Wednesday, 1 October 2014

စစ်အစိုးရအဆက်ဆက်လုပ်လို့ ပြည်သူတွေ မွဲတေနေတာ........

တချို့ကပြောတယ် စစ်အစိုးရအဆက်ဆက်လုပ်လို့ ပြည်သူတွေ မွဲတေနေတာကိုဘာမှမလုပ်ဘဲ fb ထဲမှာလျှောက်ရေးနေတယ် ဦးရဲထွဋ် လေအတိုင်းဘဲ ဘာညာ နဲ့ ။လေပါတယ်ဗျာ ဦးရဲထွဋ်လေလို့ပြောရအောင် သူ့အကောင့်ကိုတခါမှသွားမကြည့်ဘူးပါဘူး။ကျနော် fb သုံးတာ 7 day က အောင်သူရ us မသွားခင်လေး ကျနော့်အိမ်မှာပြောကြဆိုကြရင်းသူ့တိုက်တွန်းချက်ကြောင့် စသုံးဖြစ်သွားတာပါ ၃ လလောက်တော့ရှိမှာပေါ့။ဦးရဲထွဋ်တို့ က fb နဲ့ဖွားဘက်တော်လို့ပြောလို့ရတယ် အရင်၂၀၀၇ လောက် ပြန်ကြားရေးမှာနေစဉ် အင်တာနက်ထဲမှာ ဘယ်လို ဘယ်ညာ ဆိုပြီး ဝန်ကြီးကို လက်တော့ကြီး ထိုးထိုးပြနေရင် ဝန်ကြီးက ဟာ ဒါ ဒီလိုလုပ်လို့ရ လား အေး တော်ထာနော် ဆိုပြီး တအံတသြ သူ့ကိုကြည့် နေတာတွေ့ဘူးတယ် ။အမှန်က ဘာမှ ခက်ခဲတဲ့ ကိစ္စ ပါတာမဟုတ်ဘူး။ဒါပေမဲ့ဝန်ကြီးက အထင်အလွန်ကြီးချက် ။

ကျနော်က စိတ်မဝင်စားလို့ကိုမသုံးတာ။ထားပါတော့ ခေါင်းစဉ်လွဲသွားမယ်။ ပြည်သူတွေမွဲနေတယ် လူနေမူ့ အဆင့်အတန်း နိမ့်ကျသွားတယ် ဆိုတာလေး ဆွေးနွေးကြည့်ရအောင်။ ကျနော့် ဂန့်ဂေါ နယ် က ချောင်ကလောင် အကျဆုံး ချင်းနယ်စပ် ဂန့်ဂေါနဲ့ ၁၂ မိုင်ကွာတဲ့ ရောင်နက်ဆိုတဲ့ရွာ ကိုမော်ဒယ်ထားပြီး လေ့လာကြည့်မယ်။၁၉၈၈ မတိုင်မှီ အဲ့ရွာမှာ သမကခွဲတမ်းရတဲ့ ဆင်ချေးတုံး ဆပ်ပြာမဲမဲ ကြီး ကတရွာလုံးမှာ ၂တောင့်ဘဲ ရလို့လူတိုင်းဆပ်ပြာ မသုံးနိုင်တော့ ဝဲတွေ ပေါက်ပြီး ဝဲကျော် တို့ဝဲစိန် တို့ နာမည်ပေးထားသူတွေခုထိ ရှိတယ်။ခု နေဗီယာဖစ်ရှယ်ဖေါင်း နဲ့ မျက်နှာသစ်နေတယ်။အရင်က တယော်ကင်ပွန်း ကိုအိုးနဲ့ပြုတ် ခေါင်းလျှော်ရလို့ တလတကြိမ်တောင် မနဲခေါင်းလျှော်ရတော့ နေကြာခင်း ကြက်တူရွေး မလာအောင်စောင့်ရင်းတန်းစီသန်းတုပ်နေတဲ့မိန်းမတွေ ရထားတွဲလိုဘဲ။


ခုတော့ရွာတိုင်းခေါင်းလျှော်ရည်ထုတ်လွယ်လွယ်ဝယ်နိုင်တော့ သန်းမရှိကြတော့ဘူး။၁၉၈၈ မတိုင်မှီ ဂန့်ဂေါတခရိုင်လုံးမှာ ဆိုင်ကယ် တစီးဘဲရှိတယ် ခုအဲ့ရွာမှာတင်၃၈စီးရှိတယ်။ထော်လာဂျီရှိတယ်။အရင်တရွာလုံး ရေဒီယို တလုံးဘဲရှိတယ် အခု tv မရှိတဲ့ အိမ် ခပ်ရှားရှား။အရင်ရေသန့်ဘူးဆိုတာ မမြင်ဘူးဘူး ခု ဧည့်သည်လာရင်ဖေါက်တိုက်နိုင်ပြီ။အရင်ပန်းသီး လိမ္မော်သီးဆိုတာ လူမမာစားတဲ့ ဓါတ်စာ ခု ထမင်းစားပြီး အချို တည်း နေကြပြီ။အရင်ဂန့်ဂေါထိကျောင်းသွားတက်ရတယ် ခုရွာတင် ကျောင်းရှိပြီ။အရင် စပါး ပဲ နှမ်း ဒိုင်သွင်းရတယ် အခု ကြိုက်ရောင်း ကြိုက်ဝယ်ဘဲ အဲဒါအဓိ တောင်သူအကြိုးဖြစ်စေတဲ့ အချက်တချက်ဖြစ်တယ် ။အရင်မြို့သွားရင်လမ်းလျှောက် အခုရေဇွာ လမ်းမကြီးနဲ့ဘာစီးခြင်လဲ ။အရင်မရှိတဲ့ ဖုံးက အခုအလုံး ၁၀၀ ကျော်ရှိတယ်။
အရင်မသွားဘူးတဲ့ နိုင်ငံခြား ခုအဲ့တရွာထဲ ၆၇ ယောက် နိုင်ငံခြားမှာရှိတယ်။ထိုင်း စင်ကာပူ မလေး အော့ဇီ ကနေဒါ USA အကုန်ရှိတယ် သူတို့ပို့ငွေနဲ့သွပ်မိုးကြလို့တရွာလုံးပြိုးပြိုးပျက်ပျက်နဲ့ ဒါကြောင့် အဲ့ရွာမှာ ကျနော်က ယခင်အစိုးရဆောင်ပုဒ်ကိုပြောင်းပေးလိုက်တယ်။


( ပြည်ပအားကိုး အိမ်သွပ်မိုးလို့။)ကုန်ကုန်ပြောမယ် ၁၉၈၈ က အဲ့ရွာမှာ အိမ်သာမရှိလို့ အီးပါခြင်တောထဲသွားကြရာက ခု အိမ်တိုင်း ရေလောင်းအိမ်သာနဲ့။ဒါတွေဟာ ခင်ဗျားတို့ပြောနေတဲ့ ဖွတ်ကြောပြာစု ခရုအဆံကျွတ် ဆိုတာတွေနဲ့ တခြားစီဘဲ။လူနေမှု့အဆင့်တိုးတက်လာသလား လျှော့ကျသွားသလား။ ဈေးကွက်စီးပွားရေးစနစ်အရ ခင်ဗျားအိမ်ချမ်းသာလာအောင် ကိုယ်တိုင်မလုပ်ဘဲ ဆိုရှယ်လစ်ခောတ်ကလို အစိုးရလုပ်ပေးတာစောင့်နေရင် ဆင်ချေးတုန်းဆပ်ပြာဘဲရမယ်။ ပြောတော့ ဒီမိုကရေစီ ခံစားခြင်တာက ဆိုရှယ်လစ်အရသာ ။မြန်မာပြည်မှာလူတွေခရီးထွက်နေကြပြီ လူတွေက မွဲနေရင် ဘယ်သွားနိုင်မှာလဲ ဘာဘုရားပွဲညာဘုရားပွဲဆိုပြည့်ကြပ်နေတာဘဲ ပြင်ဦးလွင် ကန်တော်ကြီးမှာ ပြည့်ကြပ်နေတဲ့လူတွေက မွဲမွဲကြီးနဲ့လာပျော်ပွဲစားနေတာလား။၁၁၅မိုင်မှာနေ့စဉ် ရာကျော်တဲ့အဲကွန်းဘတ်စ်တွေနဲ့သွားလာနေကြပြီး စားသောက်ဆိုင်တွေမှာ အလှုကြီးပေးသလို တိုးခွေ့ဝယ်စားနေကြတာ တော်တော်မွဲနေတယ်လို့ဘယ်လိုပြောမလဲ။

ပြစ်တင်ရှူတ်ချနေတာတွေက ယုတ္တိမရှိ လက်တွေ့နဲ့ဝေး နားကိုမလည်နိုင်တဲ့တယူသန်သမားတွေနဲ့ တိုင်းပြည်တည်ဆောက်ဘို့မပြောနဲ့ ရွာလေးတရွာအတွက်ဘဲ အစစတိုးတက်မှု့ရှိလာအောင် ဘာလက်တွေ့လုပ်ဘူးလဲ။ လေပါတယ်ဗျာ လက်တွေ့ ကွင်းဆင်းကြည့်ပါ အပ်ချလောင်း ဆိုပြီး လုပ်လို့ ရတဲ့တိုင်းပြည် ဒဏ္ဏာရီ ထဲမှာဘဲ ထားခဲ့တော့။ဒါပါဘဲ ခန်းမဝင်လိုက်ဦးမယ်။
From:U Hla Swe

www.mmdailystar.com

လွဲမှားနေသော လုပ်ရပ်များ....

ကျွန်တော်သာ အတိုက်အခံပါတီက အမတ်ဖြစ်ခဲ့ရင် ...
တပ်မတော်တို့  ရဲတပ်ဖွဲ့ တို့ မှာ ....
ဒီလိုမျိုး ခေတ်နဲ့  မလျော်ညီဖြစ်နေတဲ့  ဥပဒေမျိုးတွေကို ...
ရှာဖွေစာရင်းပြုစုပြီး ...
ခေတ်နဲ့ အညီဖြစ်အောင် ပြင်ဆင်ပေးဖို့  ...
လွှတ်တော်ထဲမှာ အဆိုတင်သွင်းမှာပဲ ....

အဆိုအောင်မြင်တာ မအောင်မြင်တာအသာထား ...
ရဲတပ်ဖွဲ့ တို့  တပ်မတော်တို့ က ...
အတိုက်အခံပါတီဟာ ငါတို့ အကျိုးကို ကြည့်ပါလား....
ငါတို့ ကို မေ့မထားပါလားဆိုတဲ့  ...
အမြင်မျိုး မြင်လာလိမ့်မယ် ....
အဲဒီကမှ တစ်ဆင့်တက်ပြီး ...
အတိုက်အခံဘ၀ အာဏာမရသေးတာတောင် ...
ငါတို့ အတွက် စွမ်းစွမ်းတမံ ကြိုးစားပေးနေသေးရင် ...
သူ အစိုးရ ဖြစ်လာတဲ့  အချိန် ...
ငါတို့  ဘ၀တွေ မြင့်မားလာအောင် ...
အများကြီး လုပ်ပေးမှာပဲ ဆိုတဲ့  အတွေးမျိုး ၀င်လာမယ် ...
အဆိုကို ကန့် ကွက်ခံရရင်လဲ ....
ကန့် ကွက်တဲ့ကောင်ကို ...
တပ်တို့ ရဲတို့ က ...
တော်တော် အမြင်မကြည်သွားကြမှာ အမှန်ပဲ ...
ပါတီတစ်ခုလုံးကိုတောင် ...
သိမ်းကျုံး မုန်းသွားနိုင်တယ် ....
ဒီအတိုင်း ပါးစပ်က တပ်မတော်ကြီးကို ချစ်ပါတယ်တို့  ...
ရဲတပ်ဖွဲ့ ကြီးကို ချစ်ပါတယ်တို့  ....
အောက်ခြေဘ၀တွေကို စာနာပါတယ် ပြောနေရုံနဲ့ တော့ ...
ယုံကြည်ဖို့  အတော်ခက်တယ် ....
ဒါပေမယ့် ခက်တာက ....
ဒီ သောက်အတွေးမျိုးက ...
အာဏာရ ပါတီရော အတိုက်အခံပါတီကပါ ...
ဘယ်သူမှ မစဉ်းစားကြတာပဲ ....
ခေါင်းထဲ ဘာတွေရှိနေမှန်းကို မသိတာ ....

From:Ye Moe

www.mmdailystar.com

ဒိုင်ကိုထိုးကြိတ်သော နည်းပြနှင့် ကစားသမားများကို ရာသက်ပန် ပွဲပယ်


ဓာတ်ပုံ - စိုးမင်းလွင်
 
မန္တလေးတိုင်းအစိုးရ အဖွဲ့ဝန်ကြီးချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲတွင် ကွင်းလည်ဒိုင်လူ ကြီးအား ၀ိုင်းဝန်းထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်းဘောလုံးအသင်းမှ နည်းပြနှစ်ဦးနှင့် ကစားသမားရှစ် ဦးကို ရာသက်ပန်ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သတင်းရရှိ သည်။
စက်တင်ဘာ ၂၉ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့ဝန်ကြီး ချုပ်ဖလား အသက် ၂၀ အောက် ဘောလုံးပြိုင်ပွဲအကြိုဗိုလ်လုပွဲ တွင် မကွေးတိုင်းနှင့် စစ်ကိုင်း တိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ကွင်းလယ်ဒိုင်လူကြီးကို စစ်ကိုင်းတိုင်းဘောလုံးအသင်း သားများက ၀ိုင်းဝန်းထိုးကြိတ်ကြသဖြင့် ပွဲကိုရပ်နား၍ ဒိုင်လူကြီးအား ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

ထိုသို့ထိုးကြိမ်မှုများပြုလုပ် ခြင်းကြောင့် စစ်ကိုင်းတိုင်း ဘော လုံးအသင်းအား အရေးယူဆောင် ရွက်ရန် အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ များက ဘောလုံးပွဲကျင်းပရာ မန္တ လေးမြို့၊ မန္တလာသီရိအားကစား ကွင်းသို့ ရောက်ရှိလာပြီး အစည်း အဝေးပြုလုပ်၍ စစ်ကိုင်းတိုင်း ဘောလုံးအသင်းအား အထက်ပါ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
ကွင်းလယ်ဒိုင်လူကြီးအား ထိုးကြိတ်ခဲ့သော စစ်ကိုင်းတိုင်း ဘောလုံးအသင်းမှ နည်းပြချုပ် ဦးထွေးမောင်မောင်နှင့် အရံနည်း ပြတစ်ဦး၊ ကွင်းအတွင်း ကစား သမားငါးဦးနှင့် အရံကစားသမား သုံးဦးစသည်တို့ကို ရာသက်ပန် ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
‘‘ဒိုင်လူကြီးကို ထိုးတဲ့ စစ် ကိုင်းဘောလုံးအသင်းက နည်းပြ နှစ်ဦးနဲ့ ကစားသမားရှစ်ဦးကို ရာ သက်ပန်ပွဲပယ်ပြစ်ဒဏ်ချမှတ် လိုက်တာပါ’’ဟု ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်း ကျန်းမာရေးဝန်ကြီး ဒေါက်တာ ၀င်းလှိုင်က ပြောသည်။

မန္တလေးမြို့၊ မန္တလာသီရိ အားကစားကွင်းတွင် မန္တလေး တိုင်းဝန်းကြီးချုပ်ဖလားဘောလုံး ပြိုင်ပွဲယှဉ်ပြိုင်ကစားကြရာ မိနစ် ၆၀ ကျော်၌ တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန်တွင် မကွေးတိုင်း အသင်းက ပင်နယ်တီရသွားခဲ့ သည်။ ပင်နယ်တီပေးရသည်ကို မကျေနပ်၍ စစ်ကိုင်းတိုင်းဘော လုံးနည်းပြက ၎င်း၏ ကစားသမား များအား ကွင်းပြင်သို့ ထွက်ခိုင်း၍ ၁၅ မိနစ်ခန့်ပွဲရပ်နားထားရသည်။
ပြိုင်ပွဲတာဝန်ရှိသူများက ပွဲ ဆက်လက်ကစားခိုင်းရာ မိနစ် ၈၀ ၀န်းကျင်အချိန်တွင် စစ်ကိုင်း တိုင်းအသင်းဘက်သို့ မကွေးတိုင်း အသင်းပြစ်ဒဏ်ဘောရရှိရာ မှ စစ်ကိုင်းတိုင်းနည်းပြက ကွင်း လယ်ဒိုင်လူကြီးအား စတင်ထိုး ကြိတ်၍ အသင်း၏ အရန်ကစား သမားများအားလုံးကပါ ၀ိုင်းဝန်း ထိုးကြိတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

From:7day

www.mmdailystar.com

ယောင်္ကျားမျိုးပွားဥ လှူသည့် ဆေးခန်းတွင် ၂ နာရီကြာသဖြင့် သေရသူ

 
  
 
 
 
 
 
 
 
 
 

တရုတ်ပြည်မှာ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်ခဲ့တဲ့ မှုခင်းကို ယခု ရုံးတင်မှ ပြည်သူအများ သိရှိလာရခြင်း ဖြစ်ပါတယ်။ ယင်းကတော့ အမျိုးသား မျိုပွား ဆဲလ်အရည် လှူဒါန်းတဲ့ တက္ကသိုလ်ဆေးခန်းမှာ လှူဖို့ ကြိုးစားရင် သေဆုံးသွား တဲ့ ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။

တရုတ်ပြည်အရှေ့ပိုင်းက Wuhan မြို့က Wuhan တက္ကသိုလ်မှ အသက် ၂၃ နှစ် အရွယ် ဆေးကျောင်းသား တစ်ဦး ဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းများက သူ့ကို sperm (အမျိုးသား မျိုပွား ဆဲလ်အရည်) လှူဖို့ အတွက် တိုက်တွန်းပါတယ်။ ဒါနဲ့ပဲ တက္ကသိုလ်ရဲ့ ဆေးခန်းမှာပဲ သွားရောက်လှူဒါန်း ပါတယ်။ ဒါတောင် ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ စတုတ္ထမြောက် အကြိမ် ဖြစ်ပါတယ်။ ဒီတော့ လှူဒါန်းလို့ ရအောင် အခန်းထဲမှာ တစ်ယောက်တည်း စိတ်ကြိုက်နေစေ ပါတယ်။ ၁၈ နှစ်အောက် မဖတ်ရ ပုရိသကြိုက် မဂ္ဂဇင်း ထားရှိထားပေးပြီး ၂ နာရီကြာချိန် အခန်းထဲကနေ ဘာသံမှ ထွက်မလာတော့ ဝင်စစ်တဲ့အခါ သေဆုံးနေတဲ့ လူငယ်ကိုသာ တွေ့မြင် ရပါတယ်။

နှလုံးရပ်လို့ သေဆုံးသွားရခြင်း ဖြစ်ပါတယ်။ ဒီအတွက် သေဆုံးသူ ကျောင်းသား မိသားစုမှ လျော်ကြေးငွေ တောင်းပါတယ်။ ယခု ရက်ပိုင်းကပဲ တရားရုံးရဲ့ စစ်ဆေးချက်အရ လူငယ်ဟာ သူလှူဖို့ မလှူဖို့ ကိုယ်ပိုင် ဆုံးဖြတ်ချက် ရှိတာကြောင့် ယခု သေဆုံးမှုမှာ အခြားလူ အပြစ် မပါကြောင်း ဆိုပါတယ်။ တစ်ချိန်ကြရင် မြန်မာပြည်မှာ အဲ့လို မျိုးပွားဥ လှူဒါန်းတဲ့ ဘဏ် ရှိမလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ဒီတော့ တရုတ်ပြည်က ကျောင်းသားလေး သတင်းက သတိထားစရာလေး ဖြစ်စေခဲ့ ပါတယ်။
From:ရိုးရာလေး

www.mmdailystar.com

ဂျီဟတ်ခြိမ်းခြောက်မှု သီရိလင်္ကာ ဗုဒ္ဓဘာသာဝင်များနှင့် ၉၆၉ အဖွဲ့တို့ ပူးပေါင်းရင်ဆိုင်သွားမည်ဟု ဦးဝီရသူမိန့်

 သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဦးဝီရသူကို တွေ့ရစဉ်။ (ဓာတ်ပုံ - အီးပီအေ) သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိနေသည့် ဦးဝီရသူက ဂျီဟတ်ခြိမ်းခြောက်မှုများကို ပူးပေါင်းရင်ဆိုင်သွားမည်ဟု မိန့်ကြားလိုက်သည်။

ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုများအတွက် မြန်မာနိုင်ငံမှ ၉၆၉ အဖွဲ့နှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အင်အားစု Bodu Bala Sena -BBS တို့ပူးပေါင်းကာ ရင်ဆိုင်သွားမည်ဟု ဆရာတော် ဦးဝီရသူက စက်တင်ဘာ ၂၈ ရက်တွင် မိန့်ကြားလိုက်သည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပနေသည့် BBS ဗုဒ္ဓဘာသာညီလာခံတွင် ဦးဝီရသူက မိန့်ကြားလိုက် ခြင်းဖြစ်သည်။

“ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ဖို့ ဘုန်းကြီးတို့ရဲ့ ၉၆၉ အဖွဲ့နဲ့ BBS တို့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ရဟန်းတော်များ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ များ တက်ရောက်သည့် ညီလာခံတွင် မိန့်ကြားခဲ့သည်။

ညီလာခံတွင် “ဗုဒ္ဓဘာသာဝင်တွေဟာ အခုဆိုရင် ဂျီဟတ်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုကို ကြုံတွေ့နေရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ရှည်သည်းခံမှုကို အားနည်းချက်တစ်ရပ်အဖြစ် ရှုမြင်ထားကြပါတယ်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေလည်း ဖျက်ဆီးခံခဲ့ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကိုလည်း ဂျီဟတ်စစ်ပွဲမှာ ပစ်မှတ်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ထိပါးစော်ကားဖို့ မီဒီယာအဖွဲ့အစည်းတွေနဲ့ အင်အားကြီးနိုင်ငံတွေက နည်းပညာကို အသုံးပြုနေကြတယ်” ဟုလည်း ဦးဝီရသူ က မိန့်သည်။

သိရိလင်္ကာတွင် ကျင်းပနေသည့် အဆိုပါညီလာခံသို့ တက်ရောက်ရာတွင်လည်း နှောင့်ယှက်မှုများနှင့် ကြုံ ခဲ့ရသည် ဟု ဦးဝီရသူက မိန့်သည်။

“အစွန်းရောက်တွေက ဟန့်တားဖို့ ကြိုးပမ်းခဲ့ပေမယ့် သီရိလင်္ကာကို လာရောက်ဖို့ ဗီဇာခွင့်ပြုပေးခဲ့တဲ့ သမ္မတ မဟိန္ဒရာဇပက်ဆေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။

“အခြားတစ်ဖက်တွင်မူ “မိမိတို့၏ အမိမြေဖြစ်သော သီရိလင်္ကာနိုင်ငံအတွင်းသို့ ဦးဝီရသူ လာရောက်လည် ပတ်ခြင်းသည် ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း” ဟု ဦးဝီရသူနှင့်ပတ်သက်၍ သီရီလင်္ကာ မွတ်စလင်ကောင်စီက သက်ဆိုင်ရာ အာဏာပိုင်များထံ သတိပေးခဲ့သည်။

သိရီလင်္ကာနိုင်ငံတွင်လည်း ဘာသာရေး ပဋိပက္ခများ ဇွန်လအတွင်းက ဖြစ်ပွားခဲ့ရာတွင် အလုဂါမနှင့် ဘေရုဝါလ အရပ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများအတွင်း လေးဦးသေဆုံးခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုများကို BBS အဖွဲ့က သွေးထိုးလှုံ့ဆော်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သော် လည်း ယင်းအဖွဲ့က ငြင်းဆိုထားသည်။

မြန်မာနိုင်ငံတွင်မူ ၂၀၁၂ ခုနှစ်၊ ဇွန်လ အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခ ကြောင့် လူ ၂၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

BBS အဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဂါလဂေါဒါတ္တဂန္ဓစာရသည်လည်း ဦးဝီရသူနှင့် နှိုင်းယှဉ် ဖော်ပြခဲ့ရ သူတစ်ဦးဖြစ်သည်။ ဦးဂါလဂေါဒါတ္တဂန္ဓစာရက မိမိတို့ နှစ်ပါးစလုံးသည် လက်များတွင် သွေးမစွန်းသည့် ငြိမ်းချမ်းရေးလိုလားသော ရဟန်းများဖြစ်ကြောင်း ပြောကြားထားသည်။

From: Mizzima

www.mmdailystar.com

Facebook ကြောင့် ဆိုးရွားလှတဲ့ အခြေအနေမှ လွတ်မြောက်ခွင့် ရတော့မယ့် ကလေးငယ်

မော်ရိုကို နိုင်ငံရှိ ကျေးရွာ တစ်ရွာမှာ နေထိုင်တဲ့ ကလေးငယ် တစ်ဦးဟာ လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်တစ်ခု ဖြစ်တဲ့ Facebookရဲ့ ကျေးဇူးကြောင့် ဆိုးရွားလှတဲ့ အခြေအနေကနေ လွတ်မြောက်ခွင့် ရဖို့ မျှော်လင့်ချက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အသက်သုံးနှစ်သာ ရှိသေးတဲ့ ဒီကလေးငယ်ဟာ မျက်နှာပြင် မှာ မွေးရာပါ ဆိုးရွားလှတဲ့ ပုံစံမျိုး ပါဝင်လာခဲ့ပါတယ်။ ဂျာဘလီ အမည်ရ ဒီကလေးငယ်ရဲ့ မျက်နှာဟာ ရုတ်တရက် ကြည့်လိုက်ရင် အလွန် ထိတ်လန့် စရာ ဖြစ်သွားပါ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကလေးငယ်ရဲ့ မျက်နှာမှာ မျက်လုံး နှစ်လုံး မပါဝင်တဲ့ အပြင် မျက်နှာပြင် မှာကြီး မားတဲ့ အပေါက်ကြီး တစ်ခု ဖြစ်နေပြီး အပေါ် မေးရိုးလည်း ပါဝင်ခြင်း မရှိပါဘူး။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရ တာမို့ ဒီကလေးငယ်ကို ကယ်တင်ဖို့ လူမှု ကွန်ရက် ၀က်ဘ်ဆိုက်ဒ်မှာ အကူအညီ တောင်းခံမှု ပြုလုပ်ခဲ့ပါတယ်။ ဒါကို သြစတြေးလျ နိုင်ငံက ဘာရာကာ အမည်ရ အမျိုးသမီး တစ်ဦးက ဖတ်မိသွားခဲ့ပြီး ဒီကလေးငယ်ကို ကယ်တင်ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဘာရာကာဟာ ကလေးငယ်ကို မော်ရိုကိုနိုင်ငံ အထိ သွားရောက် ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက် သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းမြို့ကို ခေါ်ဆောင်လာကာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ ပြသမှု ပြုလုပ်ပေးခဲ့ပါတယ်။ ဒီကလေးငယ်ဟာ ပုံမှန်ဘ၀ ပြန်ရဖို့ အတွက် ခွဲစိတ် ကုသမှု ခံယူရမှာ ဖြစ်ပါတယ်။ ဒီကလေးငယ်ကို ခွဲစိတ် အထူးကု ဆရာဝန်ကြီး ဟိုလ်မက်က ကုသပေးသွားမှာ ဖြစ်ပါတယ်။ ဟိုလ်မက် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရင်ချင်းဆက် အမြွာကိုလည်း ခွဲစိတ် ကုသပေးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုကုသပေးရမယ့် ကလေးငယ်ရဲ့ အခြေအနေ က အလွန်ရှုပ်ထွေးနေတာမို့ အချိန်ယူရ လိမ့်မယ်လို့ ဟိုလ်မက်က ဆိုခဲ့ပါတယ်။ ခွဲစိတ် ကုသမှုကို လာမယ့် ဒီဇင်ဘာမှာ ဆောင်ရွက် သွားမယ် လို့သိရ ပါတယ်။

From: Messenger

www.mmdailystar.com

တိုက်ပွဲများကြောင့် တပ်မတော်ကို အပြစ်မတင်ရန် ဦးရဲထွဋ် တုံ့ပြန်


ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် တိုက်ပွဲများတွင် တပ်မတော်ကို အပြစ်တင်ရန် မသင့်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က စက်တင်ဘာ ၂၉ရက်တွင် မဇ္ဈိမကို ပြောသည်။

“အခုဖြစ်နေတာက ကရင်လက်နက်ကိုင်လို့ပြောလို့မရပါဘူး။ ဒီကေဘီအေ တစ်ဖွဲ့တည်းပါ။ ဒါကလည်း သူတို့က မြို့ထဲမှာ လက်နက်တွေကိုင် လျှောက်သွားနေတာတွေ ထိုင်းက ကုန်ကားတွေကို တားတာတွေကြောင့်ပါ။ ကိုယ့်သဘောနဲ့ကို အုပ်ချုပ်ရေးကို ၀င်မတားဖို့ ပြောထားတယ်။ ဘယ်နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးမှ အဲဒီလိုလုပ်တာကို လက်ခံမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

ဖြစ်ပွားနေသည့် ပဋိပက္ခများဖြေရှင်းရေးနှင့် ယင်းကြောင့် ငြိမ်းချမ်းရေးဆောင်ရွက်နေမှုများ မထိခိုက်စေ ရန် မြန်မာ့တပ်မတော် ခေါင်းဆောင်ပိုင်းနှင့် DKBA ခေါင်းဆောင်ပိုင်းတို့ ဆွေးနွေးနေကြပြီး မကြာမီတွင် ဖြေရှင်းသွားနိုင်မည်ဟု ပြောသည်။

တပ်မတော် ခြေလျင်တပ်ရင်း ၂၇၅ က စက်တင်ဘာ ၁၄ ရက်တွင် မြ၀တီမြို့အတွင်း လှုပ်ရှားနေသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးကို ယူနီဖောင်းနှင့်တကွ လက်နက်ကိုင်ဆောင်မှု မပြုရန် သတိ ပေးပြီးနောက် ယင်းသို့ ပဋိပက္ခ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်တပ်များ ရင်ဆိုင်ပစ်ခတ်မှုအချို့ကြောင့် စက်တင်ဘာ ၂၉ ရက်အထိ ကရင်အကျိုးပြု တပ်မတော်မှ ဗိုလ်ကြီးအဆင့်ရှိ သူတစ်ဦး သေဆုံးခဲ့ရသည်။ ထို့ပြင် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အနီး ကရင်ပြည်နယ်အစပ်တွင် ပိတ်မိနေသဖြင့် လမ်းကြောင်းဖွင့်ပေးရန် DKBA တို့ တောင်းဆို ထားသည်။ ယင်းကို တပ်မတော်ဘက်ကလည်း စက်တင်ဘာ ၂၆ ရက် ကျိုက်မရော တိုက်ပွဲအတွင်း သိမ်းဆည်းထားသော လက်နက်များပြန်ပေးရန် ညှိနှိုင်းထားသည်ဟု DKBA ဘက်က ပြောသည်။

ဒီကေဘီအေသည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာတွင် ပမာဏအပစ်ရပ်စဲရေး လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။ ယင်းနောက် ၂၀၁၂ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်တွင် လေးကြိမ် တပ်မတော်နှင့် ရင်ဆိုင် ထိတွေ့မှု ဖြစ်ဖူးသည်။

mizzima
From:

www.mmdailystar.com

စောတိုက်ဂါးနှင့် KNLA-PC တို့၏လမ်းခွဲပျက်စဲခြင်းနောက်ကွယ်မှ ဇတ်လမ်းတစ်ပုဒ်

လွန်ခဲ့သည့်ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ ( KNU/KNLA-PC ) ၏ဗဟိုဦးစီးကော်မတီမှ ဒေါက်တာတင်မိုသီနှုတ်ထွက်ခဲ့ပေသည်။ ဒေါက်တာတင်မိုသီဆိုသူမှာသြစတေးလျ

 နိုင်ငံသူတစ်ဦးနှင့်အကြောင်းပါခဲ့သူဖြစ်ပြီး ထိုနိုင်ငံတွင်နေထိုင်ကာ ဗိုလ်ချုပ်ကြီးမြတို့လက်ထက်ကတည်း ကပင် KNU၏ငြိမ်းချမ်းရေး သံတမန်ကဲ့သို့ တာဝန်ထမ်းဆောင်ခဲ့ဘူးသူတစ်ဦးဖြစ်ပေသည်။

ဗိုလ်ချုပ်စောဌေးမောင် အလင်းဝင်စဉ် ကာလတွင် KNLA-PC နောက်သို့လိုက်ပါလာခဲ့သူဖြစ်ပြီး KNLA-PC ခေါင်းဆောင်ပိုင်းတွင်သူ့ခြေသူ့ လက်ဖြင့်ထင်တိုင်းကြဲနေသူလည်း ဖြစ်ပေသည်။ KNLA-PC တပ်ဖွဲ့၏ ဗဟိုဦးစီးကော်မတီ တွင်တာဝန် ထမ်းဆောင် ခဲ့သော သူတစ်ဦးလည်းဖြစ်သလို တပ်ဖွဲ့အတွင်းတွင်လည်း လက်ရှိခေါင်းဆောင် စောဌေးမောင် မရှိတော့ပါက ခေါင်းဆောင်ပိုင်း ရာထူးကို မျက်စပစ်နေသူတစ်ဦးဖြစ်ပြီး တပည့်တပန်းများ မွေးမြူကာ တစ်စင်ထောင်နေသူလဲဖြစ် ပေ သည်။ သူ၏တပည့်တပန်းများတွင် အားအကိုးရဆုံးနှင့် သူကြိုးဆွဲရာကသည့် အမာခံတပည့်တစ်ဦး ရှိပေသည်။ ထိုသူကတော့ အားလုံးသိရှိကြသည့် ဗိုလ်မှူးကြီးစောတိုက်ဂါးပင် ဖြစ်ပေတော့သည်။

 
 
ဗိုလ်မှူးကြီးစောတိုက်ဂါး၏ အကြောင်းကိုတော့ဖြင့်အားလုံးသိရှိပြီးဖြစ်ပေလိမ့်မည်ထင်ပါသည်။ တစ်ကြိမ် တစ်ခါ မျှစစ်တိုက်ဖူးသူမဟုတ်ဘဲ မယ်တော်ဆေးခန်းတွင်ကားမောင်းနေရာမှ စောဌေးမောင် တပ်ဖွဲ့သို့ဝင်ရောက်ခဲ့သူ တစ်ဦးဖြစ်ပေသည်။ သို့သော် KNU/KNLA–PC တွင်နယ်စပ်ရေးရာလုံခြုံရေး အထူးဗျူဟာမှူးဟူသည့်ရာထူးကို ရယူထားခြင်းမှာလည်း စောတိုက်ဂါးကိုသူ့တပည့်ဟု အချိန်တိုင်းပြောဆိုနေသည့် ဒေါက်တာတင်မိုသီ၏မြေ တောင်မြှောက်ပေးမှုတစ်ခုပင်ဖြစ်ပေသည်။ တစ်လောကစောတိုက်ဂါး ပြုလုပ်ခဲ့သောပြဿနာသည် မြ၀တီ နယ်စပ်မှ အစတည်ပြီး တစ်နိုင်ငံလုံးဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ရပေသည်။ မယ်တော်မီးပွိုင့်တွင်ထိုင်းရဲ နှင့်ဖြစ်ခဲ့သည့် ပုဂ္ဂိုလ်ရေးပြဿနာကို တေးမှတ်ပြီး ထိုင်းကား အစီး(၃၀) ကိုတိုက်ဂါးကခပ်တည်တည်နှင့် ဖမ်းဆီး ခဲ့ပေသည်။ ပညာအခြေခံနည်းပါးသော စောတိုက်ဂါးအဖို့ ဖြစ်လာမည့်ပြဿနာကို ကြိုတင် မတွက်ဆဘဲ စိတ်လိုက်မာန်ပါဖြင့် ပြဿနာကိုမီးမွှေးခဲ့ခြင်းသာဖြစ်ပေသည်။ ပြဿနာတကယ်ဖြစ်ပွားခဲ့ရာ တွင်တော့ တိုက်ဂါးလဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်ခဲ့ရာ နိုင်ငံရေးပါးဝ၍ ဂျပိုးကိုလိပ်ဖြစ်အောင်ပြောတတ်သော သူ၏ဆရာရင်း တင်မိုသီထံ ဦးတိုက်ရပေတော့သည်။

တင်မိုသီ၏ အကြံဥာဏ်အတိုင်း အစိုးရ စစ်တပ်၏ အကြောင်းကြားစာအပေါ်တွင် စောတိုက်ဂါး၏ ရာဇသံဆန်ဆန်တုံ့ပြန်မှုကြောင့် စောတိုက်ဂါးသည် ငြိမ်းချမ်းလမ်းပေါ်မှအမှိုက်တစ်ခုဟု ပြည်သူအများက သုံးသပ်ခဲ့ကြပေသည်။ သို့သော်ထိုတုံ့ပြန်မှုသည် တိုက်ဂါး ၏အကြံဥာဏ်မဟုတ် တင်မိုသီ၏ အကြံဥာဏ် ဖြစ်ကြောင်း သူ၏နှုတ်ထွက်စာတွင်စာသွားစာလာကို ကြည့်ပါ ကသိနိုင်ပေသည်။ KNLA-PC ဗဟိုကလည်း ဒေါက်တာတင်မိုသီ၏ ပယောဂမကင်းဆိုသည်ကိုနားလည်သဖြင့် ထိုအကြောင်းကြားစာသည် ၄င်းတို့နှင့် မဆိုင်ဟု ဆိုကာ စစ်တပ်သို့ပြန်လည် အကြောင်းကြားခဲ့ ပေသည်။ ထို့ကြောင့် စောတိုက်ဂါးအမည်ခံလုပ်ခဲ့သမျှ သည် သဲရေကျခဲ့ရပြီး ပြည်သူမှ သူ့ကိုမထောက်ခံ အဖွဲ့စည်းမှလည်း သူ့အပေါ်အမြင်မကြည် စစ်တပ်နှင့် လည်းအဆင်မပြေ နယ်စပ်တွင်လည်း ထိုင်းအစိုးရနှင့် မပြေလည်ကာ စောတိုက်ဂါး အရူးမီးဝိုင်းခဲ့ရပေ တော့သည်။

သို့သော် တစ်လောက DKBA နှင့် အစိုးရစစ်တပ်တို့ဖြစ်ပွားခဲ့သော ပြဿနာသည် တင်မိုသီနှင့် စောတိုက်ဂါး တို့၏မျှော်လင့်ခြင်းလမ်းစဖြစ်လာခဲ့ပေသည်။ ထိုင်းစစ်တပ်မှလည်းလက်မခံ အဖွဲ့ခွဲလျှင်လည်းနှစ်ယောက် တစ်ပိုင်းဖြင့် အဆင်မပြေသည်ကို စောတိုက်ဂါးကောင်းကောင်းသိပေသည်။ တစ်မြန်နေ့က ဒေါက်တာတင်မိုသီ နှုတ်ထွက်ခဲ့သည်ဆိုသော သတင်းကြားပြီးသည့်နောက်တွင် ဗိုလ်မှူးကြီးစောတိုက်ဂါး DKBA တပ်ဖွဲ့သို့ဝင် ရောက်သွားသည်ဆိုသည့်သတင်းမှာလည်း ချက်ချင်းပေါ်ထွက်လာခဲ့ပေသည်။

ထို့ကြောင့် ဒေါက်တာတင်မိုသီနှင့် ဗိုလ်မှူးကြီးစောတိုက်ဂါးဆိုသူတို့သည် မည်သည့်နိုင်ငံရေးခံယူချက်မျှမရှိ၊ မည်သူ့အကျိုးစီးပွားအတွက်မျှမကြည့်သော တစ်ဘို့တည်းကြည့်သည့် စီးပွားရေးသမားများသာဖြစ်ပေသည်။ ၄င်းတို့အနေဖြင့် ယခုလို KNU/KNLA-PC တပ်ဖွဲ့မှခွဲထွက်ကာ DKBA သို့ဝင်ရောက်သွားခြင်းမှာလည်း သာယာနားသည့်သဘောသာဖြစ်ပြီး ငြိမ်းချမ်းရေးမလိုလားသူတို့၏ ရွေးချယ်မှုတစ်ခုသာပင်ဖြစ်ပေလိမ့်မည်။
From: နော်ဖောထူး

www.mmdailystar.com

လာပျော်ပါးတဲ့ ယောင်္ကျားများထံမှ ဥစ္စာကိုယူပြီး ကာမနဲ့ ရောင့်ရဲစေခဲ့တဲ့ ပြည့်တန်ဆာမလေးရဲ့ မှန်သော သစ္စာ

လူသားတို့တွင် အတိတ်နှင့်ပစ္စုပ္ပန်ကံတရားများကြောင့် ဘဝရပ်တည်မှုအခြေအနေတွေ ကွာခြားကြပါတယ်။

အဲဒီလိုကွာခြားမှုတွေရှိပေမယ့် လူတစ်ဦးချင်းစီတွင် မှန်ကန်သောသစ္စာတရား၊ သီလများရှိနေပါက လူ သားများကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်။ ယုတ်နိမ့်သည့် အသက်မွေးဝမ်းကျောင်းအလုပ်ကို ဆောင်ရွက် နေရသူများပင် သူတို့၏ သစ္စာအဓိဋ္ဌာန်ဖြင့် လူတွေကို ကူညီဆောင်ရွက်ပေးခဲ့သည့် ''ပြည့်တန်ဆာရဲ့ မှန်သောသစ္စာ'' ဆိုသည့် သုတ္တန်ပုံပြင်လေးကို ဖော်ပြပေးမှာဖြစ်ပါတယ်။

အဲဒီပုံပြင်လေးကိုဖော်ပြနိုင်ရန် ဆရာကြီးဦးသုခ၏ ရာမာခရစ်ရှနာ၏ သုတ္တန်ပုံပြင်များစာအုပ်မှ အမှန် တရားဆိုသည့်ပုံပြင်ကို မှီငြမ်းထား ပါတယ်။



ရှေးအခါက ပါဋလိပုတ်မြို့တော်ကြီး၌ ဓမ္မာသောကမင်းကြီး စိုးစံနေပါတယ်။ မြို့တော်ကြီးဘေးတွင် အညာဒေသ မှ မြစ်ဖျားခံစီးဆင်းလာသော ဂင်္ဂါမြစ်ကြီးရှိပြီး မြစ်ရေသည် ထူးထူးခြားခြား တဖြည်းဖြည်းတိုးလာတယ်။ မြစ်အောက် ကျတဲ့ မြို့ရွာတွေမှာ မြစ်ရေတိုးပြီး တာတမံကျိုးကာ လယ်ယာ၊ အိုးအိမ်၊ ကျွဲ၊ နွား၊ လူသတ္တဝါတွေလည်း ဒုက္ခရောက် နိုင်ပြီး စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်လာပါတယ်။

ဘုရင်ကြီးလည်း မြစ်ရေတိုးတာကိုကာကွယ်နိုင်ဖို့ အစီအရင်အမျိုးမျိုးကို ဆောင်ရွက်နေတယ်။ မြေဖို့တာ၊ နတ် မေး၊ အင်းမြှုပ်၊ ဂါထာမန်း အစုံလုပ်ပေမယ့် ယူဇနာငါးရာအလျားရှိတဲ့ ဂင်္ဂါမြစ်ရေဟာ တိုးမြဲတိုးနေပါတယ်။ မြစ်ရေတွေ နေ့စဉ်ရက်ဆက်တိုးလာတော့ တာတမံတွေကျိုးမှာစိုးတဲ့ မင်းကြီးက မှူးမတ်တွေကို မေးမြန်း တယ်။

''အချင်းအမတ်တို့၊ ဒီဂင်္ဂါမြစ်ရေကို အညာကို တစ်ဖန်ပြန်စီးအောင် စွမ်းနိုင်သောသူ တစ်စုံ တစ်ယောက်သောသူ ရှိသလော''ဟု မေးပါတယ်။
အမတ်ကြီးများက ''မင်းကြီး ဒီကိစ္စက ပြုနိုင်ခဲပါတယ်''လို့ ခေါင်းငုံ့ပြီး လျှောက်တင်ကြတယ်။

အဲဒီအချိန်တွင် ဂင်္ဂါမြစ်ကမ်းနဖူးပေါ်တွင် ငွေလွှာခါးဝတ်တန်ဆာကိုဝတ်ဆင်ပြီး ပိတုန်းရောင် ဆံကေသာနဲ့ အလွန်လှပကြော့ရှင်းသောမိန်းမပျိုလေးတစ်ဦး ဂင်္ဂါမြစ်ကမ်းကို စိုက်ကြည့်နေတာ ကို အားလုံးလှမ်းမြင်လိုက်ရတယ်။ မိန်းမပျိုလေးကလည်း ရှင်ဘုရင်နဲ့ အမတ်ကြီး တွေကို တွေ့မြင်သွားပြီး သူတို့ပြောနေတဲ့ မြစ်ရေကြီးတဲ့ အကြောင်း ကြားသွားပါတယ်။

ငယ်ရွယ်ချောမောတဲ့မိန်းမပျိုလေးက ဘုရင်နဲ့ အမတ်ကြီးထံ လာရောက်ခစားပြီး ''ကျွန်ုပ်ပြုနိုင်ပါတယ်။ အညာ ကို တစ်ဖန်ရေပြန်စီးအောင် ဂင်္ဂါမြစ်ကြီးကို ကျွန်ုပ်ပြုနိုင်တယ်။ ရှုလော့...ရှုလော့'' လို့ ကြွေးကြော်တယ်။ မင်းပရိ သတ်အားလုံး ကြည့်ရှုနေဆဲမှာပင် မြစ်ထဲကိုဆင်းသွားပြီး ရေစပ်နားမှာ တစ်စုံတစ်ရာသောစကားကို ကြည်လင်သော အသံနဲ့ ပြောနေပါတယ်။

ထိုအချိန်မှာ မင်းကြီးက ထိုမိန်းမပျိုမှာ နှစ်လိုဖွယ်အဆင်းရှိပြီး သူဌေး၊ သူကြွယ်တစ်ဦး၏ သမီးလော၊ မင်းမျိုး မင်းနွယ် အခြားဘုရင်တို့၏သမီးလောဟု အမတ်ကြီးများကို မေးမြန်းတယ်။

အမတ်ကြီးတွေက ''အရှင်မင်းကြီး ဒီမိန်းမပျိုလေးသည် သူဌေးသူကြွယ်သမီးလဲ မဟုတ်၊ မင်းသမီးလဲ မဟုတ်၊ မြို့တော်အတွင်းမှာ ကာမအရာကို အသပြာနှင့်ဖောက်ကားနေသော ဗိန္ဒုမတီ ပြည့်တန်ဆာမလေးဖြစ်ပါတယ်''လို့ လျှောက်တင်ကြတယ်။

ကာမဂုဏ်လိုက်စားသောမြို့သားများကို ကခြင်း၊ သီဆိုခြင်း၊ ချိုသာသောစကားဖြင့် ဖျော်ဖြေရခြင်း၊ ကာမရောဂါ ကိုယ်တွင်းနာကို သက်သာအောင်ကုစားပေးနေရသော အမျိုးသမီးလေးဖြစ်မှန်း ဘုရင်ကြီး သိသွားတယ်။

ရှေးဘုရင်များလက်ထက်တွင် ပြည့်တန်ဆာတို့အား ပျော်ပါးလိုကြပေမယ့် ပျော်ပွဲရွှင်ပွဲမင်းပွဲများတွင် အဖက် မတန် ဆက်ဆံမည့်သူမရှိ ပေါင်းသင်းခြင်းမှ ရှောင်ကွင်းခဲ့ကြပါတယ်။

ထိုအခါ မင်းကြီးသည် မိန်းမပျိုလေးကိုချီးကျူးမိသည့် သူ၏စိတ်မှာ တောင်ထိပ်မှာကျသွားသလို တစ်ခဏချင်း နိမ့်လျှောကျဆင်းကာ မစင်ပုပ်ကဲ့သို့ ရွံ့ရှာအော့နှလုံးနာသွားပါတယ်။

ဗိန္ဒုမတီပြည့်တန်ဆာမလေးမှာ ရေစပ်နားတွင် စကားဆိုပြီး ရေကို သူမရဲ့လက်နဲ့ ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဂင်္ဂါမြစ်ရေဟာ လှိုင်းအလိပ်လိပ်ဖြစ်ကာ အညာသို့ တစ်ဖန်စီးဝင်တယ်။ ဝဲတံပိုးတွေနဲ့ ကြီးစွာသောအသံမြည်ဟိန်း သွားတယ်။ မင်းပရိသတ်တွေအားလုံး ထူးဆန်းသည့်ဖြစ်အင်ကို ရင်သပ်ရှုမောဖြစ်ကာ ဗိန္ဒုမတီ ပြည့်တန်ဆာမသည် စုန်းကဝေအတတ်ပညာတတ်သည်ဟု စွပ်စွဲပြောဆိုကြတယ်။

''ယုတ်မာတဲ့ ကိလေသာအမျိုးသမီးမှာ တန်ခိုးသတ္တိနဲ့ပြည့်စုံတဲ့ နတ်ကောင်းနတ်မြတ်တွေ ယှဉ်ကပ်နိုင်မှာမဟုတ်'' ဟု လူတွေက ရုတ်ရုတ်သဲသဲပြောဆိုကြတယ်။

မင်းကြီးလည်း ''အမတ်တို့ ဒီမိန်းမယုတ်က ဘာကြောင့် ဂင်္ဂါရေကို အညာသို့ပြန်စီးအောင်လုပ်နိုင်တာလဲ။ အကြောင်း တစ်စုံတစ်ရာ ရှိလိမ့်မယ်''လို့ဆိုကာ စုံစမ်းစေတယ်။

မှူးမတ်ကြီးတို့လည်း ဘုရင့်အလိုအတိုင်း စုံစမ်းပြီးနောက် ''အရှင်မင်းကြီး ဗိန္ဒုမတီပြည့်တန်ဆာမမှာ အမှန်တရား စကား(သစ္စာအဓိဋ္ဌာန်)ဆိုခြင်းကြောင့် ဂင်္ဂါရေကို ပြန်၍စီးဆင်းစေခြင်းဖြစ်ပါတယ်''လို့ ဆိုကြတယ်။

မင်းကြီးကိုယ်တော်တိုင် ပြည့်တန်ဆာမအားခေါ်ယူ၍ မေးမြန်းသောအခါ ပြည့်တန်ဆာမက ''အရှင်မင်းကြီး လောကမှာ ဖောက်လွှဲသော်လဲ အမှန်တရားက မဖောက်လွှဲ၊ အမှန်တရားကို နှစ်သက်သူအပေါင်းမှာ အမှန်တရားကို နာခံ၏။ ထို့ကြောင့် မြစ်ရေသည် အမှန်တရားကိုဆိုရုံဖြင့် ဆန်တက်တယ်'' လို့ လျှောက်တင်ပါတယ်။

ပြည့်တန်ဆာမက ဆက်၍ ပျားရည်ဥပမာဖြင့် မင်းကြီးအား ရှင်းပြပါတယ်။

ကြံပင်မှာစွဲသောပျားလပို့သည် ချိုမြိန်သောအရသာရှိသလို တမာပင်မှာစွဲတဲ့ပျားရည်ကလည်း ချိုမြိန်သောအရသာ ပြောင်းလဲမသွားကြောင်း၊ ယုတ်ညံ့သောအသက်မွေးဝမ်းကျောင်း ပြုလုပ်နေစေကာ မူသီလ၊ မှန်ကန်မှုသစ္စာတရားများ ထားနိုင်ကြောင်း ပြောပါတယ်။

မင်းကြီးလည်း ပြည့်တန်ဆာမအား သင့်ရဲ့ သစ္စာစကားကြောင့် ဂင်္ဂါမြစ်ရေ ပြန်စီးစေတယ်လို့ ဆိုတယ်။ သင်၏ မှန်သောသစ္စာစကားက အဘယ်နည်းလို့ မေးမြန်းပါတယ်။

''မြတ်သောမင်းကြီး အကျွန်ုပ်ကား ပြည့်တန်ဆာမဖြစ်ပြီး မင်း၊ ပုဏ္ဏား၊ သူဌေး၊ သူကြွယ်တွေကို ကိလေသာနဲ့ လုပ်ကျွေးပါတယ်။ မင်းသားဆိုပြီး အထူးမရှိ၊ ဆင်းရဲသားဆိုပြီး မထီလေးစားလုပ်ခြင်းမရှိခဲ့ပါဘူး။ ချစ်ခြင်း၊ မုန်းခြင်း ကင်းကာ ဥစ္စာကိုယူပြီး ကာမနဲ့ ရောင့်ရဲစေခဲ့တယ်။ ဒီစကားသည် မှန်သော သစ္စာတရားစစ်စစ်ဖြစ်ပြီး ထိုစကားကြောင့် ဂင်္ဂါမြစ်ရေသည် အညာသို့ ဆန်တက်ခဲ့တာ မင်းကြီး မျက်မြင်ကိုယ်တွေ့ဖြစ်ပါတယ်။ မင်းကြီး ဒီစကားသည် ကျွန်ုပ်ရဲ့ မှန်သောသစ္စာစကားဖြစ်ပါတယ်'' လို့ ဖြေကြားပါတယ်။

ဓမ္မာသောကမင်းကြီးသည် ကိုယ်ကျင့်တရားအားဖြင့် ယုတ်နိမ့်သော ပြည့်တန်ဆာထံမှ မှန်ကန်သောသစ္စာစကား ကို နားနဲ့ဆက်ဆက်ကြားသိရပြီး ဂင်္ဂါမြစ်ရေတိုးခြင်းမှလည်း ကျော်လွှားနိုင်ခဲ့ပါတယ်။

သူသူထက်လွင်၊ ရန်ကုန်တိုင်းမ် ဂျာနယ်
From: TheYangonTimes

www.mmdailystar.com

စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်မခံနိုင်၍ KIA တပ်သားများ ထွက်ပြေးတိမ်းရှောင်



စက်တင်ဘာ ၃၀ ရက် ၊၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ လက်အောက်ခံတပ်သားများသည် စားနပ်ရိက္ခာ မလုံလောက်မှုဒဏ်မခံနိုင်၍ စက်တင်ဘာ တတိယပတ် မှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သတင်းရရှိသည်။

“ ဟိုတစ်နေ့က ကူမိုးစခန်းက ကချင်စစ်သားနှစ်ယောက် ထွက်ပြေးလို့ဆိုပြီး ရွာထဲကို လာရှာကြတာ မြင်တယ်၊ ရွာသူကြီးကို လက်မခံဖို့နဲ့ ပြေးလာရင် သူတို့ဆီကို အကြောင်းကြားပေးပါဆိုပြီး ပြောသွားတယ်လို့ ကြားတယ် ” ဟု ဖလရွာသားတစ်ဦးက ပြောသည်။

KIA အဖွဲ့မှ လိုက်လံရှာဖွေနေသော တပ်ဖွဲ့ဝင် ၂ ဦးမှာ ကူမိုးစခန်းမှ တပ်သားအဆင့်ရှိ မရမ်ဇော်လတ်နှင့် အင်လုံလအောင်တို့ ဖြစ်ကြောင်း ယင်းအဖွဲ့နှင့် နီးစပ်သော ဒေသခံတစ်ဦးထံမှ သိရသည်။

“ စက်လှေဆိပ်မှာလည်း လိုက်ရှာနေတာတွေ့တယ်၊ ကားလမ်းတွေကိုလည်း ပိတ်ဆို့ပြီး ရှာဖွေနေတာ မြင်တယ်၊ မနေချင်လို့ ပြေးပါတယ်ဆိုမှ ဘယ်လိုလုပ် ရှာတွေ့တော့မလဲ၊ KIA တပ်သားတွေဟာ စားစရာ လောက်ငှမှုမရှိလို့ ပြေးကြတာ များပါတယ် ” ဟု ချီဖွေမြို့ခံတစ်ဦးက ပြောသည်။

လက်အောက်ငယ်သား KIA တပ်ဖွဲ့ဝင်များသည် တစ်လလျှင် လစာတစ်သောင်းခန့်သာ ရရှိပြီး လေးငါးလမှ တစ်ကြိမ် ထုတ်ပေးလေ့ရှိကြောင်း၊ စားနပ်ရိက္ခာမှာ ကျေးရွာများမှ တောင်းရမ်းစားသောက်နေရသဖြင့် မလုံ လောက်ကြောင်း၊ စားနပ်ရိက္ခာမလုံလောက်မှု ဒဏ်ကို မခံနိုင်၍ ထွက်ပြေးတိမ်းရှောင်ကြခြင်းဖြစ်ကြောင်း သိရသည်။

KIA အဖွဲ့သည် အစိုးရနှင့် ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးကို ယနေ့ချိန်ထိ မပြုလုပ်နိုင်သေးသည့်အပြင် မကြာမီရက်ပိုင်းက ဆွေးနွေးခဲ့သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆွေးနွေးပွဲမှာလည်း အပြီးမသတ် နိုင်သေး၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်သော KIA လက်အောက် တပ်ဖွဲ့ဝင်များသည် စားနပ် ရိက္ခာမလုံလောက်မှုကို အကြောင်းပြပြီး ထွက်ပြေးနေကြခြင်းဖြစ်ကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ အလွတ် သတင်းထောက်တစ်ဦးက ပြောကြားသွားသည်။

From:ေ ဇော်မိုင်

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...