Thursday, 30 October 2014

အစားမစား သည်မှာ တစ်နှစ်ကြာပြီ ဖြစ်သည့် သားငယ်ကြောင့် မိဘများ စိုးရိမ်နေ

အင်္ဂလန် နိုင်ငံက လန်ဒန်ဂျုံး ဆိုသူ ၁၂  နှစ်သား ယောက်ျားလေး တစ်ဦးသည်  အာဟာရ သိဒ္ဓိ ပြီးပြည့်နေ သလို အစားမစာ၊  ရေမသောက်နှင့် ဆာလောင် ခြင်းလည်း  အလျဉ်းမရှိဘဲ နေထိုင်ခဲ့သည်မှာ တစ်နှစ်ကြာမျှ  ရှိခဲ့ပြီ ဖြစ်သည်။


တစ်ခုသော ညက လန်ဒန်သည် ပီဇာနှင့် ရေခဲမုန့် ကို တနင့်တပိုး စားသောက်ခဲ့သည်ဟု ဆိုသည်။ နောက်တစ်နေ့ နံနက် ခုနှစ် သက္ကရာဇ် အားဖြင့် ၂၀၁၃ အောက်တိုဘာ ၁၄ရက် ၎င်းနိုးထ ခဲ့ချိန်မှ စကာ အစား စားချင်စိတ် မရှိဘဲ ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။

၎င်းသည် ထိုတစ်နေ့ လုံးနီးပါး မူးဝေခြင်းဝေဒနာကို ခံစားခဲ့ရ သည်ဟု ဆိုသည်။ စက်ဘီးစီးခြင်းနှင့် သူငယ်ချင်း ညီအစ်ကို များဖြင့် ပန်းခြံထဲ ဆော့ကစား ရသည်ကို နှစ်သက်သည့် လန်ဒန်အတွက် ယခုကဲ့သို့ ဖြစ်ပျက်လာ သဖြင့် မိဘဖြစ်သူ များက စိုးရိမ်ပို ခဲ့ရသည်။ သားဖြစ်သူတွင် မည်သို့ သော ဝေဒနာမျိုး စွဲနေသည် ဆိုသည် ကိုလည်း မသိရ၍ စိတ်ပန်း လူပန်း ဖြစ်ရတော့သည်။

လန်ဒန်အား ပြသရန် ဆရာဝန်များ ရှာခဲ့သည် မှာလည်း မြို့ ငါးမြို့ အထိပင် နှံ့ ခဲ့သည်။ သို့ သော်လည်း အားလုံးသော ဆရာဝန်များက လန်ဒန်၏ ဝေဒနာနှင့် ပတ်သက်ပြီး လက်လျော့ ခဲ့ရသည်။ လန်ဒန်သည် ဝေဒနာ မခံစားရ မီက ပေါင် ၁၀၄ ပေါင် ရှိခဲ့သည့် လူငယ်ကလေး တစ်ဦး ဖြစ်ပြီး အစားအစာပဲ နေထိုင် ခြင်းကြောင့် ပေါင် ၃၆ ပေါင် ဆုံးရှုံးခဲ့ရပြီ ဖြစ်ကာ လက်ရှိတွင် ကိုယ်အလေးချိန် ၆၈ ပေါင်သာ ရှိတော့သည်။

မိဘဖြစ်သူများက လန်ဒန် အစားစားချင်လာအောင် အမျိုးမျိုး အဖုံဖုံ ကြိုးစား ကြသော်လည်း မအောင်မြင်ပေ။ တစ်ခါတစ်ရံသာ ဆင်းဒ၀စ်ခ်ျ အနည်းငယ်ကို တစ်ဖဲ့စာလောက် စားသုံးခြင်း ရှိသည်။ လက်ရှိတွင် အမေရိကန် နိုင်ငံရှိ ရှားရှားပါးပါး ဖြစ်ပွားသော ရောဂါများ ကိုသာ အဓိကထား သုတေသနပြု ကုသသည့် အမျိုးသား ကျန်းမာရေး သိပ္ပံက လန်ဒန်အား စစ်ဆေး ကုသရန် စိုင်းပြင်းလျက်ရှိပြီ ဖြစ်သည်။

Ref: Daily Mail

အစား အသောက် မစားသည်မှာ တစ်နှစ်ခန့် ကြာပြီ ဖြစ်သည့် လန်ဒန်ဂျုံး။ ဓာတ်ပုံ - Daily Mail


From:mizzima

www.mmdailystar.com

အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ဝင်ခွင့်အမှတ်များ ပေါ်ထွက်လာ


ယခုပညာသင်နှစ်တွင် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်အတွက် ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်ထက် မြင့်တက်သွားကြောင်း တက္ကသိုလ်အသိုင်းအဝိုင်းမှ သတင်းရရှိ သည်။
ဆေးတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ် သတ်မှတ်ချက်မှာ ယခင်နှစ်နှင့် တူညီနေပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များနှင့် သူနာပြု တက္ကသိုလ်တို့၏ တက္ကသိုလ်ဝင်ခွင့် အမှတ်သတ်မှတ်ချက်များမှာ ယခင်နှစ်ထက် လျော့ကျသွားသည်။
ထို့အပြင် နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး)၊ ရေကြောင်းပညာတက္ကသိုလ်နှင့် လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တို့ အနိမ့်ဆုံးဝင်ခွင့် အမှတ် သတ်မှတ်ချက်များလည်း ယခင်နှစ်ထက် လျော့ကျသွားသည်။ ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရမှတ်ကောင်းရရှိသော အမျိုးသားများ၏ အသက် မွေးဝမ်းကျောင်းတက္ကသိုလ်ရွေးချယ်မှုတွင် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားမှု မြင့်တက်ခဲ့ပြီး သူနာပြု တက္ကသိုလ်သို့ ဦးစားပေးလျှောက်ထားမှုလျော့ကျသွားသည်။
ရန်ကုန် နည်းပညာတက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်သည် ယခင်နှစ်ထက် အမျိုးသား ခုနစ်မှတ်နှင့် အမျိုးသမီး နှစ်မှတ် မြင့်တက်သွားသည်။ သို့သော် သွားဘက်ဆိုင် ရာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် အမျိုးသား ကိုးမှတ်နှင့် နည်းပညာတက္ကသိုလ်(ရတနာပုံ ဆိုက်ဘာစီးတီး)ဝင်ခွင့်အတွက် အမျိုးသား၊ အမျိုးသမီး ၁၀ မှတ် အထိ လျော့ကျသွားသည်။
‘‘ယောက်ျားလေးတွေ ရန်ကုန်နည်းပညာ တက္ကသိုလ်ကို ဦးစားပေး လျှောက်ထားမှု မြင့်တက်လာတယ်။ သူနာပြုတက္ကသိုလ်ကိုလျှောက်ထားတဲ့ အမျိုးသား တော်တော်နည်းသွားတယ်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အများစုရဲ့ ဝင်ခွင့်အမှတ် သတ်မှတ်ချက်ကတော့ လျော့ကျ သွားပါတယ်’’ ဟု အဆင့်မြင့်ပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
ရန်ကုန်နည်းပညာ တက္ကသိုလ်သည် ပြန်လည်ဖွင့်လှစ်လိုက်ချိန်ကတည်းက အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များ၏ ဝင်ခွင့်အမှတ်သတ်မှတ်ချက် အမြင့်ဆုံးနေရာမှ ရပ်တည်နေခဲ့ပြီး ယခုနှစ်တွင် ဝင်ခွင့်အမှတ် ထပ်မံ မြင့်တက်သွားခြင်း ဖြစ်သည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲရလဒ်ပေါ် အခြေခံ၍ တက္ကသိုလ်ဝင်ခွင့်လက်ခံနေသော လက်ရှိတက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး စနစ်ပုံစံသည် ယခုနှစ်မှာ နောက်ဆုံးဖြစ်ဖွယ်ရှိနေပြီး လာမည့်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်သောစနစ်ကို ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနက စီစဉ်နေ သည်။


From: 7day

www.mmdailystar.com

မြန်မာလူငယ်နှစ်ဦးကို DNA ထပ်မံစစ်ဆေးဖို့ ထိုင်းဝန်ကြီးချုပ် ခွင့်ပြု


ထိုင်းနိုင်ငံ ခိုထောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာအလုပ်သမား ကိုဝင်းဇော်ထွန်း နဲ့ ကိုဇော်လင်းတို့ရဲ့ မျိုးရိုးဗီဇ DNA ကို ထပ်မံစစ်ဆေး ခွင့်ပြုမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်က ဒီကနေ့ ပြော ကြားလိုက်ပါတယ်။
သူတိုနှစ်ဦးကို အရင်က စစ်ဆေးစမ်းသပ်မှုတွေဟာ တရားမျှတမှုမရှိဘူးလို့ယူဆရင် ဒုတိယအကြိမ် DNA ထပ်မံစစ်ဆေးခွင့်ပြုမှာဖြစ်တယ်လို့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီကနေ့ သတင်းထောက်တွေ နဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောလိုက်တာပါ။
ထိုင်းဝန်ကြီးချုပ်ရဲ့ ဒီပြောကြားချက်အရ DNA ထပ်မံ စစ်ဆေးမယ်ဆိုရင် သူတို့အမှုကိုလိုက်ပါဆောင်ရွက်နေ တဲ့ အကျိုးဆောင်တွေကို အကြောင်းကြားပြီးမှ ဆောင် ရွက်ရမှာဖြစ်တယ်လို့ မြန်မာသံရုံး အထူးကိုယ်စားလှယ် အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ရှင်းပြပါတယ်။
"သူတို့ဝန်ကြီးချုပ်က ခွင့်ပြုမယ်ဆိုတာ ဒီရဲတွေအနေနဲ့ သူတို့အရင်စစ်ထားတယ်၊ ဒါပေမဲ့ အခုထပ်စစ်ဖို့အတွက် ခွင့်ပြုမယ်၊ သူတို့အချင်းချင်း အောက်ကိုညွှန်ကြားမယ်ဆိုတဲ့ ပုံစံမျိုးပါ၊ စစ်မယ်ဆိုရင် ဒီလိုစစ်ခံရတဲ့ တရားခံရဲ့ အကျိုးဆောင်ပါရှိနေရမှာပါ၊ ဒီအမှုက စစချင်းစစ်တဲ့အချိန်မှာကတည်းက ရှေ့နေရှိရမှာပါ၊ ဒါပေမဲ့ အဲ့ရှေ့နေ မရှိဘူးဆိုတဲ့အကြောင်းက ပေါ်ခဲ့ပြီးပါပြီ၊ ဒါပေမဲ့ အခုအချိန်မှာ ကျနော်တို့က ရှေ့နေ ကိုယ်စားလှယ်ပါဝါနဲ့ ၁၄ ရက် ၁ဝ လ ၂ဝ၁၄ က ကြိုတင်သက်သေထွက်ချက်တွေ ယူခဲ့ပြီးပါပြီ၊ အဲ့အချိန်မှာလည်း ကျနော်တို့ဖက် က ရှေ့နေတွေပါပြီးပါပြီ၊ အခု ဒီတရားခံကလေးတွေကို စစ်ချက်ပြန်လည်ယူမယ်ဆိုရင်လည်း ကျနော်တို့ကို အကြောင်းကြားရမှာပါ၊ အဲဒီ့အခါ ကျနော်တို့လည်း ပါဝင်ပူးပေါင်းလို့ရမှာပါ"
ဒီကနေ့မှာဘဲ မြန်မာသံအမတ်ဦးဆောင်တဲ့ အထူးကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းရှေ့နေများကောင်စီနဲ့ တွေ့ဆုံပြီး အမှုကိုအပ်လိုက်တယ်လို့ သိရပါတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကိုဇော်ဝင်းထွန်းနဲ့ ကိုဇော်လင်း တို့နှစ်ဦး နှိပ်စက်ညှင်းပန်းခံရမှု ရှိ၊ မရှိနဲ့ အမှုတရားမျှတမှုရှိရေအတွက် ထိုင်းရှေ့နေများကောင်စီနဲ့ ထိုင်းအမျိုးသား လူ့အခွင့်ရေးကော်မရှင်တို့ ပူးပေါင်းဖော်ထုတ်သွားမယ်လို့လည်း သိရပါတယ်။


From:RFA Burmese

www.mmdailystar.com

ISIS မှ အီဘိုလာ ကူးနေသူ ဟုဆိုသော အမျိုးသားတစ်ဦး ခွေးမအား မုဒိန်းကျင့်၊ ခွေးမအား ကာကွယ်ဆေးထိုးပေးထားရ

ပုံ-ခွေးမ Layla နှင့် သခင်ဖြစ်သူ Alice Woodruffအမေရိကန်ပြည်ထောင်စု ကွန်နတ္တိကတ်ပြည်နယ်မှ အယ်လစ်ဝုဒ်ဒရပ်ဖ်ဆိုသူ အမျိုးသမီး၏ ရန်လိုတတ်သည့် Pit Bull အမျိုးအစား ခွေးမအား အိမ်နီးပါချင်းအမျိုးသားက ISIS နှင့် Ebola ရောဂါတို့အကြောင်း အော်ဟစ်လျက် ဗလက်ကာယပြုကျင့်နေသည်ကိုတွေ့ရှိ၍ အထိတ်တလန့် ဖြစ်ခဲ့ရသည်။

စိတ်မချမ်းမြေ့ဖွယ်ရာ အဆိုပါကိစ္စသည် လွန်ခဲ့သော ကြာသပတေးနေ့ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခွေးပိုင်ရှင် ၀ုဒ်ဒရပ်ဖ်သည် အသက် ၂၂နှစ်အရွယ် ပိုင်နတ်ကျုးလွန်လာသူအား သေနတ်ဖြင့်ချိန်ရွယ်၍ သူမ၏ခွေးအား ကယ်ဆယ်ရန်ကြိုးပမ်းခဲ့သည်။

၎င်းအမျိုးသားသည် စိတ္တဇရောဂါဝေဒနာရှင်ဖြစ်သည်ဟု ယူဆရပြီး ယင်းသို့သေနတ်ဖြင့် ချိန်ရွယ်မှုကိုပင် ဂရုမပြုခဲ့ပေ။ ကြောက်လန့်ထွက်ပြေးခြင်းမရှိသည့်အပြင် ၎င်းသည် ISIS အဖွဲ့ဝင်ဖြစ်ကြောင်းနှင့် အီဘိုလာရောဂါကူးစက်ခံနေရသူဖြစ်ကြောင်း အော်ဟစ်ကြွေးကြော်၍ ခုန်ပေါက်ပြေးလွှားခြင်းပင် ပြုခဲ့သည်ဟုဆိုသည်။

ယင်းအပြင် ၎င်းအမျိုးသားသည် ခရစ်တော်အားဆန့်ကျင်သူဖြစ်သည်ဟုလည်းဆိုပြီး ခွေးပိုင်ရှင်အမျိုးသမီးကိုပင် ပွေ့ဖက်ရန် ကြိုးပမ်းခဲ့သည်ဟု ကာယကံရှင် ၀ုဒ်ဒရပ်ဖ်ကပြောသည်။

ရဲတပ်ဖွဲ့ဝင်တဦးအချိန်မီရောက်ရှိလာပြီး ၎င်းအမျိုးသားအား မောင်းထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းအား ဖမ်းဆီး၍ စစ်ဆေးမှုပြုရန်အတွက် စိတ်ရောဂါဆေးရုံသို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။

အသက် ၁၂နှစ်အရွယ် Pit Bull ၏ အောက်၌ ၎င်းအမျိုးသား လဲလျောင်းနေသည်ကို မြင်တွေ့ခဲ့ရစဉ်က သူမ၏ခွေးက ခြံအတွင်းသို့ ကျုးကျော်လာသူတဦးအား ကိုက်သတ်ခဲ့ခြင်းပေလောဟု ကနဦးက ယူဆခဲ့မိသေးသည်။ သို့ရာတွင် အနီးကပ်ကြည့်မိသောအခါမှ ပေါင်၈၀၀ အလေးချိန်ရှိချိန်းကြိုးဖြင့် ချည်နှောင်ထားသည့် သူမ၏ခွေးအား ၎င်းအမျိုးသားက မုဒိမ်းပြုကျင့်နေသည်ကို သိခဲ့ရကြောင်း အဆိုပါအဖြစ်အပျက်ကြောင့် တုန်လှုပ်နေသော ၀ုဒ်ဒရပ်ဖ်က ရဲစခန်းတွင် ထွက်ဆိုသည်။

“ကျမသူ့ကို ဖယောင်းတိုင်နဲ့ ပစ်ပေါက်ပြီး ထွက်သွားဖို့ အော်သေးတယ်၊ သူက သူဟာ ISIS အဖွဲ့ဝင်ဖြစ်တယ်၊ သူမှာ အီဘိုလာရောဂါရှိပြီး ခွေးကိုလည်း အီဘိုလာကူးသွားပြီလို့ ပြောတယ်။”

ယင်းနောက် မစ္စ၀ုဒ်ဒရပ်ဖ် က သေနတ်ယူကာ သတိပေးသည့်အနေဖြင့် သေနတ်တချက်ပင် ပစ်ဖေါက်ခဲ့သော်လည်း ၎င်းအမျိုးသားက လက်ကိုဆန့်တန်းပြီး သူမထံသို့ ချဉ်းကပ်ခဲ့လာခဲ့ကြောင်း၊ ၎င်းသေလျှင် အားလုံးသေမည်ဟု ကြိမ်းဝါးကြောင်း ၀ုဒ်ဒရပ်ဖ်က ပြောပြသည်။

ဝုဒ်ဒရပ်ဖ်သည် သူမကိုယ်တိုင် စိတ်ကျန်းမာရေးနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်သည့်အတွက် ထိုအမျိုးသားအတွက် ဂရုဏာသက်မိသော်လည်း တချိန်တည်းမှာပင် သူမ၏ အသက်အန္တရာယ်အတွက်လည်း စိုးထိတ်နေခဲ့မိသည်ဟု ဆိုသည်။

၎င်းအမျိုးသား ထွက်ပြေးသွားပြီးနောက် ၂နာရီအကြာတွင် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းအား တိရစ္ဆာန်ညှင်းပမ်းနှိပ်စက်မှု၊ ဗလက်ကာယမှုနှင့် တည်ငြိမ်အေးငြိမ်းချမ်းမှု ဖေါက်ဖျက်မှုတို့ဖြင့် အရေးယူထားသည်။

ခွေးမ Layla အား ကြိုတင်ကာကွယ်သည့်အနေနှင့် ပဋိဇီဝဆေး ပေးထားပြီး လက်ရှိတွင် ကျန်းမာရေးကောင်းမွန်နေသည်ဟု ဆိုသည်။

Ref;DailyMail

From: စောင့်ကြည့်သတင်းဂျာနယ်

www.mmdailystar.com

အဘယ့်ကြောင့်ဆိုသော်....... ( စိမ်းနေခြင်းကြောင့်သာ.. )



နာမည်ကျော် ဒရမ်မာစီးရီး ကားတစ်ခုဖြစ်တဲ့ Love Story In Harvard ဇာတ်ကားထဲ ဇာတ်ဝင်ခန်းတစ်ခုကိုမျက်စိထဲပြန်မြင်နေရတယ် ။ ဟားဗက်ဥပဒေကျောင်းရဲ့ တရားရုံးပုံစံငယ်တစ်ခုမှာအပြင်မှာဖြစ်ပွားခဲ့တဲ့ အမှု တွေကို အုပ်စု ၂ စုခွဲပြီး တရားလိုဘက် ၊ တရားခံ ဘက် ရှေ့နေလိုက်ကြရင်း ဥပဒေပိုင်းဆိုင်ရာတွေဆွေးနွေးငြင်းခုန်နေတာပါ ။ လူမည်းအမျိုးသမီးတစ်ယောက်ကစူပါမားကတ်မှာ
ဈေးဝယ် ရင်း ပစ္စည်းခိုးတယ်လို့ စွတ်စွဲခံရတဲ့အတွက် ရှာဖွေခြင်းခံရပါတယ် ။ အဲဒီအတွက် အရှက်ရပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ဖြစ်ပေါ်ခဲ့ပါတယ် ။

ဝမ်းနည်းနာကျည်း မှုတွေနဲ့ နှလုံးရောဂါအခံပေါင်းစပ်ပြီး လူမည်းအမျိုးသမီး ဟာ သေဆုံးခဲ့ရပါတယ် ။ ဒါကြောင့် လူမဲအမျိုးသမီး ရဲ့ ပက်သက် သူတွေ ဟာ စူပါမားကတ်ကိုတရားစွဲဆိုခဲ့တယ်။
ဒါပေမဲ့ စူပါမားကတ်တွေမှာ မယုံသင်္ကာဖြစ်လျှင် စစ်ဆေးခွင့်ရှိတာကြောင့် တရားလိုသေဆုံးမှု မှာ စူပါမားကတ်နဲ့မသက်ဆိုင်ဘူးလို့ တရားရုံးကဆုံးဖြတ်ချက်ချပြီး စူပါမားကတ်ပိုင်ရှင်ကို အနိုင်ပေးခဲ့တယ် ။
အဲဒီအမှုကို Kim Hyun-woo ဦးဆောင်တဲ့ ဟားဗက်ဥပဒေကျောင်းသားများအဖွဲ့က တရားရှုံးသွားတဲ့ မစ်စ်ဆူဇန် ရဲ့ ဘက်ကနေ ရှေ့နေ အဖြစ် တရားရင်ဆိုင်ခဲ့ပါတယ် ။
ပုံစံငယ် တရားရုံးမှာ ဥပဒေကျောင်းသားလေး Kim Hyun-woo က လျှောက်လဲချက်ပေးရင်း တရားသူကြီးပါမောက္ခ တွေကို ဗီဒီယိုဖိုင်လေး တစ်ခုဖွင့်ပြပါတယ် ။
" ဒါဟာ သာမန်ချိန် စူပါမားကတ်မှာ ဈေးဝယ်သူတစ်ယောက်ကို မသင်္ကာတဲ့ခါ လုံခြုံရေးတွေက စစ်ဆေးတဲ့ ပုံစံ ဗီဒီယိုဖိုင် လေးဖြစ်ပါတယ် ။ မည်သူ့ကို မျှ ဝတ်လစ်စလစ် ချွတ်ပီး မစစ်ဆေးကြပါဘူး။
ဒါပေမဲ့ လူမည်းအမျိုးသမီးကို မသင်္ကာလို့ စစ်ဆေးတဲ့ခါမှာတော့သာမန် စစ်ဆေးတဲ့ ပုံစံမျိုး မဟုတ်ပဲ လူတစ်ယောက် အရှက်ရလောက်အောင် ၊ ဂုဏ်သိက္ခာထိခိုက်လောက်အောင် ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်လောက်အောင် တစ်ကိုယ်လုံးဝစ်လစ်စလစ်ချွတ်ပြီးစစ်ဆေးခဲ့ပါတယ် " ။ " တရားသူကြီးမင်းတို့ခင်ဗျာ ။ အဲဒါဟာ ဘာကြောင့်လို့ ထင်ပါသလဲ ။ တူညီတဲ့ဖြစ်စဉ်တစ်ခုမှ ဘာလို့ ဆောင်ရွက်မှုတွေ မတူညီရတာပါလဲ ။ အဖြေကရှင်းပါတယ် ။ "

"Because .... of .... B L A C K " ။ သူတို့ ဟာ လူမည်းဖြစ်နေလို့ပါပဲ ... တဲ့ ။

ခုတလောမှာ ဟော့ ဖြစ်နေတဲ့ အကြောင်းရာက သတင်းထောက်ကိုပါကြီး အကြောင်းဖြစ်မယ်ထင်ပါတယ် ။ အဘယ်သို့သောအကြောင်းကြောင့်ဖြစ်စေ လူတစ်ယောက်သေဆုံးတာဟာဝမ်းမြောက်စရာမဟုတ်ပါဘူး ။ မည်သူပင် ဖြစ် ပါစေ လူတစ်ယောက် လူ့လောကထဲက ပျောက်ကွယ်သွားတာ ၊ ဇနီးသည်တစ်ယောက်အတွက် ခင်ပွန်းဆုံးရှုံးသွားတာ ၊ သားသမီးတွေအတွက် ဖခင်တစ်ယောက်
ဆုံးရှုံးသွားတာ ဟာ အသေအချာ ဖြစ်ပါတယ် ။ သေဆုံးသူ ကိုပါကြီးရဲ့ ဇနီးသည် တရားစွဲဆိုတာ ၊ အမှုဖွင့် တာ ဟာလည်းဖြစ်သင့်တဲ့ ကိစ္စတစ်ခု ဖြစ်ပါတယ် ။ ခင်ပွန်းတစ်ယောက်လုံးဆုံးရှုံးသွားတဲ့
သူ့အတွက် တရားမျှတ မှု ၊ သိသာထင်ရှားမှု လိုအပ်ပါတယ် ။

အမှု ဖွင့် ၊ သက်ဆိုင်ရာ မှုခင်းဆရာဝန် ၊ စုံစမ်းစစ်ဆေးရေးရဲအရာရှိတွေ က စစ်ဆေး ဘယ်လိုသေဆုံးခဲ့တယ်ဆိုတာဖော်ထုတ်တရားရုံး က အချက်လက်တွေ ရယူ ၊ တရားခံ ၊ တရားလိုဘက်က ပစ္စည်းသက်သေ ၊ လူသက်သေတွေ ရဲ့ ထွက်ဆိုချက်တွေကို စစ်ဆေး ကြမယ် ။ တကယ်လို့ သတင်းထောက်ကိုပါကြီးဟာတပ်မတော်က ပြောသလို KKO အဖွဲ့က လက်နက်ကိုင်တစ်ယောက်မဟုတ်ခဲ့ဘူးဆိုရင် ဒါဟာ လူသတ်မှု ဖြစ်ပါတယ် ။ လူသတ်မှု ဥပဒေပုဒ်မတွေအတိုင်း ပစ်ခဲ့တဲ့စစ်သည်ကိုအရေးယူ ၊ တာဝန်ရှိတဲ့တပ်ခွဲမှူး ၊ တပ်ရင်းမှူးတွေ ကို စစ်ဘက်ဥပဒေ လုပ်ထုံးလုပ်နည်းတွေ အတိုင်း တာဝန်ရှိမှု အတွက် အပြစ်ပေး ။ တကယ်လို့ ကိုပါကြီး ဟာ သတင်းထောက်အပြင် လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ခဲ့တယ် ။ သေနတ်လုခံရလို့ ခုခံကာကွယ်ရင်း သေဆုံးခဲ့ရတယ်ဆိုရင် .... သက်ဆိုင်ရာ စစ်မြေပြင်ဥပဒေ/ တန်းပြည့်စစ်မှုထမ်းချိန်ဥပဒေ များအတိုင်း စစ်သည် ဟာ ဥပဒေရဲ့ အကာအကွယ်ကို ခံစားခွင့်ရရှိရမှာဖြစ်ပါတယ် ။ တရားလိုလည်းရှိနေပြီ ၊ တရားခံလည်း ရှိနေပြီ ၊ အကြောင်းခြင်းရာ မှန်မမှန် စစ်ဆေး ဖို့ သာ လိုအပ်တာဖြစ်ပါတယ်။ အရာအားလုံး ဟာ ရိုးရိုးလေးပါပဲ ။ တပ်မတော် ဟာ ဆင့်ကဲဆင့်ကဲ ကွပ်ကဲမှုတွေနဲ့ တာဝန်ယူရမှာဖြစ်သလို ၊ တပ်မတော်သားတွေ အနေနဲ့လည်း ဘာမှ ပြောစရာမလိုပါ ဘူး။

တစ်ကိုယ်ရေ အမြင် ကတော့ ကိုပါကြီးဟာ သတင်းထောက်တွေဘက်က ပြောသလို သတင်းထောက်သာဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင် တွေ နဲ့ လုံးဝပက်သက်သူ မဟုတ်ဘူးလို့ ကံသေကံမ ထင်ထင်ရှားရှား ရှိမနေသလို ၊တပ်မတော် က ထုတ်ပြန်သလို လက်နက်ကိုင်တပ်ဖွဲ့ဝင် သာ ဖြစ်တယ်ဆိုတာလည်း သေချာပေါက်ပြောလို့မရပါဘူး ။ ဘာကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ နဲ့ ပက်သက်မနေဘူးလို့ ပြောမရသလဲဆိုရင်နောက်ကြောင်းရာဇဝင်တွေ နဲ့ ဓာတ်ပုံတွေ ကြောင့်ဖြစ်ပါတယ် ။ ယူနီဖောင်းဝတ်ထားတာ ၊ ကိုပါကြီးဟုတ်မဟုတ် ငြင်းနေတဲ့ ဓာတ်ပုံတွေ ကို ခဏ ထားလိုက်ပါ ။ ဓာတ်ပုံတစ်ပုံ က စစ်ထွက် မိန့်ခွန်း ပြောနေတဲ့ချိန်ရိုက်ထားတဲ့ပုံ ကို ကိုပါကြီးကိုယ်တိုင်တင်ထားတာဖြစ်ပါတယ် ။ ဘယ်ချိန်မှာ စစ်ထွက် မိန့်ခွန်း ပြောသလဲ စစ်သားတွေသိပါတယ် ။ စစ်ချီမဲ့အချိန် ၊ ခြုံခိုတိုက်ခိုက်မဲ့အချိန် ၊ တိုက်စစ်ဆင်နွှဲမဲ့အချိန် ..အဲဒီအချိန်တွေမှာ
လက်အောက်က စစ်သည်တွေကို ဘယ်ကို သွားမယ် ၊ ဘာလုပ်မယ် ၊ ဘာကိုတော့မလုပ်ကြရဘူးဆိုတာ လက်အောက်ကစစ်သည်တွေကို ညွှန်ကြားချက်ပေးတာဖြစ်ပါတယ် ။ အဲဒီညွှန်ကြားချက် တွေမှာလည်း
အောက်ခြေစစ်သည် သိရမဲ့ အကြောင်းရာ နဲ့ တပ်စုမှူး ၊ တစ်ခွဲမှူး ၊ တပ်ရင်းမှူး စတဲ့ ဦးစီးခေါင်းဆောင်တွေသိရမဲ့ အကြောင်းရာ ဟာ မတူပါဘူး ။ အဲဒီ အကြောင်းရာတွေ ဟာ ကိုယ့်တပ်ရဲ့လုပ်ဆောင်မဲ့ အစီစဉ်တွေဖြစ်လို့ စစ်သည်တွေရဲ့ အသက်နဲ့ အတူတူ အရေးကြီးပါတယ် ။ အဲဒီအစီအစဉ် သတင်းကိုသာ တစ်ဖက်ရန်သူ က ကြိုသိလို့ ချေမှုန်းခံခဲ့ရရင် စစ်ပွဲ ရှုံးနိမ့်ပါတယ် ။ အဲလို အချိန်မှာ ကိုပါကြီး ဟာ ဘာကြောင့် အဲဒီနေရာမှာ ရှိနေသလဲ။

သာမန်သတင်းထောက်တစ်ယောက်ကို DKBA တပ်ဖွဲ့ဝင်တွေ/ခေါင်းဆောင်တွေ က အသက်နဲ့ထပ်ပြီးယုံကြည် နိုင်ပါသလား ။ တကယ်လို့ ကိုပါကြီး နေရာမှာ သာ စစ်တပ်သတင်းပေးတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် DKBA တပ်ဖွဲ့တွေ ဘယ်လို ဖြစ်သွားမယ်ထင်ပါသလဲ ။ ဒါဟာ စဉ်းစားစရာအချက်တွေဖြစ်ပါတယ် ။ နောက် တပ်မတော်ထုတ်ပြန်သလို KKO တပ်ဖွဲ့ဝင်လို့ ကံသေကံမ ပြောလို့ မရတာ က ကိုပါကြီးဟာ သတင်းဆောင်းပါးတွေ ရေးသားပေးပို့ နေသူ
ဖြစ်လို့ပါပဲ ။ လက်ရှိသတင်း ထောက်လုပ်နေပါတယ်လို့ အာမခံနိုင်သူ သတင်းသမားတွေ ရှိနေလို့ပါပဲ ။ ဒါကြောင့် ကိုပါကြီး ဘယ်သူဖြစ်နိုင်သလဲ ဆိုရင် ကျွန်တော့်အတွက်တော့ 50/50 ပါပဲ ။
100 စီ သေချာနေသူတွေလည်းရှိကောင်းရှိနိုင်ပါတယ် ။

ပြည်တွင်းစစ်ရဲ့ ဘေးထွက်ဆိုးကျိုး တွေ အနေနဲ့ဖြစ်ပေါ် ခဲ့တဲ့ ကိုပါကြီး ဆန်ဆန် အမှု မျိုးတွေ မြောက်များစွာရှိခဲ့ပါတယ် ။ မြန်မာပြည်မြောက်ပိုင်း မှာ အသတ်ခံ ခဲ့ရတဲ့ ကျောင်းဆရာ၊ ဆရာမတွေ ။ အုပ်ချုပ်ရေးဝန်ထမ်းတွေ ။ပြန်ပေးဆွဲ ခံ ခဲ့ရတဲ့ နိုင်ငံဝန်ထမ်းတွေ ၊ သိပ်မကြသေးခင် က လက်နက်ကြီးထိမှန်လို့ ဗိုလ်တဲ မှာ သေဆုံးသွားကြတဲ့ သာမန်ပြည်သူတွေ ။ အဲဒီလူတွေ အတွက်ကော တရားမျှတမှု ဆိုတာ မရှိသင့်ဘူးလား ။ သူတို့ကရော ပြည်သူတွေ မဟုတ်ကြလိုလား။လူတွေ မဟုတ်ကြလို့လား ။ မထူးဆန်းတဲ့ လူ့လောကထဲ အမှု အခင်းတစ်ခုအတွက် ထူးဆန်းနေတာတွေတော့ရှိပါတယ် ။ စံ ဆိုတဲ့ ဖြောင့်မတ်မှု ဟာ မည်သည့်နေရာ ၊ မည်သည့်ချိန်ခါတွင်မှ ချိုင်ခွက် ကောက်ကွေး မနေပါဘူး ။

အထက်ပါ အကြောင်းအရာတွေ တုန်းက ရေငုံ နှုတ်ပိတ် နေခဲ့ကြသူတွေ ဟာ ယခုအခါမှာတော့ စတိတ်မန့်ကိုယ်စီ ထွက်လာကြတာ ပါပဲ ။ နောက် တရားမျှတမှု ဆို ပြီးတောင်းဆိုလာကြတာပါပဲ ။ " လူသတ်ရာမှာ လက်ယဉ်နေပြီးလား" ဆိုတဲ့ခေါင်းကြီးတွေ နဲ့ ဖော်ပြလာကြတာပါပဲ ။ မတိကျ မသေချာသေးတဲ့ အမှု အခင်းတစ်ခုအတွက် လူစုပြီး ဖိအားပေးလာကြတာပါပဲ ။ ဘာကြောင့်ပါလဲ ။ တူညီသော အကြောင်းရင်းခံတွေမှာ ဘာလို့ တုန့်ပြန်မှုတွေ ကကွဲပြားနေရတာပါလဲ ။ တူညီတဲ့ ဖြစ်စဉ်တွေမှာ လိုချင်တဲ့ တရားမျှတမှု တွေ ဟာ ဘာလို့ မတူညီရတာပါလဲ ။ အဖြေဟာ သိပ်ကိုရှင်းလင်း ပါတယ် ။

ဟားဗက် ဇာတ်ကားထဲ က Kim Hyun-woo ရဲ့ စကားကို ငှား ပြောရရင် .... " Because Of G R E E N " ။ အမှန်အမှား ၊ တရားမျှတမှု ၊ တရားဥပဒေ ဆိုတာ တွေ ထက် ....ကျူးလွန် ခဲ့ တယ် ဆိုသူတွေဟာ တပ်မတော်သား များ ဖြစ်နေလို့ပါပဲ ။ညိမ်းညို ရဲ့ ရေချမ်းစဉ် ကဗျာလေးထဲကလိုပါပဲ ...

ငြိမ်းအေးမှုရသနဲ့
ငါ့ကိုယ်ငါ တည်ဆောက်ချင်ခဲ့တာပါ
သိသူဖြစ်စေ မသိသူဖြစ်စေ
ရန်သူမိတ်ဆွေမဟူ ဘက်မတူခဲ့ရင်လည်း
ငါက ကြည်ဖြူမှာပါ
ကိုယ့်အရိပ်လေးထဲ ကိုယ်နေ
ကိုယ့်အကိုင်းအုပ်အုပ်လေးနဲ့ကိုယ် တိမ်မြုပ်
ဘာကိုမှ အရေးမလုပ်ပဲနေနေတာ မဟုတ်ပါဘူး
ခရီးသွားတွေဆိုတာ
ငါ့ရှေ့ကလမ်းကလေးမှာ နေ့စဉ်ဖြတ်သွားကြတာပဲလေ
သူတို့အသံတွေကို ငါကြားနေရတာပေါ့
သူတို့လှုပ်ရှားမှုတွေကို ငါမြင်တွေ့နေရတာပေါ့
အမှန်နဲ့အမှား ဘယ်လိုချို ဘယ်လိုခါးတယ်ဆိုတာ
ရေချမ်းစဉ်လေးအဖြစ်နဲ့လည်း ငါမှတ်သားနေမိပါတယ် ...

အပြစ်ရှိကြောင်း ထင်ရှာ နေတဲ့ တပ်မတော်သားတွေ အတွက် ကျွန်တော်တို့ ဟာ ဘယ်သော အခါမှ ကာကွယ် ပေးမှာ မဟုတ်ပါ ။ ကိုယ့်ခံယူချက် ၊ ယုံကြည်ချက်အတွက် ကိုယ့်ဘဝလေးနဲ့ကိုယ်တိမ်မြုပ်
ကိုယ့် အလုပ်ကို လုပ်ရင်း တာဝန်ကျေနေဦးမှာပါ ။ နောက်လူငယ်တွေအဖြစ် ဒေါသ ၊ အာဃာတ ဆိုတာတွေကို ကျွန်တော် တို့ တတ်နိုင်သလောက် ငြှိမ်းသတ်ထားပါတယ် ။
သို့သော် .... ဘယ်သူတွေ က ဘယ်လိုသဘောထားတယ်ဆိုတာ ကျွန်တော်တို့စိတ်ထဲမှာ တိတ်တိတ် ကလေး မှတ်သားနေပါတယ် ။ ကျွန်တော်တို့ တွေ မှတ်သားနေဦးမှာပါ ။

From: ရုပ်ဆိုး

www.mmdailystar.com

အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် စွဲဆိုခံထားရသော မလေးရှား သံတမန် နယူးဇီလန်တွင် အာမခံရ

မလေးရှား စစ်သံတမန် မိုဟာမက် ရစ်ဇယ်မန် အစ္စမေးလ် (ဓာတ်ပုံ- အေအက်ဖ်ပီ)
အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့မှုတစ်ခုအတွက် စွပ်စွဲခံထားရသူ မလေးရှားစစ်ဘက်ဆိုင်ဆိုင်ရာ သံတမန်သည် နယူးဇီလန်သို့ လွှဲပြောင်းပေးခံရပြီးနောက် အောက်တိုဘာ ၂၇ ရက်က အာမခံရရှိသွားပြီဖြစ်ကြောင်း သိရသည်။

မိုဟာမက် ရစ်ဇယ်မန် အစ္စမေးလ်သည် သံတမန်အခွင့်အရေးဖြင့် နယူးဇီလန်မှ မလေးရှားသို့ ပြန်သွားခြင်းဖြစ်ပြီး ထွက်ပြေးလာခြင်း မဟုတ်ကြောင်း ၎င်း၏ ရှေ့နေဖြစ်သူက ခုခံပြောကြားသည်။

ယခုအခါ မိုဟာမက်ရစ်ဇယ်မန် အစ္စမေးလ် သည် တင်းကြပ်သည့် စောင့်ကြပ်မှုများအောက်တွင် နေထိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ၎င်း၏ နိုင်ငံကူးလက်မှတ်လည်း ရုပ်သိမ်းခံရမည်ဖြစ်ကာ အခြားသော မလေးရှား စစ်သံမှူးနှစ်ဦး၏ စောင့်ကြည့်မှုအောက်တွင် ရှိနေရမည်ဖြစ် သည်။

အသက် ၃၈ နှစ်အရွယ်ရှိ အစ္စမေးလ်သည် နယူးဇီလန်နိုင်ငံ ၀ယ်လင်တန် တရားရုံးတွင် အာမခံရရှိရေးအတွက် လာရောက်ကြားနာခဲ့ရာတွင်
အနက်ရောင်ရှပ်အကျီနှင့် ဘောင်းဘီတို့ကို ၀တ်ဆင်ထားခဲ့ပြီး တရားရုံးဝက်ခြံထဲတွင် ငြိမ်သက်စွာရှိနေခဲ့သည်။

အစ္စမေးလ်သည် ပြီးခဲ့သည့် မေလက နယူးဇီလန်နိုင်ငံရှိ မလေးရှားသံတမန် ကော်မရှင်ရုံးတည်ရှိရာ ၀ယ်လင်တန် အရပ်၌ နေထိုင်သော အသက် ၂၁ နှစ်အရွယ်ရှိ တာနီယာ ဘလင်စလေးဆိုသူ အမျိုးသမီး၏နေအိမ်တွင်းသို့ တိတ်တဆိတ်ဝင်ရောက်၍ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း စွပ်စွဲခံထားရပြီး သူတစ်ပါးအိမ်တွင်းသို့ ချိုးဖောက်ဝင်ရောက်မှု၊ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့မှုများဖြင့် တရားစွဲဆိုခံခဲ့ရသည်။

မလေးရှားအာဏာပိုင်များက ယခုကိစ္စတွင် သံတမန် အခွင့်ထူးများဖြင့် ခွင့်လွှတ်ပေးမည်မဟုတ်ဟု နယူးဇီလန် တာဝန်ရှိသူများအား ပြောကြားခဲ့ပြီးနောက်ပိုင်း အစ္စမေးလ်သည် နယူးဇီလန်နိုင်ငံမှ ထွက်ခွာလာခဲ့သည်။

အစ္စမေးလ်အနေဖြင့် မလေးရှားသို့ ပြန်လာရန် မလေးရှား တာဝန်ရှိသူများက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု အစ္စမေးလ်၏ ရှေ့နေ ဒိုနေး စတီဗင်က ပြောသည်။

“ သူ ထွက်ပြေးဖို့အတွက် နယူးဇီလန်က ထွက်လာတာမျိုးမဟုတ်ပါဘူး။ ဒီလိုလုပ်ဖို့ မလေးရှားအစိုးရက ညွှန်ကြားခဲ့တာပါ၊ နောက်ပြီး သူက စစ်တပ်က အရာရှိတစ်ယောက်ဆိုတော့ အမိန့်နာခံဖို့လိုတယ်လေ” ဟု စတီဗင်က ပြောသည်။


From: Mizzima

www.mmdailystar.com

ဝဋ်ရှိလို့ ပေးဆပ်ရတယ်မှတ်ပါ ညီငယ်






ညီလေးရေ
စစ်တပ်ထဲမှာရှိတဲ့သူ တွေကို တန်းစီလိုက်
တနှစ်မှာ ၁၀ ရက်ထက်ပိုတဲ့ ခွင့်ခံစားမှု ၂ ကြိမ်အထက်ရတဲ့သူရှိရင်
(တချို့က တကြိမ်တောင်မရဘူး)
အကိုကို လာပြလှည့်ပါ
ကိုပါကြီး ဘယ်သူလဲ
သူမိသားစုနဲ့ထပ်တူ အကိုကြေကွဲပါတယ်
လူအသက်တချောင်းက
ဖက်ဒရယ် ပြည်ထောင်စုတွေ
နိုင်ငံရေး လုပ်စားမှုတွေ
နယ်မြေခွဲဝေမှုတွေထက် ပိုအရေးပါနေသလား
မိသားစုနဲ့အမြဲခွဲနေရတဲ့ အကိုတို့က ပိုနားလည်ပါတယ်

ညီလေး
မင်းကချင်ပြည်နယ်မှာ ခေါင်းဖြတ်ခံရတော့
ကိုကိုကြီး လမ်းပေါ်မထွက်လာခဲ့ဘူး
KIO /KIA တွေ မြစ်ကြီးနား ရထားလမ်းဖောက်ခွဲတော့
ဘယ်လူ့အဖွဲ့အစည်း ကမှ လက်ညိုးမထိုးရဲဘူး
မြဝတီ မှာ စာသင်ကျောင်းကို
အကာအကွယ်ပြု ပြီး
လက်နက်ကြီးနဲ့ပစ်တဲ့သတင်းက
မှုန်ဝါးဝါး ပဲပါတယ်
ထိုင်းမှာဖြစ်တဲ့ မြန်မာနိုင်ငံသားအရေးမှာ
ဘယ်ကျောင်းသားအဖွဲ့အစည်းမှ လူ့ကြေငြာစတမ်းစာရွက်တွေ ထွက်မလာဘူး
မျိုးစောင့်ဥပဒေ အရေးမှာ
ဘယ် ၈၈ ခေါင်းဆောင်မှ မတက်ကြွဘူး
လူ လူခြင်းတူတဲ့ လူ့အခွင့်အရေးမှာ
စစ်တပ် နဲ့ ပါတီ
ဟိုလူ နဲ့ ဒီလူ ခွဲနေသမျှ ကာလပတ်လုံး
ရင်ကြားစေ့ရေးဆိုတာ
ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပဲ
ညီလေးဇော်မျိုးထက်ရေ
မင်းလည်းလူပါပဲ
ကိုအောင်ကြီးလည်း လူပါပဲ
ခက်တာတခုက
နိုင်ငံရေးလုပ်စားသမားတွေက
မျက်နှာဖုံးစွပ်ပြီး
မျက်နှာပြောင်တိုက်တာကိုက
သူတို့အကျင့်ဖြစ်နေပြီလေ

From: (ပုံရိပ်စစ်)

www.mmdailystar.com

လူသတ်မှု အတွက် AC အရက်ဘား ပိုင်ရှင် လိပ်ကျွန်း သူကြီးသား DNA စစ်ဆေးခံမည်


ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်ပြီး မျိုးဗီဇ(DNA) စစ်ဆေးခံရန် ငြင်းဆိုထားသော AC အရက်ဘား ပိုင်ရှင် ကျွန်း သူကြီးသား Warot Tuwichianက ယခုအခါ လူသိရှင်ကြား စစ်ဆေးခံယူတော့မည်ဟု ယမန်နေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ပြောဆိုလိုက်သည်။
လူသတ်မှုတွင် ပါဝင်ပတ်သက်နေသည်ဟု ကောလာဟလများ ပျံ့နှံ့နေ၍ DNA စစ်ဆေးခံရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
သတင်းစာ ရှင်းလင်းပွဲ၌ ထိုင်း အမျိုသား ရဲတပ်ဖွဲ့ ရဲချုပ် မစ္စတာ Somyot Pumpanmuang နှင့် ထိုင်း အာဏာပိုင် တချို့ လည်း အတူရှိနေခဲ့ကြောင်း သိရသည်။
သတင်းစာ ရှင်းလင်းပွဲမတိုင်ခင် AC ဘားဆိုင်ပိုင်ရှင် လိပ်ကျွန်းသူကြီး မစ္စတာ Woraphan က ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ ရဲချုပ် နှင့် သွားရောက်တွေ့ ဆုံပြီး ထိုင်းလူမှုကွန်ရက် စာမျက်နှာများက လိပ်ကျွန်းလူသတ်မှုတွင် ၄င်းတို့မိသားစု ပါဝင်ပတ်သက် နေ သည်ဟူသော စွပ်စွဲနေမှုများကို သံသယရှင်းလင်းစေရန် သားဖြစ်သူက DNA စစ်ဆေးပြမည်ဖြစ်ကြောင်း၊ ထို့အပြင် ထိုင်းနိုင်ငံ ဆိုင်ရာ ဗြိတိန်သံရုံးမှ တာဝန်ရှိသူများနှင့်အတူ သတင်းစာရှင်းလင်းပွဲ လုပ်မည်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့ သည်။
လိပ်ကျွန်း သူကြီး မစ္စတာ Woraphan ၏ ညီဖြစ်သူ အသက် ၄၅ နှစ်ရှိ မစ္စတာ Montriwat Tuwichian နှင့် သားဖြစ်သူ အသက် ၂၂ နှစ် ရှိ တက္ကသိုလ် ကျောင်းသား Warot Tuwichian တို့သည် လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ DNA စစ် ဆေးမှု ခံယူခြင်း မရှိသေးကြောင်း ထိုင်းသတင်းများက ရေးသားကြသည်။
၎င်းတို့ ၂ ဦးသည် အခင်းဖြစ်ပွားသည့်ကာလက CCTV မှတ်တမ်းများတွင် လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူများအဖြစ် CSI LA ဆိုသည့် ထိုင်း လူမှုကွန်ရက် စာမျက်နှာအပါအ၀င် အခြားသော လူမှုကွန်ရက် စာမျက်နှာများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေခြင်း ဖြစ်သည်။
လိပ်ကျွန်းလူသတ်မှုနှင့်ပတ်သက်၍ တရားခံအဖြစ် ထိုင်းရဲက ဖမ်းဆီးထားသူ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနှင့် မောင် ဇော်လင်းတို့ကလည်း ၄င်းတို့အား ရဲနှင့် စကားပြန်တို့က အသက်အန္တရာယ် ခြိမ်းခြောက်နှိပ်စက်၍ ၀န်ခံခဲ့ရခြင်းဖြစ် ကြောင်း ၄င်းတို့၏မိသားစုအပါအ၀င် မြန်မာသံရုံး အထူးအဖွဲ့ကို တရားဝင် ပြောဆိုထားသည်။
ယမန်နေ့က မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့၏ ပြစ်မှု လုံးဝ မကျူးလွန်ကြောင်းထွက်ဆိုချက်နှင့် ရဲစခန်းထွက်ဆိုချက် ကို တရားဝင်ရုပ်သိမ်းသည်စာအား ၄င်းတို့၏ မိဘများနှင့်အတူ မြန်မာသံရုံးအထူးအဖွဲ့တို့က ထိုင်းနိုင်ငံ အမျိုးသားလူ့အခွင့် အရေးကော်မရှင်ထံ ပေးအပ်ခဲ့သည်။
လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ တရားမျှတမှု ရရှိရေး အတွက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်၊ အတွင်းဝန် ဦးထွန်းအေး အပါအဝင် သံရုံး အထူးစုံစမ်းရေး အဖွဲ့နှင့် မောင်ဝင်းဇော်ထွန်း၊ မောင်ဇော်လင်းတို့၏ မိဘများက လည်း အမှုကို တရားဝင် လိုက်ပါဆောင် ရွက်ခွင့်အတွက် ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီထံ ယနေ့ နံနက်ပိုင်းက အပ်နှင်း လိုက်ကြောင်း သိရသည်။
မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Koh Tao ခေါ် လိပ်ကျွန်းပေါ်၌ ပြီးခဲ့သည့် စက်တင်ဘာ လ ၁၅ ရက်က ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရမှုတွင် တရားခံများအဖြစ် ထိုင်းရဲက စွပ်စွဲဖမ်းဆီးထားပြီး လူသတ်မှု၊ မုဒိန်းမှု၊ ပစ္စည်း လုယူမှု၊ တရားမဝင် ခိုးဝင်မှု၊ အမှုထိန်ချန်မှု များနှင့် စွဲဆိုထားသည်။


From: ဧရာဝတီ

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...