်ယူတယ်။ ကျမတာဝန်ထမ်းဆောင်ခဲ့စဉ် ကာလမှာလည်း ကျမအတွက်ဂါဒီယံလို့ခေါ်တဲ့ ဗိုလ်လောင်းလေးတွေရရှိခဲ့ပါတယ်။ သူတို့တပ်ပြင်ထွက်တိုင်း ကျမအိမ်မှာထမင်း ခေါ်ကျွေးခဲ့တယ်။ နှစ်စဉ်နှစ်တိုင်းသူတို့က ကျမကိုကန်တော့ကြတယ်။ ဘယ်အချိန်ထိ ကန်တော့ကြလဲဆိုရင် ဒီနေ့အထိပါပဲရှင်။ ကျမတို့ရဲ့ဆရာတပည့်ရင်းနှီးမှုဟာ ဗိုလ်ကြီးနေမျိုးဇင်ပြောသလို အသပြာတွေမပါပါဘူး။ မရိုးသားမှုတွေမပါပါဘူး။ စေတနာ မေတ္တာနဲ့ သူများတွေနဲ့မတူတဲ့ နောက်တစ်ချက်ကတော့သစ္စာတရား ပါပါရှိခဲ့တာပါ။ နောက်ပြီးကျမတို့ကိုစစ်တက္ကသိုလ်ကလဲ ပစ်ထားခဲ့တာမဟုတ်ပါဘူး။ ဒါကိုတော့ ကျွန်မအာမ ခံပြီးပြောပြရဲပါတယ်။

ယခုလိုဗိုလ်ကြီးနေမျိုးဇင်အနေနဲ့ ကျမတို့လိုစစ်တက္ကသိုလ်က ကျောင်းဆရာ/မ အငြိမ်းစားတွေကို ကူညီထောက်ပံ့မည့် အဖွဲ့စည်းလုပ်မည်ဆိုတာကို ကျမ၀မ်းသာပီတိဖြစ်မိပေမယ့် ဒီအလှူဒါနကိုအကြောင်းပြုပြီး ကျမတို့ကိုဓားစာခံပြုလုပ်ကာ စစ်တက္ကသိုလ်ကိုအပုပ်ချတာကတော့ မလုပ်သင့်မလုပ်အပ်တာပါပဲ။ ကျမ နောက်ဆုံး ပြောချင်တာကတော့ စစ်တက္ကသိုလ်ကဆရာ/မတွေဟာ ဘယ်တုန်းကမှ ဗိုလ်လောင်းတွေကို မုန့်ရောင်းပြီး စာမသင်ခဲ့ဘူးပါဘူး။ စစ်တက္ကသိုလ်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ကျမတို့လို ဆရာ/မတွေ အတွက် လည်း စစ်တက္ကသိုလ်ဟာ ကောင်းသော အမှတ်တရတွေသာ ကျမတို့ရင်ထဲမှာကျန်နေလိမ့်မယ်ဆိုတာ ဗိုလ်ကြီး နေမျိုးဇင် ကြားသိနိုင်ပါစေရှင်။

ဒေါက်တာမြမြသန်း၊ကထိက(ငြိမ်း)
လက်ပံတန်းမြို့။


www.mmdailystar.com

“ငရဲသက်တမ်းနဲ့ လူ့သက်တမ်းနှိုင်းယှဉ်ခြင်း”


မေး။ ။ လူ့ပြည်နဲ့ ငရဲပြည်ဆို အချိန်ဘယ်လိုတွက်ရပါသလဲ။ဥပမာ လူ့ပြည် နှစ် ၁၀၀ ဆို
ငရဲပြည်မှာ ဘယ်လောက်လဲဆိုတာဖြေပေးပါအုံး။

ဖြေ။ ။(၁)။ သိဉ္ဇိုဝ်ငရဲ- ငရဲခန္ဓာကိုယ်ကြီး ပျက်စီးသွားလိုက်အသစ်ပြန်ဖြစ်လိုက်နဲ့ အဖန်ဖန်အသက်ရှင်ခံရသော ငရဲ။ငရဲသက် နှစ် ၅၀၀။ လူ့သက် အနှစ်ကိုးသန်း။

(၂)။ ကာဠသုတ်ငရဲ- ခန္ဓာကိုယ်ကို ပဲခွပ်ဓါးမတို့ဖြင့်အစိတ်စိတ်အမြှောင်မြှောင် ရွေဖြတ်ခံရသော ငရဲ။
ငရဲသက် ၁၀၀၀။ လူ့သက် သုံးကုဋေခြောက်သန်း။

(၃)။ သင်္ဃာတငရဲ- အရပ်ရှစ်မျက်နှာမှ လာကုန်သောတောင်ကြီးတို့သည် ကြိတ်ချေသတ်ခံရသော ငရဲ။
ငရဲသက် ၂၀၀၀။ လူ့သက် ဆယ်လေးကုဋေလေးသန်း။

(၄)။ ရောရုဝငရဲ- နာကျင်ဆင်းရဲသောအသံဖြင့်အလွန်အကဲအော်ဟစ်ငိုကြွေးခံရသောငရဲ။
ငရဲသက် ၄၀၀၀။လူ့သက် ငါးဆယ်ခုနစ်ကုဋေ ခြောက်သန်း။

(၅)။ မဟာရောရုဝငရဲ- ရောရုဝငရဲထက်လွန်ကဲကြီးမားစွာ ခံရသောငရဲ။ ငရဲသက် ၈၀၀၀။
လူ့သက် နှစ်ရာသုံးဆယ်ကုဋေ လေးသန်း။

(၆)။ တာပနငရဲ- အလွန်ပူပြင်းစွာ လောင်ခံရသောငရဲ။ငရဲသက်၁၆၀၀၀။လူ့သက်ကိုးရာနှစ်ဆယ်တစ်ကုဋေ ခြောက်သန်း။

(၇)။ မဟာတာပနငရဲ- တာပနငရဲထက်လွန်စွာပူလောင်ခြင်းခံရသောငရဲ။
ငရဲသက် အန္တရကပ်ထက်ဝက်။ လူ့သက်အားဖြင့်အသင်္ချေယျတန်းမှ ၁၀ နှစ်တန်းထိ။

(၈)။ အဝီစီငရဲ- ငရဲသားတို့ အကြားအလပ်မရှိ ပြည့်ကျပ်နေပြီး၊ဆင်းရဲဒုက္ခ အမြဲမပြတ် တရစပ်ခံရသောငရဲ။
ငရဲသက် အန္တရကပ်တစ်ကပ်။

အန္တရကပ်တစ်ကပ်ဆိုတာ လူတို့သက်တမ်း ၁၀ နှစ်တမ်းမှအသင်္ချေယျတန်းထိ။ အသင်္ချေယျတမ်းမှ ၁၀ နှစ်တန်းထိ“တက်ကပ်ဆုတ်ကပ်တစ်စုံ”ကို ခေါ်ဆိုခြင်း ဖြစ်သည်။
အဝီစိငရဲမီးကို လူတစ်ယောက်သည် မိုင် (၈၀၀) မှကြည့်ရှု့ပါက မျက်လုံးပေါက်ထွက်သွားနိုင်သည်။

(ကျမ်းညွှန်း။ သုတ္တ။ ဋ္ဌ။ ဒု။ ၂၀၀။မဟာသုတဒီပနီကျမ်း။ ပ။ နှာ။ ၇၈။)

 
From: 【အရှင်ကောမလ】

www.mmdailystar.com

IS အဖွဲ့အား အမေရိကန် အစိုးရ အရေးယူ တိုက်ခိုက်မှု အာရပ်ကမ္ဘာ ထောက်ခံ





IS အဖွဲ့ အပေါ် အမေရိကန် အစိုးရ၏ အရေးယူ တိုက်ခိုက်မှု များအား အာရပ်ကမ္ဘာ ထောက်ခံကြောင်း သတင်းများက ဆိုထားကြသည်။ လက်ရှိ အချိန်တွင် အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် IS အဖွဲ့ အပေါ် အရေးယူ တိုက်ခိုက်မှုများအား အရှိန်မြှင့် ဆောင်ရွက်လျက် ရှိနေ သည်။ ထိုနည်းတူ ပြင်သစ်သမ္မတ ဖရန်ဆွာသြော်လွန်သည် သောကြာနေ့က အီရတ်မြို့တော်သို့ သွားရောက်ခဲ့ပြီး အီရတ် အစိုးရအား ထောက်ပံ့မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြသသည့် အနေဖြင့် အီရတ်သမ္မတနှင့် တွေ့ဆုံမည် ဖြစ်သည်။ ပြင်သစ် အစိုးရက လိုအပ်ပါက အီရတ်ရှိ စစ်သွေးကြွများအား လေကြောင်း တိုက်ခိုက်မှုတွင် ပြင်သစ် ပါဝင်မည် ဖြစ်ကြောင်းကို ထုတ်ဖော် ပြောကြားထားပြီး စက်တင်ဘာလ (၁၅) ရက်နေ့တွင် နိုင်ငံတကာ ကွန်းဖရင့် တစ်ခုကို အီရတ်တွင် ဦးဆောင်ပြု လုပ်မည် ဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနှင့် အာရပ်ဆယ်နိုင်ငံမှ နိုင်ငံခြားရေး ၀န်ကြီးများ ကြာသပတေးနေ့က တွေ့ဆုံ ဆွေးနွေးအပြီး ထွက်ပေါ်လာသည့် သတင်းထုတ်ပြန် ကြေညာချက်၌ ဆော်ဒီအာရေဗျ အပါအ၀င် အာရပ်(၁၀) နိုင်ငံတို့သည် IS အဖွဲ့ အပေါ် လေကြောင်း တိုက်ခိုက်ရာ တွင် ယင်းတို့၏ အခန်းကဏ္ဍများမှ ပါဝင်ရန် သဘောတူထားကြောင်း ဖော်ပြထားသည်။

IS အဖွဲ့သည် လက်ရှိ အချိန်တွင် အီရတ်နှင့် ဆီးရီးယားတို့တွင် မြေပြင် တိုက်ခိုက်ရေး တပ်သား (၂၀၀၀၀) မှ (၃၁၅၀၀) အထိ ရှိနေကြောင်း စီအိုင်အေက ဆိုထားပြီး ယခင်က ခန့်မှန်းထားခဲ့သည့် (၁၀၀၀၀) ထက် ပိုမို များပြားသည် ဟုလည်း ပြောကြားထား သေးသည်။ စီအိုင်အေ ပြောခွင့်ရှိသူ ရိုင်ယန်ထရာပနီက ဇွန်လနောက်ပိုင်း အောင်ပွဲရမှုများနှင့် အခြားအကြောင်းအရာ များကြောင့် IS အဖွဲ့ တပ်သားဦးရေ ပိုမိုများပြားလာ ခဲ့ကြောင်း ဆိုထားသည်။ အီရတ် အစိုးရ အသစ်အဖွဲ့နှင့် ဆီးရီးယား အတိုက်အခံများ ကလည်း IS အဖွဲ့ အပေါ် အရေးယူမည့် အမေရိကန်သမ္မတ အိုဘားမား၏ အစီအစဉ်ကို ကြိုဆို ထောက်ခံခဲ့ကြောင်း သိရသည်။

Source:AFP
From: The Messenger

www.mmdailystar.com

ခေါင်းလောင်းဟု သတင်းမှားယွင်းထုတ်ပြန်ခဲ့မှုအတွက် ဦးစံလင်းက ၀န်ချတောင်းပန်(Breaking News)

ခေါင်းလောင်းမဟုတ်ဘဲသံကိုယ်ထည်တစ်ခုလို့  ပြောပြီ

ဓမ္မစေတီခေါင်းလောင်းဟု မှားယွင်းထုတ်ပြန်ခဲ့မိတဲ့ ရေငုတ်သမားတွေရှာတွေ့ ခဲ့တဲ့အရာ ၀တ္ထုမှာ သံကိုယ်ထည်ပစ္စည်းတစ်ခုသာဖြစ်ကြောင်း ခေါင်းလောင်းရှာဖွေရေးမှာကူညီနေသူတွေက
ယနေ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားပါတယ်။
ယင်းကဲ့သို့ မှားယွင်းထုတ်ပြန်ခဲ့တဲ့ရက်ပိုင်းမှာ ကြီးကြပ်ကူညီပေးနေတဲ့ နတ်စင်တစ်ရာဆရာတော်ကလည်း ဆေးကုသရန်ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီး ပြန်ရောက်လာတော့ သတင်းမှားယွင်းထုတ်ပြန်ခဲ့မှု ကို ဦးစံလင်းက၀န်ချတောင်းပန်ကြောင်းမိန့်ကြားပါတယ်။

Author အောင်ဖြိုးမွန်
photo အေပီ


From:  Kumudra

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...