Monday, 1 December 2014

လဂျားယန်ကို ကယ်တင်ခြင်း သို့ မဟုတ် .... ခရာဘွမ်ကို သိမ်းပိုက်ခြင်း


( Photo - စစ်ကူများ ရောက်ရှိလာပြီ ဖြစ်သော ...
လဂျားယန် တပ်စခန်း )
 
 ခရာဘွမ်တောင်ကြောက ...
တပ်စခန်းတွေ ဆုတ်ပေးဖို့  …
သမ္မတ နဲ့  ကာကွယ်ရေး ဦးစီးချုပ်ဆီကို …
အရပ်ဖက် အဖွဲ့ အစည်း ၁၀၀ကျော်က …
စာရေး တောင်းဆိုတယ်လို့  ဆိုပါတယ် …

ဒီ အဖွဲ့ အစည်းအများစုက ဘာတွေလဲ …
ဘယ်လို ကျောထောက်နောက်ခံလဲ ဆိုတာတော့ …
ပြန်မေးကြည့် မနေတော့ပါဘူး …

သို့ သော် ….
ဒီ ခရာဘွမ်တောင်ကြောပေါ်မှာ …
တပ်မတော်က စခန်းတွေ …
ဘာကြောင့်ရောက်လာရသလဲ ...
ဆိုတဲ့ အကြောင်းကိုတော့ …
ဒီ အဖွဲ့ အစည်းတွေ သိမှသိရဲ့ လားလို့  …
သံသယ ဖြစ်မိတယ် …

ဇာတ်ကြောင်းကို ပြန်လှန်ရရင် …
ဒီကိစ္စဟာ ...
လဂျားယန် တပ်စခန်း ကိစ္စက စပါတယ် …
လဂျားယန် စခန်းဟာ …
၁၁၄ မိုင်ရှည်တဲ့  ....
မြစ်ကြီးနား-ဗန်းမော် ပြည်ထောင်စုလမ်းမကြီးရဲ့  …
အလယ်လောက်က …
လဂျားယန် ရွာလေးဘေးမှာ ရှိတဲ့  …
တပ်စခန်း ဖြစ်ပါတယ် …

ဒီ တပ်စခန်းဟာ …
၁၉၉၄ ခုနှစ် ...
ကေအိုင်အေနဲ့  ငြိမ်းချမ်းရေး မယူခင်ကတည်းက ….
တည်ရှိနေတဲ့  တပ်စခန်းပါ …
စခန်းရဲ့ တာဝန်က …
ပြည်ထောင်စု လမ်းမကြီး ရဲ့  လုံခြုံရေး ဖြစ်ပါတယ် …

၂၀၁၁ခုနှစ် ဇွန်လနောက်ပိုင်း …
ကေအိုင်အေ နဲ့  ငြိမ်းချမ်းရေးပျက်သွားချိန်ကစပြီး …
ဒီပြည်ထောင်စု လမ်းမကြီးဟာ …
လမ်းပိုင်းတော်တော်များမှာ …
ကေအိုင်အေ အဖွဲ့ ရဲ့ ဖြတ်တောက်နှောက်ယှက်ခြင်း …
ခံလာရပါတယ် …

လမ်းလုံခြုံရေးအတွက် တပ်စွဲထားတဲ့  …
လဂျားယန် တပ်စခန်းအနီးမှာလဲ…
ကေအိုင်အေ စခန်း ၃၀ လောက်အထိ …
ပိတ်ဆို့ နေရာယူထားပြီး …
စခန်းကို မလှုပ်နိုင်အောင် ထိန်းချုပ်ခံလာရပါတယ် …

ပြသနာက …
လဂျားယန် စခန်းမှာ ရှိတဲ့ ရိက္ခာဟာ …
၁၅.၁၂.၂၀၁၂ ရက်နေ့ မှာ …
ကုန်ဆုံးသွားတာက စပါတယ် …
စစ်သည်တွေအားလုံးဟာ ရိက္ခာကို ဆန့် စားနေရပြီး …
စခန်းအပြင်ထွက်တာနဲ့  …
ပစ်ခတ်တိုက်ခိုက်ခြင်း ခံရပါတယ် …

ဒီစခန်းကို ရိက္ခာပို့ ဖို့  …
စကခ ၃ က ခြေမြန်တပ်ရင်းတစ်ရင်းဟာ …
၂၃.၁၂.၂၀၁၂ ရက်နေ့ မှာ …
လဂျားယန် တပ်စခန်းကို ချီတက်လာတုန်း …
လမ်းမှာ ခြုံခိုတိုက်ခံရပါတယ် ….
ကေအိုင်အေနဲ့  ABSDF …
ပူးပေါင်းအင်အား ၄၀၀ ကျော်က ၀ိုင်းချတာပါ ….

စကခ ၃ က ခြေမြန်တပ်ရင်းဟာ …
အင်မတန်မာတဲ့  တပ် ဖြစ်လို့  …
Over run တော့ ဖြစ်မသွားပါဘူး …
ဒါပေမယ့်  စစ်သည် ၂၁ ဦးကျဆုံး …
၁၃၃ ဦး ဒဏ်ရာရပြီး …
ဖောက်ထွက်လို့ မရဘဲ ပိတ်မိနေခဲ့ပါတယ် …

ဒီတပ်ကို ဆွဲထုတ်ဖို့  …
မြစ်ကြီးနား MI – 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် …
နှစ်စီးလိုက်သွားပြီး …
ပစ်ကူပေး ဆွဲထုတ်ခဲ့ရပါတယ် ….
ဒီဖြစ်စဉ်မှာ တပ်က အတော်အထိနာသွားခဲ့ပါတယ် …

နောက်ရက်မှာတော့ မပခ တိုင်းမှူးက …
လဂျားယန်ကို ပိတ်ဆို့ ထားတဲ့  …
ကေအိုင်အေ တပ်စခန်းတွေအားလုံး ဖယ်ပေးဖို့  …
မဖယ်ရင် အင်အားသုံး ဖယ်ရှားမယ်လို့  …
တရားဝင် စာနဲ့ အကြောင်းကြားပါတယ် …
ကေအိုင်အေ က …
လုံးဝ အရေးမလုပ်ခဲ့ပါဘူး ….

အဲဒီမှာ လဂျားယန် စခန်းကို ကယ်တင်ဖို့ အတွက် …
တပ်မ ၈၈ ၊ စကခ ၇ နဲ့  စကခ ၂၁ က တပ်တွေ …
လဂျားယန်ကို ချီတက်လာကြပါတယ် …

စချီတက်တာနဲ့  …
တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ကြပြီး …
တပ်မတော်က ခြေလျင်ခြေမြန် တပ်ရင်းတွေက …
လဂျားယန်ကို ပိတ်ဆို့ ထားတဲ့  ကေအိုင်အေစခန်းကုန်းတွေကို …
တစ်ခုပြီး တစ်ခု ရှင်းထုတ်ပြစ်လိုက်ပါတယ် …

လဂျားယန် စခန်းရဲ့ မြောက်ဘက် …
ကိုက်၁၀၀၀ လောက်မှာ ….
လဂျားယန်ကို စိုးမိုးထားတဲ့  တောင်ကုန်း …
ပွိုင့် ၇၇၁ ရှိပါတယ် …

ပွိုင့် ၇၇၁ပေါ်ကနေ ...
လဂျားယန်ကို တစ်ချိန်လုံး လက်နက်ကြီးနဲ့  ပစ်နေတော့ …
တပ်တွေက ၃၀.၁၂.၂၀၁၂ ရက်နေ့ မှာ …
ပွိုင့် ၇၇၁ ကိုပါ ၀င်သိမ်းလိုက်ပါတယ် ….

ပွိုင့် ၇၇၁ ကို ပြန်ရဖို့ အတွက် …
ကေအိုင်အေ တပ်ရင်း ၂၃ နဲ့  ABSDFတပ်တွေက …
ပြန်ထိုးစစ်ဆင်ပါတယ် …
လက်နက်ကြီး ပစ်ကူကို ….
ပွိုင့် ၁၀၁၂ ခရာဘွမ် တောင်ကြောပေါ်က …
ပစ်ကူပေးပါတယ် ….

ပွိုင့် ၁၀၁၂ ခရာဘွမ်တောင်ကြောဟာ …
တိုက်ပွဲဖြစ်နေတဲ့ ဧရိယာအတွင်းက …
မဟာဗျူဟာမြောက် အမြင့်ဆုံးတောင်ကြောဖြစ်ပြီး …
အဲဒီနားတစ်ဝိုက်က ပစ်မှတ်အားလုံးကို…
လက်နက်ကြီး တကမ်း ကောင်းကောင်းမီပါတယ် …

ခရာဘွမ်ပေါ်က ကေအိုင်အေ လက်နက်ကြီးတွေက …
နေ့ ရော ညပါ တစ်ချိန်လုံးဆော်နေတော့ …
ပွိုင့် ၇၇၁ နဲ့  အဲဒီနားတစ်ဝိုက်ကုန်းတွေက …
တပ်တွေ ခေါင်းဖော်လို့  မရတော့ပါဘူး ….

ဒါနဲ့  တပ်တွေက …
ခရာဘွမ်ကို ဆက်တိုက်ပါတယ် …
တိုက်ပွဲဟာ ဇန်န၀ါရီလ တစ်လလုံး …
အပြင်းအထန် ဖြစ်နေတာပါ …

၂၅.၁.၂၀၁၃ ရက်နေ့ မှာ …
ခရာဘွမ် စခန်းကို …
တပ်မတော်က သိမ်းပိုက်လိုက်နိုင်တဲ့ အတွက် …
အဲဒီဧရိယာအတွင်းက …
ပွိုင့် ၇၇၁ ၊ ဖွန်ပြင်ဘွန် တောင်ကုန်း နဲ့  …
အခြား တပ်စခန်းတွေအားလုံး ….
ကေအိုင်အေ လက်နက်ကြီးဒဏ်က လွတ်သွားရပါတယ် …

ဒါဟာ …
ခရာဘွမ်ပေါ် …
ဘာလို့ တပ်တွေ ရောက်လာရတယ် ဆိုတဲ့ အကြောင်းပါ ….

အခု ဒီနေရာတွေက ပြန်ဆုတ်ပေးဖို့  …
ခရာဘွမ်ကို ကေအိုင်အေ လက်ပြန်အပ်ဖို့  …
တောင်းဆိုကြတယ် ဆိုတော့လဲ …
ကျွန်တော်တို့  ဘာမှ မတတ်နိုင်ပါဘူး …
စစ်သားဆိုတော့လဲ …
မင်းတို့ ဆုတ်တော့လို့  အမိန့် ပေးရင် ဆုတ်ရမှာပါ …

တစ်ခုပါပဲ …
ဒီတောင်ကုန်းတွေ ပေါ်မှာ …
ကျွန်တော်တို့  စစ်သည်တွေရဲ့  အလောင်းတွေ …
အများကြီး မြုပ်ထားခဲ့ရပါတယ် …
သူတို့ အရိုးလေးတွေ ပြန်ဖော်ဖို့ တော့ …
အချိန်လေး ပေးကြပါအုန်း ခင်ဗျာ …. ။ ။

( ရဲမိုး )

From:__Ye Moe

www.mmdailystar.com

မနှင်းဆီ ပါးလိုက်တဲ့ HIV သတင်းစကား

ခင်ပွန်းဖြစ်သူဆုံးပါးချိန်မှာ မနှင်းဆီ (အမည်လွှဲထား) အသက်က ၂၆ နှစ် ဖြစ်သည်။ အားကိုးရာ မြင်းမိုရ်တောင် ပြိုလဲသွားပြီး နောက်ပိုင်း သားသမီး ၄ ဦးကို ရှာဖွေကျွေးမွေးရမည့် တာဝန်မှာ မုဆိုးမဖြစ်သည့် သူ့ပခုံးပေါ် ကျရောက်လာခဲ့တော့သည်။
ငယ်ရွယ်သူ မုဆိုးမတဦးအတွက် ရွေးချယ်စရာ အလုပ်အကိုင် အခွင့်အလမ်း အနည်းငယ်ထဲကမှ ငွေရလွယ်သည့် ခန္ဓာရင်း၍ စီးပွားရှာသော ညဥ့်ငှက်ဘဝကို မလွှဲမရှောင်သာ သူရွေးချယ်ခဲ့ရသည်။ ဒီလိုနှင့် မနှင်းဆီတယောက် ကလေးမီးဖွားပြီးသည်မှာ ၃ လသာ ရှိသေးသော အချိန်မှာပင် ညဥ့်ငှက်ဘဝကို ဝင်ရောက်ခဲ့တော့သည်။
“ယောကျာ်းမရှိတော့ ရပ်တည်ဖို့ အခက်အခဲ ဖြစ်သွားတယ်။ ဒီကြားထဲ မိဘတွေကလည်း မပြေ လည်ဘူး။ ကျမသား အငယ်ဆုံး ၃ လသားလေး နို့တိုက်ရင်းကနေပဲ ရပ်ကွက်ထဲက ခေါင်းအိမ်ခေါ် မှာပေါ့နော်၊ ဖောက်သည်တွေ ချိတ်ဆက်ပေးတဲ့အိမ် မှာ ပုခက်နဲ့ထားခဲ့ပြီး တည်းခိုခန်းတွေ၊ ကေတီဗီတွေ၊ နိုက်ကလပ်တွေမှာ အလုပ်လုပ်ခဲ့ရတယ်” ဟု မနှင်းဆီ က အဝေးကိုငေးကြည့်ရင်း သူ့ဘဝကိုပြောပြသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်တွင် နေထိုင်သည့် မနှင်းဆီတယောက် ညဥ့်ငှက်ဘဝတွင် ၇ နှစ်လောက် ကျင်လည်ဖြတ်သန်းရင်း မိသားစု စားဝတ်နေရေးဘဝကို ဖြေရှင်းရာကနေ တရက်မှာ တော့ ပြည့်တန်ဆာအမှုနဲ့ အဖမ်းခံရပြီး ထောင်ကျသွားခဲ့သည်။
ထောင်ကလွတ်ပြီးနောက်ပိုင်း သူ့ကျန်းမာရေး  ချို့တဲ့ခဲ့ပြီး ချောင်းဆိုးခြင်း၊ ရက်ရှည်ဖျားခြင်း ဝေဒနာများ ၆ လနီးပါး ခံစားခဲ့ရသည်။ ဒီဝေဒနာတွေ ဘာကြောင့်ဖြစ်မှန်း မနှင်းဆီမသိခဲ့ပေ။ အရိုးပေါ် အရေတင်ဘဝဖြင့် အိပ်ရာထဲလဲနေသည့် မနှင်းဆီ အခြေအနေကိုရိပ်မိသည့် အစ်ကိုတဦးက သွေးစစ်ရန် တိုက်တွန်းခဲ့ရာမှ ၂၀ဝ၇ ခုနှစ်တွင် ရွှေပြည်သာမြို့နယ်ရှိ သဇင်ဆေးခန်းတွင် သွေးစစ်ခဲ့သည်။
သွေးစစ်မှုအဖြေက သူမကိုယ်ခန္ဓာထဲတွင်  HIV ရောဂါပိုး ရောက်ရှိနေကြောင်း အတည်ပြုပေးလိုက်ချိန်မှာ သူမတွင် ရှိနေခဲ့သည့် ကြီးမားသည့် မိခင်မေတ္တာက မနှင်းဆီကို အသက်ဆက်လက်ရှင် သန်စေရန် တွန်းအားဖြစ်လာခဲ့သည်။
“ကျမမှာ ခိုကိုးရာမဲ့ သားသမီး ၄ ယောက်ရှိတယ်။ ဒီကလေးတွေ ပညာတတ်ဖြစ်ဖို့၊ ဒီကလေးတွေ ကောင်းကောင်းမွန်မွန် ရပ်တည်ဖို့အတွက် ကျမ အသက်ရှင်နေဖို့လိုတယ်။ ဒါကြောင့် ကျမ HIV ပိုးထိန်းဆေး (ARV) ဆေးသောက်ချင်တယ်။ သဇင်ဆေးခန်းက ဆရာမတွေကလည်း နားခိုရာဆိုတဲ့ (MDM) အဖွဲ့ဆီကိုညွှန်ပြပေးခဲ့ပြီး အဲဒီကနေ ARV ဆေးရပြီး ပုံမှန်သောက်ခဲ့တာ အခုချိန်အထိပဲ” ဟု မနှင်းဆီကပြောသည်။
မြန်မာနိုင်ငံတွင် မနှင်းဆီကဲ့သို့ HIV ကူးစက်ခံရပြီး ပိုးထိန်းဆေးခေါ် ARV ဆေး သောက်သုံးနေသူ အရေအတွက်မှာ ၂၀၁၃ ခုနှစ်တွင် ၆၇၅၀ဝ ကျော် ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၇၅၀ဝ၀ ကျော်အထိ တိုးမြင့်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်း INGO များ၏ စာရင်းများက ဖော်ပြသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် HIV ကူးစက်ခံရသူ တရက်လျှင် ၁၉ ဦးနှုန်း ရှိနေပြီး ၂၀၁၃ ခုနှစ်အတွင်း တနိုင်ငံလုံး၌ လူပေါင်း ၆၄၀ဝ ဦး ကူးစက်ခံခဲ့ရကြောင်း၊ တနိုင်ငံလုံးတွင် HIV ကူးစက်ခံရသူ စုစုပေါင်း ၁၈၅၀ဝ၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက် (NAP) ၏ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
HIV ကူးစက်ခံရသူ ၁၀ဝ တွင် မူးယစ်ဆေး ထိုးသွင်းသူ ၃၂ ဦးပါဝင်နေပြီး ရာခိုင်နှုန်းအားဖြင့် အများဆုံး ကူးစက်ခံနေရကြောင်း၊ ဒုတိယအများဆုံး မှာ အမျိုးသားချင်း လိင်ဆက်ဆံသူများဖြစ်ပြီး အမျိုးသမီး လိင်လုပ်သားများမှာ တတိယအများဆုံး ကူးစက်ခံနေရသူများဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည်။
လိင်အလုပ်သမားများကြား HIV ကူးစက်မှုနှုန်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့က အများဆုံးဖြစ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်မှာ ဒုတိယ အများဆုံးဖြစ်ကြောင်း၊ လိင်တူချစ်သူများအကြား ကူးစက်မှုနှုန်းတွင်လည်း ပုသိမ်မြို့ကအများ ဆုံးဖြစ်ကာ ရန်ကုန်မြို့က ဒုတိယ အများဆုံးဖြစ်ကြောင်း ၂၀၁၃ NAP အစီရင်ခံစာတွင် ရေးသားထားသည်။
“HIV ကူးစက်မှု လျော့နည်းကျဆင်းဖို့ဆိုရင် ပြည်သူလူထုကို ကျန်းမာရေးအသိပညာ တိုးပွားအောင် လုပ်ဆောင်ပေးဖို့လိုပါတယ်။ မဖြစ်ခင် ကာကွယ်ဖို့လိုပါတယ်။ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ပညာပေးဖို့ပေါ့။ ဖြစ်လာခဲ့ရင်လည်း စနစ်တကျ ကုသပေးမယ်ဆိုရင် HIV ဖြစ်ပွားနှုန်း ကျဆင်းသွားမှာပါ” ဟု HIV ကုသရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေသူ လုပ်သက်ရင့် ဆရာဝန်တဦးက ပြောသည်။
HIV ကူးစက်ခံထားရသူ မနှင်းဆီကမူ အများ ပြည်သူကြားမှာ HIV ၊ AIDA နှင့် ပတ်သက်၍ ကျန်းမာရေးအသိပညာ နည်းပါးနေဆဲဖြစ်ပြီး HIV ကူးစက်ခံရသူတွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ပေါ် ပေါက်နေဆဲဖြစ်ကြောင်း သူ့အတွေ့အကြုံကိုပြောပြ သည်။
“ကျမက နေမကောင်းလို့ အင်းစိန်မြို့နယ်ထဲက ဆရာဝန်မတယောက်ဆီ သွားပြတယ်။ ဆရာဝန်မက ကျမကို ဆေးထိုးမလို့ပြင်နေတုန်း ကျမက HIV ပိုးထိန်းဆေးတွေ သောက်နေရတယ်လို့ ပြောလိုက်တော့ ဒါဆို ရှင့်မှာ HIV ရှိတာပေါ့ဆိုပြီး ကြောက်လန့်တကြားနဲ့ နောက်ကို ခြေ ၂ လှမ်းလောက် ဆုတ်သွားတယ်။ ဆရာဝန်ကတောင် အဲဒီလို ခွဲခြားဆက်ဆံတာတွေ ခံရပါတယ်” ဟု မနှင်းဆီက ပြောသည်။
သူ ယခင်နေထိုင်ခဲ့သည့် ဒေသတွင်လည်း ညဥ့်ငှက်လုပ်ဖူးပြီး HIV ရလာသူဆိုကာ မိမိတင်မက သားသမီးများကိုပါ ခွဲခြားဆက်ဆံခဲ့ကြသဖြင့် တခြားမြို့နယ်သို့ ရွှေ့ပြောင်းကာ ဘဝသစ်စခဲ့ရကြောင်း မနှင်းဆီက ကြေကွဲစွာဆိုသည်။
ခွဲခြားဆက်ဆံမှုနှင့် ပတ်သက်၍ ရတနာ့မေတ္တာအဖွဲ့မှ ဒေါက်တာစိုးတင့်က “ကျနော်တို့ဆီမှာ ARV ဆေးသောက်နေတဲ့ အမျိုးသမီးတယောက် ဆိုရင်လည်း သူကအဝတ်လျှော်တယ်။ အလုပ်ရှင်တွေက သူ့မှာ HIV ရှိမှန်း သိသွားတဲ့အချိန်မှာ အဝတ်မလျှော်ခိုင်းတော့ပဲ အလုပ်ထုတ်ပစ်တာတွေရှိတယ်” ဟု ပြောပြသည်။
လူမှုပတ်ဝန်းကျင်၏ အထင်သေး ခွဲခြားဆက်ဆံမှုများက HIV ကူးစက်ခံရသူများအတွက် သွေးစစ်မှုခံယူခြင်းနှင့် ဆေးကုသမှုခံယူခြင်းများ ပြုလုပ်ရန် ကြီးမားသည့် အဟန့်အတားတခု ဖြစ်နေကြောင်း HIV၊ AIDS ကုသပေးနေသူ ကျွမ်းကျင်သူများက ပြောဆိုကြသည်။
“ကျမတို့ Sex Worker တွေက ဒီ HIV ဆိုတာကြီးကို လိုချင်လွန်းလို့ ရခဲ့ကြတာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် မလိုချင်ဘဲ ရလာခဲ့ကြတာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် ပတ်ဝန်းကျင်က ဒီလူတွေကို ခွဲခြားပစ်လိုက်တာဟာ သေတွင်းကို ပို့လိုက်သလိုပါပဲ။ တကယ်က HIV နဲ့ ပတ်သက်တဲ့ ကျန်းမာရေး အသိပညာတွေ လေ့လာပြီး ကိုယ့်ပတ်ဝန်းကျင်က HIV ကူးစက်ခံရသူတွေကို ဝိုင်းဝန်းဖေးမ ကူညီပေးသင့်ပါတယ်” ဟု မနှင်းဆီက ပြောသည်။
လတ်တလောတွင် မနှင်းဆီ အားသွန်ခွန်စိုက် လုပ်နေသည်က သူနှင့်ဘဝတူ ညဥ့်ငှက်မလေးများ သူ့လိုမျိုး HIV ကူးစက်မခံရစေရန်နှင့် ကူးစက်ခံထား ရလျှင်လည်း ARV ဆေးသောက်နိုင်ရန် လိုက်လံ စည်းရုံးသည့်အလုပ် ဖြစ်သည်။
“သူတို့ (လိင်အလုပ်သမား) တွေ ရှိတတ်တဲ့ ဆိုင်တွေ၊ ကလပ်တွေ၊ လိင်အလုပ်သမား ခေါင်းအိမ် တွေကိုလိုက်ရှာတယ်။ သူတို့နားလည်အောင် ပြောပြပြီး ကလေးတွေကို စည်းရုံးတယ်။ တခါတလေဆို ကျမတို့အိပ်ချင်တယ်၊ အလုပ်ရှုပ်နေတယ်၊ စကားလာမပြောပါနဲ့ဆိုပြီး နှင်လွှတ်တာတွေ ခံရတယ်။ ဒါပေမယ့် စိတ်ဓာတ်မကျဘဲ ကျမ ကိုယ်တွေ့အဖြစ်အပျက်တွေ ပြောပြပြီး သွေးစစ်ဖို့ စည်းရုံးပါတယ်” ဟု မနှင်းဆီက ပြောပြသည်။
အဆိုပါ ညဥ့်ငှက်မလေးများအား စည်းရုံးပြီး နောက် လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားသော သူ အလုပ်လုပ်နေသည့် MDM စင်တာသို့ ခေါ်ဆောင်လာပြီး အခမဲ့ သွေးစစ်ပေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူစေခြင်းတို့ လုပ်ဆောင်စေခဲ့ကြောင်း မနှင်းဆီက ဆိုသည်။
“သွေးစစ်ပြီး HIV ရှိလို့ ဘာလုပ်လို့ ဘာကိုင် ရမှန်းမသိ၊ သေချင်လောက်အောင်ဖြစ်သွားတဲ့ ကလေးတွေဆိုရင် ကျမက ပြောပြပါတယ်။ ငါကလည်း နင့်လို Sex Worker လုပ်ခဲ့သူပါ။ HIV ပိုးရှိလို့ ARV ဆေးသောက်ပြီး ဘဝကို ကျန်းကျန်းမာမာနဲ့ ရပ်တည်ရှင်သန် လှုပ်ရှားနေတာလို့ ဖော်ထုတ်ပြောဆိုပြီး ကိုယ်တွေ့နဲ့ယှဉ်ပြပြီး နှစ်သိမ့်ပေးပါတယ်” ဟု MDM  စင်တာ၏ စည်းရုံးရေးသမားလည်းဖြစ်သည့် မနှင်းဆီက ပြောပြသည်။
မာရီစတုပ်၊ ပြည်ကြီးခင်၊ ဆာရာ၊ ရတနာ့ မေတ္တာ၊ သဇင်၊ TOP၊ MDM၊ Phoenix စသည့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့များနှင့် ပြည်တွင်းမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီး အနှံ့အပြား တွင် ရုံးခွဲများဖွင့်လှစ်ထားပြီး HIV နှင့် ပတ်သက်၍ သွေးစစ်လိုသူများကို အခမဲ့ ဝန်ဆောင်မှုပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးခြင်း၊ ARV ဆေး တိုက်ကျွေးခြင်းနှင့် HIV ကူးစက်ခံရသူများ စုဝေးပြီး မိတ်ဆုံစကား ပြောခြင်း အစီအစဉ်များ ပြုလုပ်ပေးနေကြောင်းသိရ သည်။
HIV နှင့်ပတ်သက်၍ သံသယရှိပါက အဆိုပါ စင်တာများတွင် မည်သူမဆို အခမဲ့သွေးစစ်နိုင်ပြီး သွေးစစ်သူတို့၏ အမည်၊ နေရပ်စသည့် ကိုယ်ရေး အချက်အလက်များနှင့် သွေးစစ်မှုရလဒ်များကို လုံခြုံစွာ လျှို့ဝှက် ထိန်းသိမ်းထားပေးကြောင်း သိရသည်။
“အမျိုးသမီး လိင်လုပ်သားတွေအနေနဲ့ ဒီလိုစင်တာတွေကို ဆက်သွယ်ဖို့ပဲလိုပါတယ်။ စင်တာတွေမှာ လိုအပ်တာတွေအကုန် အခမဲ့ လုပ်ပေးနေပါတယ်။ မဆက်သွယ်တာထက် ဆက်သွယ်တာက သူတို့ဘဝကို ပိုပြီးလုံခြုံအေးချမ်းတဲ့ ဘဝမျိုး ပိုင်ဆိုင်စေမှာပါ” ဟု မနှင်းဆီက ဘဝတူဖြစ်သူများကို အကြံပြုသည်။
မနှင်းဆီကတော့ ဘဝတူ ညဥ့်ငှက်မလေးများကိုလည်း သူ့လိုအခွင့်အရေးမျိုး ရစေလိုသည့် ဆန္ဒဖြင့် သူမကျင်လည်ခဲ့ဖူးသည့် နေရာများစွာကို လျှောက်သွားပြီး ဘဝတူများကို ကူညီပေးနေသည်မှာ ၄ နှစ် ကျော်ခဲ့ပြီဖြစ်သည်။ ရှေ့လျှောက်လည်း ဒီလုပ်ငန်း ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမည်ဟုဆိုသည်။
“ဘဝတူတွေကို ကျမပြောချင်တာကတော့ အမျိုးသမီး Sex Worker တွေအနေနဲ့ ဘယ်လို အခြေအနေဖြစ်ဖြစ် ကွန်ဒုံးသုံးပါ။ ပိုက်ဆံ ဘယ်လောက်ပေးပေး ကွန်ဒုံးမသုံးရင် လက်မခံပါနဲ့။ ချစ်သူရည်းစားဆိုလည်း ကွန်ဒုံးသုံးပါ။ အခမဲ့ ကူညီပေးနေတဲ့ စင်တာတွေကို ဆက်သွယ်ပြီး သွေးစစ်ပါ။ HIV မရှိလည်း ၃ လတကြိမ်စစ်ပါ။ HIV ရှိခဲ့ရင် လည်း စိတ်ဓာတ်ကျစရာမလိုဘဲ ART ဆေးသောက် ပြီး ဘဝကို အကောင်းဆုံးရင်ဆိုင်ပါလို့ သတင်း စကားပါးလိုက်ချင်ပါတယ်” ဟု ဆိုပါသည်။

From:__ဧရာဝတီ

www.mmdailystar.com

ဒီဇင်ဘာလ ၇ ရက်နေ့တွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့သော သူရဲကောင်းစစ်သည်များအား ဂါရ၀ပြုပွဲ ကျင်းပမည်

လာမည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီ မြောက်ဘက်မုခ်ရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ခေတ်အဆက်ဆက်ကျဆုံးခဲ့ရသော တပ်မတော်သားများအား ဂါရ၀ပြုပွဲ တစ်ရပ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒီလိုပွဲမျိုး လုပ်တာ ကောင်းပါတယ်။ နို့မို့ဆိုရင် တပ်မတော်သားတွေက လူဆိုးဖြစ်ပြီး သောင်းကျန်းသူတွေက သူရဲကောင်းဖြစ်နေတာ။ လွတ်လပ်ရေးရအောင် တိုက်ခိုက်တာ ဒီတပ်မတော်ပဲ။ ခေတ်အဆက်ဆက် သောင်းကျန်းသူတွေ၊ တရုတ်ဖြူတွေ အန္တရာယ်က တိုင်းပြည်ကို ကယ်တင်ပေးခဲ့တာ တပ်မတော်ပဲ။ တပ်မတော်သားတွေ ဒီကနေ့အထိ ဘယ်လောက်သေခဲ့ပြီလဲ။ လူမသိသူမသိ သေခဲ့ရတာတွေ၊ ခြေလက် ဆုံးရှုံးခဲ့ရတာတွေ အများကြီးပဲ။ ဒါကို နိုင်ငံရေးသမားတွေက အာဏာရဖို့ သက်သက်နဲ့ အပြစ်တင်တယ်။ စွပ်စွဲတယ်။ NLD လို ပါတီကြီးက သောင်းကျန်းသူဘက်က ရပ်တည်ပြီး တပ်မတော်ကို လက်ညိုးထိုးပြီး စော်ကားတယ်။ ကိုယ်တို့ ရင်နာတယ်။ ခံပြင်းတယ်။ ဒီပွဲကို မရောက် ရောက်အောင်သွားမှာပါ။ စစ်တပ်က နားခဲ့တာ ကြာပြီ ဆိုပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် အချိန်မရွေး အသင့်ရှိနေတုန်းပါပဲ” ဟု အသက် ၇၀ ကျော် အရွယ်ရှိ အငြိမ်းစား တပ်ကြပ်ကြီး ဦးကျော်နိုင်က ပြောသည်။

“ဘယ်သူတွေ ဂရုစိုက်ခဲ့လဲ။ တိုင်းပြည်ကို တစ်ကယ်တမ်း ကယ်တင်ခဲ့တာ ဒီတပ်မတော်ပဲ။ ရှေ့တန်းပြန်လာလို့ ပြန်မပါလာရင် တစ်အိမ်လုံး ငိုခဲ့ရတဲ့ တပ်ထဲက သောကတွေ ဘယ်သူ ဂရုစိုက်သလဲ။ ကျွန်တော့် အဖေ တိုက်ပွဲကျသွားတော့ အမေက တစ်အိမ်လုံးကို ဈေးရောင်းပြီး ကျွေးခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဂုဏ်ယူတယ်။ ကျွန်တော်တို့နဲ့ လိုင်းခန်းချင်းကပ်ရက် သူငယ်ချင်းတစ်ယောက်ဆို သူ့အဖေ ခြေနှစ်ဖက်လုံး ပြတ်သွားတယ်။ ငိုကြ ယိုကြနဲ့ အနေဆင်းရဲ အစားဆင်းရဲနေခဲ့ကြရတယ်။ ဘယ်နိုင်ငံရေးသမား ဂရုစိုက်ခဲ့သလဲ။ ဒီနေ့ ဒီမိုကရေစီ ရပြီ ဆိုတဲ့အချိန်ရောက်တော့ စစ်တပ်ကို ဆဲတယ်၊ စစ်တပ်ကို ဝေဖန်တယ်။ အခု သောင်းကျန်းသူကို သူရဲကောင်းလုပ် စစ်တပ်ကို ရစရာမရှိအောင် ပြောနေတာတွေ မခံနိုင်ဘူး။ ဒီပွဲကို တစ်မိသားစုလုံး သွားမှာပါ။ ကျွန်တော့်အဖေလို လူမသိသူမသိ သေဆုံးခဲ့ရတဲ့ စစ်သည်တွေအတွက် ကျွန်တော် ဒီပွဲကို ပါဝင်မှာပါ” ဟု ကိုအောင်မြင့်က ဆိုသည်။

“တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ ဒီနိုင်ငံရဲ့ သမိုင်းကြောင်းပဲ။ ခွဲလို့မရဘူး။ ဒီကနေ့မှာ နိုင်ငံရေးသမားတွေ၊ သောင်းကျန်းသူတွေက တပ်မတော်ကို စော်ကား နေကြပြီ။ ဒါတွေကို မြင်နေရတာ ရင်နာတယ်။ ခံပြင်းတယ်။ ကျွန်မ အဖေ တပ်ထဲမှာ နှစ်ပေါင်း ၃၀ ကျော် တာဝန်ထမ်းဆောင်ခဲ့တယ်။ အခု ခြေတစ်ဘက် မရှိတော့ဘူး။ ကျွန်မတို့ အားလုံးကို ပညာကောင်းကောင်းသင်ပေးခဲ့တယ်။ ကျွန်မတို့ တစ်မိသားစုလုံး ဂုဏ်ယူတယ်။ အခုအချိန်မှာ တပ်ကို မကောင်းပြောနေတာတွေ မြင်ရတော့ စိတ်ပျက်တယ်။ ကိုယ်အာဏာရဖို့အတွက် စစ်တပ်ကို ဖြိုခွဲတယ်။ လူထုက မုန်းတီးလာအောင် လုပ်နေတယ် လို့ပဲ မြင်တယ်။ အန္တရာယ်များတယ်။ ရွံဖို့လည်း ကောင်းတယ်။ ဒီလိုပွဲမျိုးက မကြာမကြာ လုပ်ဖို့ကောင်းတယ်။ ကျွန်မကိုယ်တိုင် တက်မှာပါ” ဟု ဒေါ်မြမြ၀င်းက ပြောဆိုသည်။

“ဒီပွဲက လူမသိ သူမသိ ကျဆုံးခဲ့တဲ့ အညတရ စစ်သည်သူရဲကောင်းတွေကို ဂုဏ်ပြု အလေးပြုတဲ့ ပွဲပါပဲ။ ဒီပွဲမှာ တပ်မတော်ကို ချစ်မြတ်နိုးသူ ဘယ်သူမဆို ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။ ကျွန်တော်တို့ ရည်ရွယ်ချက်က ရှင်းရှင်းလေးပါ။ တိုင်းပြည်အတွက် ခေတ်အဆက်ဆက် အသက်ပေးခဲ့ကြရတဲ့ တပ်မတော်သားတွေ ဒီနေ့ ဒီမိုကရေစီခေတ်ကြီးထဲမှာ သိက္ခာကျနေရတယ်။ ကျန်ရှိနေတဲ့ ကျွန်တော်တို့မှာ တာဝန် ရှိတယ်။ သူတို့ရဲ့ စွန့်လွှတ်မှု၊ သူတို့ရဲ့ ရဲရင့်မှု၊ သူတို့ရဲ့ ပေးဆပ်မှုတွေကို ကျွန်တော်တို့ အလေးအမြတ် ပြုရမယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ ကောင်းရာမွန်ရာ ဘုံဘ၀ တွေက ရင်နာနေကြမှာကို ကျွန်တော်တို့ မလိုလားဘူး။ တပ်မတော်တစ်ရပ်လုံးရဲ့ ဂုဏ်သိက္ခာကို အသက်ပေးပြီး ရေးထိုးခဲ့တဲ့ သူတို့အားလုံးဟာ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပဲ။ သူတို့ ဂုဏ်ကို ကျွန်တော်တို့ ချီးကျူးရမယ်။ သူတို့ရဲ့ ရဲရင့်မှုကို ကျွန်တော်တို့ မှတ်တမ်းတင်ရမယ်။ သူတို့ရဲ့ တိုင်းပြည်ချစ်စိတ်ကို ကျွန်တော်တို့ ထုတ်ဖော်ပြောကြားရမယ်။ အနိမ့်ဆုံး သူတို့ကို ဂုဏ်ပြုပွဲတစ်ရပ် လုပ်ရမယ်။ ဒီလို စဉ်းစားပြီး ကျွန်တော်တို့ လုပ်နေတာပါ။ အခုဆိုရင် ကြည့် နိုင်ငံရေးပါတီကြီးတွေ၊ နိုင်ငံရေးသမားတွေက စစ်တပ်ကို လက်ညိုး ငေါက်ငေါက်ထိုး၊ သူပုန်တွေ ဓါးပြတွေကို အမွှမ်းတင် လုပ်နေကြတာ ရင်နာစရာ သိပ်ကောင်းပါတယ်။ တချို့ဆိုရင် စစ်တပ်က အရာရှိဟောင်းတွေ။ ဒီကနေ့ စစ်တပ်ကို ပြန်ပြီး မကောင်းပြောနေကြပြီ။ နိုင်ငံရေးရူး၊ အာဏာရူးတွေ ကိယ့်ကို ပျိုးထောင်ခဲ့တဲ့ တပ်မတော်ကို ပြန်ပြီး စော်ကားနေကြပြီ။ ဒါကြောင့် ဒီပွဲကို စီစဉ်ရတာပါ။ စစ်တပ်ဆိုတာ စည်းကမ်းတကျ အဖွဲ့အစည်းပါ။ ဒီပွဲမှာလည်း စည်းကမ်းရှိရှိ ကျွန်တော်တို့ လုပ်သွားမှာပါ။ ခေတ်အဆက်ဆက် လူမသိသူမသိ ကျဆုံးခဲ့ရတဲ့ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအတွက် ကျွန်တော်တို့ လုပ်ပေးနိုင်သလောက် အတတ်နိုင်ဆုံး လုပ်ပေးဖို့ပါပဲ။ ဘယ်သူမဆို ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒါပေမယ့် စည်းကမ်းရှိဖို့တော့ လိုပါတယ်” ဟု ဂါရ၀ပြုပွဲ အခမ်းအနား စီစဉ်သူတစ်ဦးက ပြောသည်။

ဒီဇင်ဘာလ ၇ ရက်နေ့ နေ့လည် ၂ နာရီတွင် ရွှေတိဂုံစေတီမြောက်ဘက်မုခ်ရှိ သူရဲကောင်းစစ်သည်ဗိမာန်တွင် ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော သူရဲကောင်း စစ်သည်အားလုံးကို ရည်စူး၍ ဂါရ၀ပြုပွဲ ကျင်းပပြုလုပ်မည် ဖြစ်ရာ အငြိမ်းစားစစ်မှုထမ်းဟောင်းများ၊ ယင်းတို့၏ မိသားစုဝင်များ အများအပြား တက်ရောက်ကြမည် ဖြစ်သည်။

တပ်မတော်အား သံယောဇဉ်ရှိသူ မည်သူမဆို ပူးပေါင်းပါဝင်နိုငကြောင်းလည်း ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။ 


From:__ပြည်သူ့အာဏာ

www.mmdailystar.com

ဝမ်ပေါင် နိုင်ငံတော် (သို့မဟုတ်) စာမတတ် ပေမတတ် တစ်ယောက် ရဲ့ စိတ်ကူးယဉ် အိပ်မက်

ဒီနေ့ မြန်မာ နိုင်ငံ ရဲ့ငြိမ်းချမ်း ရေး လမ်းကြောင်း ကို ကြည့်မယ် ဆိုရင် အဓိ က ပြဿနာ က KIA ဆိုတာ တွေ့ရ လိမ့် မယ်။ လက်ရှိ အခြေ အနေ မှာ KIA ရဲ့ လုပ်ရပ် တွေ နဲ့ ပတ်သက် ပြီး ကျုပ် အနေ နဲ့ စိတ်ပျက် သလို ရှက်လဲ ရှက်တယ်။ ကျွန်တော် ဘယ်သူ လဲ ဆိုတာ ကတော့ ကျွန်တော့် မိသားစု ၀င်တွေ ရဲ့ အသက် တွေ အတွက် မပြော တော့ ဘူး။ ကိုယ့် ဂုဏ်ကို ဖော် မသူတော် လို့ပဲ ပြောချင် ပြောကြ ပါစေ။ ပွင့်ပွင့် လင်းလင်း ၀န်ခံ ရလျှင် ကျွန်တော်ဟာ စစ် အစိုးရ ကို ၁၂ နှစ် တိတိ တော်လှန် ခဲ့တဲ့ လူ တစ်ယောက် ပဲ။ ဒါပေမယ့် ဒီ တော်လှန် ရေး အောင်မြင် ပါ့ မလား လို့ မေးလာ တိုင်း ကျွန်တော် ဘာ ပြန်ဖြေ ရမှန်း မသိ ခဲ့ဘူး။ မင်း ဘယ်သူ့ အတွက် တော်လှန် နေ လဲ လို့ မေးတိုင်း ကျွန်တော့် မှာ အဖြေ ဆိုတာ ရေရေ ရာရာ မရှိ ခဲ့ ဘူး။ အခု ကျွန်တော် တော်လှန်ရေး မလုပ် တော့ဘူး။ စစ် နဲ့ ငြိမ်းချမ်းရေး ဘယ် အရာ ဟာ ကောင်း သလဲ ဆိုတာ သိ ခဲ့တဲ့ အတွက် ကျွန်တော့် ဘ၀ မှာ ငြိမ်းချမ်းရေး ဆိုတဲ့ ပန်းတိုင် ကို လျှောက်လှမ်း နေပြီ။

ကျွန်တော် ဟာ ဘယ် ပါတီ ဘယ် အဖွဲ့အစည်း မည်သူ မည်ဝါ ရဲ့ ပေးစာ ကမ်းစာ နဲ့ မှ ဒီစာ ကို ရေးသားခြင်း မဟုတ်ကြောင်း ဦးစွာ ပြော လို ပါတယ်။ ဒီစာ ကို တိုင်းပြည် မျက်နှာ တစ်ခု တည်း အတွက် KIA ဘာလဲ၊ ဘာတွေ လုပ်နေလဲ က စပြီး တပ်ဖွဲ့ တွင်း က အတွင်း သတင်း အားလုံး ထုတ်ဖော် ရေးသား ဖို့ ဆုံးဖြတ် လိုက်တာ ဖြစ် ပါ တယ်။ နောက် တစ်ခု အနေနဲ့ ကတော့ ယနေ့ နိုင်ငံရေး အဖွဲ့ အစည်း တွေ နဲ့ မီဒီယာ တွေ ဟာ စစ်တပ် ကို သင်းကွပ် ချင်တာ တစ်ခု နဲ့ KIA အကြောင်း နကန်း တစ်လုံး မှ မသိ ဘဲ အရူး ဘုံမြှောက် ပေး နေ တာ ကြောင့် KIA ဘာကောင် မှန်း သိအောင် ရေး ရတာ ဖြစ် ပါတယ်။

ပထမ ဦးစွာ ပြောချင် တာ ကတော့ KIA ဆိုတာ ဘယ် ကချင် ကို မှ ကိုယ်စား မပြုဘူး ကွ လို့ အော်ပြော လိုက်ချင် တာ ပါပဲ။ နောက် တစ်ခု ကတော့ KIA ပါးစပ် က တစ်ဖွဖွ ပြော နေတဲ့ ၀မ်ပေါင် နိုင်ငံတော် ဆိုတာ ဘယ် ကချင် လူမျိုး ရဲ့ ဆန္ဒ မှ မဟုတ် ဘူး။ နောက် ထပ် ရှိပါ သေး တယ် ခင်ဗျား တို့ အားလုံး မျှော်လင့် နေတဲ့ ဖက်ဒရယ် တပ်မတော်၊ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာ KIA ရဲ့ စိတ် ထဲမှာ လုံးဝ (လုံးဝ) မရှိ ပါဘူး လို့ ပဲ ပြောချင် ပါတယ်။ ဒါတွေ ဟာ အစိုးရ ကို ထိပ်တိုက် လုပ်ချင် လို့ ဇာတ်ကွက် ဖန်တီး ထားသော၊ မဖြစ် နိုင်မှန်း သိတဲ့ အတွက် တောင်းဆို နေသော လုပ်ကွက် တစ်ခု သာ ဖြစ် ပါတယ်။ ဒါ ဆိုရင် KIA လိုချင် နေတာ ဘာလဲ၊ KIA ဖြစ်ချင် နေတာ ဘာလဲ ဒါတွေ အားလုံး ဟာ ဘယ်သူ့ အကြံ တွေ လဲလို့ မေး လာရင်တော့ တစ်ခါ တည်း ပြော လိုက် ပါမယ်။ KIA ၏ ရည်ရွယ် ချက် သည် မည်သည့် ဖက်ဒရယ် ပြည်ထောင်စု လည်း မဟုတ်၊ မည်သည့် ဖက်ဒရယ် တပ်မတော် မှ လည်း မဟုတ် ပါ။ သူတို့ လိုချင်တာ တစ်ခု တည်း ရှိပါ တယ်။ ကချင် ပြည်နယ် ကြီး တစ်ခု လုံး ကို သူတို့ လက်ထဲ လွှဲပေး ပြီး ၀မ်ပေါင် နိုင်ငံ တော်ကြီး တည်ထောင် လိုတဲ့ တစ်ခု တည်းသော ဆန္ဒ သာ ဖြစ် ပါတယ်။ ဒါတွေ အားလုံး ဟာလည်း မည်သည့် ကချင် လူမျိုး များ ၏ ဆန္ဒ မှ မဟုတ် ဘဲ အင်ဘန်လ ဆို သည့် အာဏာရှင် အရူး တစ်ယောက် ထဲ ရဲ့ အကြံ အစည် မူဝါဒ များသာ ဖြစ်ပါ တယ်။

အင်ဘန်လ ဆိုတာ လက်ရှိ KIO ရဲ့ ဒု ဥက္ကဌ ပါ။ ဒါဆို အင်ဘန်လ က ကြိုးကိုင် နေတယ် ပြောပြီး ဘာ လို့ ဥက္ကဌ မလုပ် သလဲ လို့ မေးလာ နိုင်စရာ ရှိ ပါတယ်။ ဘာလို့ မလုပ် သလဲ ဆိုရင်တော့ အင်ဘန်လ မှာ လူရှေ့ လုံးဝ ထွက်ပြ လို့ မရတဲ့ အားနည်း ချက် တစ်ခု ရှိနေ လို့ ပါပဲ ။ အဲဒါ ဟာ ဘာလဲ ဆိုရင် အင်ဘန်လ ဟာ စာ တစ်လုံး မှ မတတ် တဲ့ လူ တစ်ယောက် ဖြစ်နေ တာ ပါ ပဲ။ အင်ဘန်လ အနေ နဲ့ စာ တစ်လုံး မှ မတတ် တဲ့ အတွက် နိုင်ငံရေး မျက်နှာစာ မှာ လူလုံး ထွက်ပြ လို့ မရ နိုင် ပါဘူး။ နောက် တစ်ချက် ကတော့ နိုင်ငံ ရေး စာ မျက်နှာ ပေါ် မှာ သူ ချုပ်ကိုင် ထားတဲ့ လူတွေ ကို ထိုးကျွေး ထားခြင်း ပါဘဲ။ လက်ရှိ အခြေ အနေ မှာ အစိုးရ နဲ့ အဓိက ဆွေးနွေး နေသူ ကတော့ ဂွမ်မော် ပါ။ KIA ကို ကွပ်ကဲ နေတာ ကတော့ ဂမ်ရှောင် ပါ။ ဇောင်းဟရား ဆိုတာ ကတော့ အင်မတန် မှ သနား စရာ ကောင်းသော အမည်ခံ ဥက္ကဌ ကြီး ပါပဲ။

ဒီတော့ KIO / KIA နဲ့ ပက်သက် လာရင် ပြဿနာ တစ်ခုခု ဖြစ်တိုင်း ထို သုံးယောက် က ဒိုင်ခံ ဖြေရှင်း ရသလို ဒုက္ခ ပေါင်းစုံ လဲ ခါးစည်း ခံနေရ တဲ့ လူတွေ ပါပဲ။ ဗမာ နဲ့ ပြဿနာ တက်ရင် ဗမာ က ဂွမ်မော် ကို မုန်းမယ်၊ စစ် ဖြစ်ရင် ဂမ်ရှောင် ကို လက်ညှိုး ထိုး ကြမယ်၊ ဇောင်းဟရား ကတော့ ဥက္ကဌ ဆိုတော့ ပြဿနာ အားလုံး သူ့ ခေါင်း ပေါ် ပေါ့။ အင်ဘန်လ ကတော့ ဒု ဥက္ကဌ ဆိုတော့ အေးရာ အေးကြောင်း နေ တယ်။ ဒါပေမယ့် အားလုံး ဟာ သူ့ အကြံ တွေ ချည်း ဆိုတာ ဘယ်သူ မှ မသိ ကြဘူး။ ဒါ ဆိုရင် ထို သုံးယောက် က ဒီတိုင်း ငြိမ်ခံ နေသလား လို့ ပြန်မေး လာကြ မယ်။ ဟုတ်ကဲ့ ငြိမ်မခံ လို့ မရ ပါဘူး။ အဲဒီ သုံး ယောက် စလုံး ရဲ့ အနီးကပ် လုံခြုံရေး တပ်ဖွဲ့ အားလုံး ဟာ အင်ဘန်လ ရဲ့လူယုံ တွေ ချည်း ပါပဲ။ တစ်ခုခု လုပ်မယ် ကြံတာ နဲ့ ဂွမ်မော် တို့ အသက် ပျောက်သွား ဘို့ပဲ ရှိပါ လိမ့်မယ်။ ဒါဟာ အင်ဘန်လ ရဲ့ အင်မတန် ပိရိ တဲ့ အကြံ ဉာဏ် ပါ။

ကချင် မှာ တိုင်းရင်းသား ခေါင်းဆောင် တွေ တွေ့ဆုံ တုန်း က အင်ဘန်လ ပြောခဲ့တဲ့ စကား ဟာ ဂွမ်မော် တို့ ဂမ်ရှောင် တို့ ရင်ထဲ ခု ထိ ခံစား နေရ ဆဲ ပါဘဲ။ အင်ဘန်လ ဘာပြော ခဲ့သလဲ ဆိုတော့ "ကျုပ်ဟာ အာဏာရှင် ခေါင်းဆောင် ပဲ၊ ဂွမ်မော် တို့၊ ဂမ်ရှောင် တို့၊ ဇောင်းဟရား တို့ ဆိုတာ ကျုပ် လူတွေ၊ ကျုပ် ခိုင်းတာ သူတို့ လုပ်ယုံ ပဲ၊ ကျုပ်က KIO ရဲ့ ဥက္ကဌ နေရာ ကို အချိန် မရွေး ယူလို့ ရတယ်။ ဒါပေမယ့် ကျုပ် မ ယူဘူး၊ ကျုပ် တပည့် တွေကို ပဲ ခိုင်းမယ်" တဲ့။ အင်ဘန်လ ဟာ KIO ဥက္ကဌ မလုပ် ပေမယ့် UNFC မှာ တော့ ဥက္ကဌ လုပ် ပါတယ်။ ဒါ ကလဲ UNFC မှာ ပါလာ မယ့် တိုင်းရင်းသား ခေါင်းဆောင် တွေ ဟာ သူ ခိုင်းတာ လုပ်မယ့် ဂွမ်မော် တို့လို သူ့ တပည့် တွေ မဟုတ် လို့ ပါပဲ။

ဒါကြောင့် KIO အနေ နဲ့ UNFC ကို ချုပ်ကိုင် ချင်တာ ရော သူ့ ရဲ့အာဏာ စက် ကို ပြချင်တာ အတွက် ရော အင်ဘန်လ ဟာ ဥက္ကဌ လုပ်နေ တာပဲ။ အင်ဘန်လ ဟာ အာဏာ ရရင် ပြီးရော ဘာမဆို လုပ်မယ့် လူစား ပါ။ ၀မ်ပေါင် နိုင်ငံတော် အတွက် အင်အား ကြီးမား စေဘို့ ကုလား တွေ ကို တိုင်းရင်းသား ဆိုပြီး ကချင် ပြည်ထဲ ဆွဲထည့် တာ အင်ဘန်လ အကြံ ပဲ။ ဒီ ကိစ္စ နဲ့ ပက်သက် ပြီး ဂွမ်မော် နဲ့ အင်ဘန်လ အကြီး အကျယ် ပြဿနာ ဖြစ် ဘူးတယ်။ ဂွမ်မော် က ကုလား တွေ လာတာ ကို မကြိုက် ဘူး။ ဒါပေမယ့် နောက်ဆုံး တော့လဲ အင်ဘန်လ ကို မကျော် နိုင်တဲ့ ဂွမ်မော် အရှုံးပေး လိုက် ရတယ်။ ဒီလို နဲ့ RSO တွေ ကချင် ထဲမှာ စစ်ရေး လေ့ကျင့် နေတော့ တာပဲ။

တိုင်းရင်းသား တွေ့ဆုံ ပွဲမှာ အင်ဘန်လ က ပြောတယ်။ "ခင်ဗျား တို့ အစိုးရ ကို ပြန်ချ ပါ။ ကုန်ကျ သလောက် ကျွန်တော် ခံမယ်" တဲ့။ သူက ဘယ်က ရတဲ့ ငွေ နဲ့ ထောက်ပံ့ မှာ လဲ။ ကျောက်စိမ်း က လား။ ဘိန်း က လား။ မဟုတ် ဘူး။ ခင်ဗျား တို့ မသိတာ တစ်ခု ရှိ သေးတယ်။ ကျွန်တော် ဆက်ပြော ပါမယ်။ ဟုတ်ကဲ့။ KIO နဲ့ ဒီ တစ်သက် ငြိမ်းချမ်းရေး ယူဘို့ ဘယ် သကောင့် သား မှ မစဉ်းစား ပါနဲ့ လို့ ကျွန်တော် က ထပ်ဆောင်း အကြံပေး လိုက် ပါမယ်။ အင်ဘန်လ ဟာ အာဏာရှင် လို့ သူ့ကို သူ သတ်မှတ် နေပြီ။ တရုတ် က လက်မခံ တော့ မှာ ကို ကြို သိတဲ့ အင်ဘန်လ ဟာ ခု ဆိုရင် သူ့ရဲ့ နောက်ဆုံး ခံစစ် စခန်း ကို အိန္ဒိယ နယ်စပ် မှာ ဆောက် နေပြီ။ ကျွန်တော် သိ သလောက် ဆိုရင် ပန်ဆောင် တောင်ကြော မှာ ရှိတယ်။ အဲဒီ နေရာ ဟာ ရွှေတွေ ဖောခြင်း သောခြင်း ထွက် တဲ့ ရွှေ ကြောကြီး တစ်ခု ရဲ့ ထိပ် တည့်တည့် မှာ ရှိတယ်။ အဲ့ဒီ နေရာ ကို လေယာဉ် ပစ် တွေ ပါ ဆင်ထား တယ်။ စခန်း အခိုင် အမာ ဆောက် နေတယ်။ အင်ဘန်လ ဟာ တိုင်းရင်းသား ခေါင်း ဆောင် တွေ လာတုန်း က သူ ကိုယ်တိုင် ကြွားခဲ့တာ အသံ ဖိုင်ပါ သက်သေ ရှိတယ်။ ပြည်တွင်း ငြိမ်းချမ်း ရေး အလျှင် အမြန် ရချင် တယ် ဆိုရင် တော့ အဲ့ဒီ နေရာ ကို အစိုး ရ တပ်တွေ အနေ နဲ့ ဘယ်သူ့ မျက်နှာ မှ မထောက် ပဲ အခု အချိန် ကတည်း က အမြန် ဆုံး ထိမ်းချုပ် ထား နိုင်ဖို့ လိုမယ် ဆိုတာ ကို ကျွန်တော် ပြောထား ချင်တယ်။

နောက်ပိုင်း မှာ ငြိမ်းချမ်း ရေး လိုချင် နေတဲ့ KNU ဟာ အင်ဘန်လ အကြံတွေ သိလာ တဲ့ အတွက် UNFC ကနေ လုံးဝ ထွက်သွား တဲ့ အထိ ရုပ်ပျက် ဆင်းပျက် ဖြစ်ခဲ့ ရ တယ်။ ကရင် မပါ ရင် UNFC ဟာ သုံးစား မရတော့ မှန်း သိတဲ့ အင်ဘန်လ ဟာ KNU ကိုပါ နှစ်ခြမ်း ခွဲ ဘို့ ကြံစည် ခဲ့တယ်။ သဘော ထား တင်းမာ တဲ့ KNU တပ်မဟာ ကို သွေးခွဲ လှုံ့ ဆော် တယ်။ အဲဒီ ကနေ ခွဲထွက် လာမယ့် အဖွဲ့ ကို UNFC ထဲ ကောက်ထည့် ဘို့ အထိ ကြံ ခဲ့တယ်။ နောက် တစ်ခု ပြော သေးတယ်။ " အစိုးရ ကို တော်လှန်မယ့် သူ မှန်သမျှ KIA က ထောက်ပံ့ မယ် " တဲ့။ အဲဒီ စကား ဟာ အပြင် လူတွေ မသိသေး တဲ့ အင်ဘန်လ ပါးစပ် က ထွက်ခဲ့တဲ့ စကား အတိ အကျ ပဲ။

တစ် လောက ပါကြီး ကိစ္စ နဲ့ မြ၀တီ ကို ရောက်လာ တဲ့ ဗိုလ်ပြုတ် နေမျိုးဇင် ကို မဲဆောက် က နယ်လှည့် ကျောပိုး အိတ် စခန်း မှာ KNU က ဖဒို မန်းမန်း က ဘတ် ၄ သိန်း ထုတ်ပေး တယ်။ " ငါတို့ အတွင်း အပြင် ညှပ် တိုက်ရင် ဒီ အစိုးရ ၅ နှစ် မခံဘူး " လို့ ဖဒို မန်းမန်း ပါးစပ် က နေမျိုးဇင် ကို ပြော ခဲ့တာ ကျွန်တော့် နားနဲ့ ဆက်ဆက် ကြား ခဲ့ ရတယ်။ အဲဒီဘတ် ၄သိန်းက KIA ပိုက်ဆံပဲ။ ဖဒို မန်းမန်း ဆိုတဲ့ ကရင် လူလည် က ပိုက်ဆံ ရရင် ဘာမဆို လုပ်တဲ့ ကောင်။ KNU ကို ခွဲဘို့ အင်ဘန်လ ပိုက်ဆံ နဲ့ မွေး လိုက် တဲ့ ငတိ ပဲ။ နေမျိုးဇင် လို ကောင်မျိုး အတွက် အင်ဘန်လ က ဘတ် ၄ သိန်း ဖဒို မန်းမန်း ကို ထုတ်ပေး တာ သိပ် မဆန်း လှ ပါဘူး။ တစ်ခါ ထဲ ပြော လိုက်ချင် တာ က ဗိုလ်ပြုတ် နေမျိုးဇင်။ မင်း ကို ငါတို့ ငြိမ်းချမ်း ရေး လိုလား တဲ့ သူတွေ က မလိုလား ဘူး ဆိုတာ ပါပဲ။ ငါတို့ က သစ္စာ ဖောက် တွေ ဆိုရင် ဘယ်အဖွဲ့ အစည်း က ဖြစ်နေ ဖြစ်နေ မယုံ ဘူး။ ဒါက ထားပါ။

ဒီလောက် ဆိုရင် KIO / KIA ရဲ့ အတွင်း အပြင် လေး နဲနဲ စုံလောက် ပြီ ထင် တယ်။ KIA ထဲက သနား စရာ ဂွမ်မော်၊ ဂမ်ရှောင်၊ ဇောင်း ဟရား ဆိုတဲ့ လူကြီး သုံးယောက် ရဲ့ ဘ၀ ကိုလဲ နားလည် လောက် ရောပေါ့။ အဲတော့ ထပ် ပြောချင် တာက KIA ဟာ လုံးဝ ငြိမ်းချမ်း ရေး ယူလိမ့် မည် မဟုတ် ဘူး။ ၀မ်ပေါင် နိုင်ငံ ထူထောင် ဘို့သာ သူ တို့ ရဲ့ အဓိက ရည်ရွယ် ချက်။ ဖက်ဒရယ် ဘာညာ ဆိုတာ နား ထောင် ကောင်းအောင် လျှောက် ပြောတာ။ မဖြစ် နိုင်မှန်း သိတယ်။ ဒါကြောင့် မဖြစ် နိုင်တာ ကို ပြောပြီး ငြိမ်းချမ်းရေး ပျက်အောင် လုပ်နေ တာပဲ ဖြစ်တယ်။

သူတို့ မှာ ကျောက်စိမ်း မှောင်ခို အရောင်း အ၀ယ် တွေ ရှိနေတယ်။ ဘိန်းချက် လုပ်ငန်း တွေ နဲ့ မူးယစ် ဆေးဝါး လုပ်ငန်း တွေ ရှိနေ တယ်။ အခု နောက်ဆုံး အန္ဒိယ နယ်စပ် က ရွှေ အကြီး အကျယ် ထွက် တဲ့ နေရာ တစ်ခု ကို အယ်ဘန်လ အနေ နဲ့ ချုပ်ကိုင် ဖို့ ကြံစည် အားထုတ် နေပြီ။ သူ့ ရဲ့ အစီ အစဉ် တွေ ကို တပ်မတော် အနေနဲ့ အခု ကတည်း က မထိမ်းချုပ် ထား နိုင်ဘူး ဆိုရင် တော့ ကျွန်တော် တို့ နိုင်ငံ ရဲ့ တနိုင်ငံ လုံး အပစ် အခတ် ရပ်ဆဲ ရေး နဲ့ ငြိမ်းချမ်း ရေး ဆိုတာ ရွှေပြည်တော် မျှော်တိုင်း ဝေး ဆိုသလို ဖြစ်နေဦး မှာ ပါပဲ။ ဒါ တွေ အားလုံး ကို မှ မထိမ်းချုပ် နိုင် ရင်တော့ ဒီ ကိစ္စ တွေ ရဲ့ အဓိက လက်သည် ဖြစ်တဲ့ စာမတတ် ပေမတတ် ကောင် အင်ဘန်လ ရဲ့ စိတ်ကူးယဉ် ကမ္ဘာ ထဲက ၀မ်ပေါင် နိုင်ငံတော် ထဲမှာ တော့ ကချင် တစ်မျိုး သား လုံး နင်းပြား ဖြစ် ပြီး ဆင်းရဲ တွင်း နက်နေ ကြ ရ ဦးမယ် ဆိုတာ ကို သိစေ ချင်တာ ပါပဲ။ အားလုံး ကို ကျေးဇူး တင် ပါတယ်။

ကျွန်တော် အားလီ ပါ။

From:__ Golden Land Myanmar

www.mmdailystar.com

နင်အပျိုစစ်ရဲ့လား ဆိုတဲ့ မေးခွန်းကို ဖြေဆိုဖို့ မ၀ံ့မရဲတဲ့ ဖြစ်စဉ်တွေ အတော်များများ ဖြစ်လာနေပါပြီ…

ယခုခေတ်ကြီးတွင် ယခင်ကဲ့သို့ အတွဲ(သမီးရည်းစား)များ ချိန်းတွေ့ရာနေရာမှာပန်းခြံများမဟုတ်တော့Mini Cinema ၊ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်စသည့်ြ ဖင့်ယောက်ျားလေး၊ မိန်းကလေး နှစ်ယောက်တည်းတံခါးပိတ် ဆွေးနွေးတိုင်ပင်နိုင်သောနေရာများမှာ တစ်စ တစ်စတိုးမြင့်ဖွင့်လှစ်လာခြင်းကြောင့်သမီးပျိုများ အတွက် လက်ထပ်ထိမ်းမြားခြင်းမပြုလုပ်ရသေးဘဲ အပျိုဘ၀စွန့်လွှတ်ရာနေရာ၊ ဘ၀ပျက်ရာ နေရာတစ်ခု ကဲ့သို့ ဖြစ်လာနိုင်သည်ဟု သမီး ရှိမိဘများက တွေး ပူနေကြပြီ၊ တာဝန်ရှိသူတွေကရော ဒီအတိုင်း ကြည့်နေကြတော့မှာလား။
တွေးပူတာနဲ့တင်မပြီးသေးပါဘူး၊ ဖြစ်စဉ်တွေလည်းရှိနေပါတယ်၊ နယ်မြို့လေးတစ်မြို့က မန္တလေးမြို့ပေါ်ကိုရောက် အလုပ်တစ်ခုမလုပ်မီမှာ ရည်းစားထား၊ အဆိုပါ နေရာတွေကို သွားရတာ လွယ်ကူ တဲ့အတွက် သွား၊ ကိုယ်ဝန်ရ၊ ရတဲ့ကိုယ်ဝန်နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်တဲ့ အနေအထားမရှိတဲ့ သူနဲ့ တွေ့ပြီး တဲ့နောက် ကိုယ်ဝန်ကိုလက်သိပ်ထိုးဖျက်ချ၊ ဆရာဝန်မဟုတ်တဲ့သူက ကိုယ်ဝန်ဖျက်ချပေးတော့ ကျေးရွာတစ်ခုက ကွမ်းတော်ကိုင်ပန်းတော်ကိုင်အသက်၂၁နှစ် အရွယ် မိန်းက လေးတစ်ဦးမှာ အသက်မသေဆုံးသင့်ဘဲ သေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခုနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။
“ဆေးရုံပြဖို့လုပ်တယ်၊ အမျိုးသမီးဆေးရုံကြီးကိုသွားမပြဘူးလို့ အတင်းငြင်းတဲ့အတွက် မန္တလေးပြည်သူ့ဆေးရုံကြီးကိုပြတယ်၊ ဟိုစစ်ဒီစစ်ဆေးနေပြီး ဘာရောဂါ မှ မတွေ့ရှိပါဘူး၊ ဘာမှမဖြစ်ဘူးလို့ ထင်တဲ့အတွက် ရွာပြန်လာတယ်၊ ရွာရောက်တော့ အသားအရေမည်းခြောက်နေပြီးဆရာဝန်နဲ့ကုမရလို့ သားဖွားဆရာဝန်မ တစ်ဦးကိုပြကြည့်ရာမှ သားအိမ်ထဲမှ ကျန်တဲ့ အသားက ပုတ်နေပြီ အမြန်ဆေးရုံပို့လို့ပြောပေမယ့် ပို့တဲ့လမ်းမှာတင်အသက်သေဆုံးသွားခဲ့ရပါတယ်”မျက်ရည်မ ဆည်နိုင်အောင်ငိုကြွေးထားသော မိခင်က သမီးဖြစ်စဉ်အား ရှင်းပြခဲ့သည်။
တက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေအတွက်လေအေးစက်ပါတဲ့အခန်းတွေကို တစန်ာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့အတားအဆီးမရှိဖွင့်လှစ်ခွင့်ပြုထားတာ။
ထို့ဖြစ်စဉ်ဖြစ်ပွားရခြင်း အစပထမမှာအရှက်ကို ရှေ့တန်းမတင်ဘဲ နောက်ပိုင်း ပြဿနာဖြစ်ပွားကာမှ အရှက်တရား ကို ရှေ့တန်းတင် ဆေး ကုသမှုမပြုခဲ့ တာကြောင့် အခုလိုအဖြစ်မျိုးကြုံတွေ့ခဲ့ရတာဖြစ်တဲ့အတွက် မိဘတွေထိန်းသိမ်းဖို့၊ ကာယကံရှင် မိန်းမပျိုတွေအနေနဲ့လည်း ထိန်းသိမ်းဖို့လိုလာနေပြီဆိုတာကို သိသာထင်ရှားစွာ မီးမောင်းထိုးပြလိုက်တာပါပဲ။သိသာထင်ရှားစွာပေါ်လွင်လာတာနဲ့အတူ လက်ရှိအနေအထားအရ အထက်ပါဖြစ်စဉ်လိုမျိုး ဘယ်နှဦးလောက်ြ ဖစ်နေပြီလဲဆိုတာကတော့ အတိအကျမသိရပါဘူး။
ဒါပေမဲ့ အရေအတွက်အရတော့မနည်းတော့ဘူးဆိုတာကတော့ တွေးကြည့်ရုံနဲ့သိသာပါတယ်။
အဲဒါတွေဖြစ်ပွားလာရတဲ့အကြောင်းအရင်းတစ်ခုအနေနဲ့ကတော့ ကျောင်းပတ်ဝန်းကျင်၊ တက္ကသိုလ်နားဝန်ကျင်မှာလည်းဟိုတယ်၊ မိုတယ်၊ Mini Cinema တွေကိုမှိုလိုပေါက်အောင် ဖွင့်လှစ်ခွင့်ပြုထားတာတွေကြောင့် အချိန် ပိုင်းအနားယူသွားအိပ်၊ဘ၀ပျက်ကြရတာတွေကလည်း ဒုနဲ့ဒေးပါပဲ၊ စာပေပိုင်းဆိုင်ရာကို လေ့လာမှုကတော့ မသိဘူး၊ နိုင်ငံတကာယဉ်ကျေးမှုကိုတော့ လိုက် နာနေကြတာကတော့ မြေကြီးလက်ခတ်မလွဲဘဲ တွေ့မြင်နေရတာပါပဲ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသက် ၂၄ နှစ် အရွယ်မခင်ခင်က(အမည်လွှဲ) “နယ်မြို့ကလာတဲ့မိန်းကလေးတွေ အများဆုးံ ၀န်ထမ်းအလုပ်လုပ်ပြီး မြို့မှာနေထိုင် ကြ တာများတယ်၊သူတို့က ငွေကို အဓိကထားတယ်၊ ဝေဖန်တာမဟုတ်ပါဘူး၊ အမြင်ကိုပြောတာဖြစ်ပါတယ်၊ အဆောင်တစ်ခုမှာ မိန်းကလေး၃၀ဦး လောက် ရှိမယ်ဆိုရင် ငါးဦးနဲ့ ရှစ်ဦးကြားမှာဖြစ်နေတယ်။ ကျွန်မနေခဲ့တဲ့ အဆောင်က အနေအထားကို ပြောတာပါ၊အဲဒီထဲမှာ တချို့ဗိုက်ပေါ်လို့ပြန်သွားတာ၊လက်သိပ် ထိုးဖျက်ချတာ မျိုးစုံရှိပါတယ်၊အဓိကတော့အလေးမထားတာနဲ့လွယ်လွယ်ကူကူ ဖြစ်နိုင်တဲ့နေရာတွေပေါလာတာကြောင့်လို့
ထင်တယ်၊ဒါတင်မကတစ်ယောက် နဲ့တစ်ယောက် ဘယ်ဟိုတယ်၊ ဘယ်နေရာက သန့်တယ်ဆိုတာမျိုးအထိ လမ်းညွှန်လုပ်ဆောင်လာကြတာမျိုး ဖြစ်လာနေပြီ” ဟု ပြောသည်။
ယင်းကဲ့သို့သောပြောင်းလဲမှုအပြင်မန္တလေးမြို့မှာ အခါကြီးရက်ကြီး အလည်ထွက်၊ ဘုရားဖူးသွားတဲ့ ခေတ်မ ဟုတ်တော့ဘဲ ဟိုတယ်လူပြည့်တဲ့အထိစည် ကား တဲ့မြို့၊မာဆတ်တွေ တောင်ပုံရာပုံဖွင့်လှစ်ခွင့်ပေးအဲဒီမှာ ရရှိတဲ့ ငွေကြေးအနည်း ငယ်ကြောင့်ဘ၀ပျက်သွားရတဲ့ သမီးပျိုတွေနေထိုင်တဲ့မြို့၊ အရက်သေ စာေ သာက်စားဖို့အတွက်လည်း အသက်၁၈ နှစ်ပြည့်ပြီလားဆိုတာမကြည့်၊ ရောင်းချဖို့ရဖို့အတွက် အဓိကဦးစားပေးနေတဲ့မြို့ စသည့်ဖြင့် ထိန်းချုပ်ကန့်သတ်မှုမ ရှိတော့တဲ့ မြို့အဖြစ် တဖြည်းဖြည်းပုံပြောင်းလို့လာနေပါပြီ။
ထဘီခြေဖနောက်ဖုံးဝတ်တဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးက မန္တလာသူကနေ ဒူးအောက်မဆင်းအ၀တ်အစားတွေဝတ်လာပြီး ယဉ်ကျေးမှုပြယုဂ် နွမ်းပါးလာတဲ့ မြို့အဖြစ် တဖြည်းဖြည်း ပုံပြောင်းစပြုလာနေပြီလို့ ထင်တယ်။ ဒါတွေသာမက အမျိုးသမီး များအနေဖြင့် ယခင်ကလိုမျိုး မိမိတစ်သက် တာပေါင်း သင်းနေထိုင် မည့်သူနှင့် နေထိုင်ခြင်း ကိုအချို့သောသူများက လုပ်ဆောင် ကြသော်လည်း ယခုခေတ်တွင် ယင်းကဲ့သို့ ပုံစံမျိုး မဟုတ်ဘဲ မည့်သည့်အကြောင်း အရင်းမျှ မသိ ရသေးသောသူများနှင့် သမီးရည်းစားဖြစ်ကာ အလေးမထားဘဲ အတူတကွနေထိုင်ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်ပွားမှုများရှိလာခြင်းဖြစ်ကာ အထက်ပါ ဖြစ်စဉ် များကဲ့သို့ အသက်သေဆုံးသည့်အထိဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု အသက် ၄၅နှစ်ရှိဒေါ်အေးက သုံးသပ်ပြောဆိုခဲ့သည်။
သုံးသပ်ချက်များအပြင် လက်ရှိအချိန်ကာလအား ဒီမိုကရေစီခေတ်ဟုဆိုကာဖော်ချွတ်မော်ဒယ်များ တဖြည်းဖြည်းတိုးတက်လာခြင်း၊ အမျိုးသမီးများအရက်သေ စာသောက်စားမှုများကို ပေါ်ပေါ်ထင်ထင်ပြုလုပ်လာကြခြင်း၊ သမီးရည်း စားနေထိုင်မှုပုံစံ ပွင့်လင်းသထက် ပွင့်လင်းလာခြင်းတို့ကြောင့် အတုမြင် အတတ်သင် လာနိုင်ခြင်း၊ အွန်လိုင်းပေါ်မှ အပြာရောင်ဝက်ဘ်ဆိုဒ်များအား အလွယ်တကူကြည့်ရှုလာကာမလိုလားအပ်သော အတုယူမှားများကိုလူငယ်၊ လူရွယ်များမှ ရယူ လာခြင်းကြောင့်လည်း တဖြည်းဖြည်း ယခုကဲ့သို့အသွင်ပြောင်းလဲလာခြင်းဖြစ်သည်။
“မူးယစ်ဆေးဝါးလက်တစ်ကမ်းမှာဝယ်ယူနိုင်တဲ့အနေအထား၊ ဆယ်ကျော်သက်များ လိင်မှုဆိုင်ရာ စူးစမ်းမှုအနေထား၊၁၈+ကားများ ဆိုင်များအား အလွယ်တ ကူဝယ်ယူနိုင်သည့် အနေအထားများကြောင့်အနောက်တိုင်း ယဉ်ကျေးမှုဝင်ရောက်လာပြီး၊လက်မထပ်မီအတူနေထိုင်ခြင်းတွေဖြစ်ပေါ်တာပါ၊ဒါ့အပြင်သူများနိုင် ငံတွေလိုကျန်းမာရေးအသိစိတ်ဓာတ်၊ ဆေးဝါးပိုင်းဆိုင်ရာအသိ စသည့်တို့ကို သိရှိနားလည်ခြင်းမရှိတာကြောင့် ဒီလိုတွေဖြစ်ကုန်တာ၊အဲလိုမျိုးတွေမဖြစ်အောင် အားလုံးကို သိရှိလုပ်ဆောင်ပေးဖို့ သက်ဆိုင်ရာမှာ တာဝန်ရှိတယ်” ဟု ဒေါ်အေးကပြောသည်။
ယင်းအချက်အလက်များကြောင့်လက်ရှိအချိန်တွင် နင်အပျိုစစ်ရဲ့လားလို့မေးခွန်းပိုင်းဆိုင်ရာမှာအခုခေတ်လူငယ်ကြားတွင်
ဖြေဆိုဖို့မ၀ံ့မရဲတဲ့ဖြစ်စဉ်တွေတော တော် များများဖြစ်လာခဲ့ကြောင်း ၊အားလုံးခြုံငုံသုံးသပ်ပြောဆိုခြင်းတော့မဟုတ်ပါဘူး၊ လက်ရှိလူငယ်တွေကို အဓိကထားဆိုခြင်းဖြစ်တယ်လို့ အမျိုးသမီးတစ် ဦးကပြောခဲ့ပါတယ်။
ထို့ကဲ့သို့သောဖြစ်စဉ်များနှင့် ပတ်သက်၍ ၀န်ထမ်းအမျိုးသားတစ်ဦးဖြစ်သည့်ကိုအေး(အမည်လွှဲ) အား ထင်မြင်ချက်မေးမြန်းရာ “ ကျွန်တော်တို့ ယောက်ျားေ လးတွေက ကိုယ်တစ်သက်တာ လက်တွဲရမယ့်သူဖြစ်မယ့်မိန်းမတွေမှာ ရှိသင့်တဲ့အပျိုဂုဏ် ဆိုတာမျိုးကို တန်ဖိုးထားနေကြဆဲပါ၊အဖော်အချွတ်တွေ ပေါ်လာလို့ လည်းယောက်ျားဖြစ်တာကြောင့် ကြည့်တယ်၊အလေးထားမှုတော့မရှိပါဘူး”ဟု ပြောဆိုသွားခဲ့ပါတယ်။
ဒါမျိုးတွေမဖြစ်၊ သမီးပျိုတွေကို ဝေဖန်နေ တာမျိုးတွေရှိလာရတဲ့ အဓိက အချက်ကတော့ သက်ဆိုင်ရာကနေ ထိန်းချုပ်မှုမပြုတာ၊ လူငယ်လူရွယ်တွေ နေထိုင် သွားလာမှုများတဲ့ ကျောင်း၊ တက္ကသိုလ်ပတ်ဝန်းကျင်မှာ အဲလိုမျိုးဆိုင်တွေကို ဖွင့်လှစ်ခွင့်ပြုတာ၊ ဟိုတယ်တွေမှာ ကျောင်းသား၊ လူငယ်တွေကို တည်းခိုခွင့်ကို ကြပ်မတ်လုပ်ဆောင်တာ၊ အရက်ဆိုင်၊ ဘီယာဆိုင်များကိုဖွင့်လှစ်ခွင့်ကန့်သတ်တာတို့လုပ်ဆောင်သင့်ပါတယ်။
ဒါပေမဲ့ လုပ်ဆောင်ခြင်းကတော့ အခုထိထင်ထင်ရှားရှားမရှိသေးပါဘူး။ဥပမာအနေနဲ့ပြောရင် တက္ကသိုလ်
အနီးဝန်းကျင်မှာအတွဲတွေအတွက် လေအေး စက်ပါတဲ့ အခန်းတွေကိုတစ်နာရီကျပ်နှစ်ထောင်ဝန်းကျင်နဲ့ အတားအဆီးမရှိ ဖွင့်လှစ်ခွင့်ပြုထားတာ၊ အဲဒီနေရာမှာ တစ်နေ့ကို အတွဲပေါင်းရာဂဏန်းဝန်းကျင် အထိနေ့စဉ် လာရောက်ကြတာ၊အဲဒီထဲမှာ ဘယ်လောက်များ သမီးပျိုလေးတွေရဲ့ ဘ၀ပျက်စီးသွားရပြီလဲဆိုတာကိုချင့်ချိန်တွေးတောကြည့်နိုင်ပါတယ်။ အမြင် မတင့်တယ်သလို ဥပဒေအရလည်း ခွင့်ပြုမယ်လို့ မထင်ပါဘူး၊ ဒါတွေမဖြစ်အောင်သက်ဆိုင်ရာအနေနဲ့ လျစ်လျူရှုမနေပါနဲ့လို့ ပြောချင်ပါတယ်။
ဒီအတိုင်းပဲ ကြည့်နေကြတော့မှာလား….တက္ကသိုလ်အနီးဝန်းကျင်မှာအတွဲတွေ
အတွက်လေအေးစက်ပါတဲ့အခန်းတွေကို တစ်နာရီကျပ်နှစ်ထောင်ဝန်း ကျင်နဲ့အတား အဆီးမရှိဖွင့်လှစ်ခွင့်ပြုထားတာ ။

From:__Mizzima

www.mmdailystar.com

သူရဲကောင်းတို့ မြန်မာပြည် အပိုင်း (၃)


========================

ထိုးစစ်စတင်ပြီး တတိယမြောက်နေ့တွင် အစွန်းရောက်သောင်းကျန်းသူများကို နယ်စပ်မျဉ်းပေါ်အထိ တိုက်ထုတ်ပြီးဖြစ်နေပြီ။ သေနတ်သံများကတော့ ကြိုကြား ကြိုကြား ကြားနေရဆဲ။ တခါတရံ လက်နက်ကြီးကျည်များကလည်း ကျရောက်ပေါက်ကွဲနေဆဲ။ သူတို့တပ်ရင်းက ရှေ့တိုးပြီး နယ်စပ်မျဉ်းနှင့် ကိုက် (၅၀၀)လောက် အကွာထိ နေရာယူ ရင်ဆိုင်ထားပြီးဖြစ်သည်။

ဆေးမှူးလေး ဗိုလ်ရဲနောင်နဲ့ သူ့ဆေးတပ်စုလေး အဖို့တော့ ဒီနေ့ တော်တော် အလုပ်များနေသည်။ ရန်သူ့လက်နက်ကြီးကျည်ကျပြီး အစ (Splinters)မှန်သော စစ်သည်များ တဖွဲဖွဲ ဝင်ရောက်လာ သောကြောင့့်ဖြစ်သည်။ ရဲနောင်တို့ အနေဖြင့် လုပ်စရာရှိသည်များကို ခပ်သွက်သွက်လုပ်နေကြသည်။ အခုတော့ ကျောင်းဆင်းစ ဆရာဝန်ပေါက်စနှင့် မတူတော့။ အရာရာကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နှင့် လုပ်ဆောင်တတ်နေပြီလေ။ တိုက်ပွဲ အတွေ့အကြုံက သူ့ကို တစ်သက်မမေ့နိုင်အောင် သင်ပေးလိုက်သည်ဘဲ။ သူ့ဆရာကြီး နန္ဒ (Nanda Htun Htet)နှင့် ဝါရင့် ဆေးရဲဘော်များ၏ အစွမ်းကိုလည်း ပစ်ပယ်ထား၍ မဖြစ်။
လူနာကလည်း (၂၀)ကျော်လောက်ဖြစ်လာသည်။ ဒီနေရာမှာ ကျောင်းတုန်းက သူတို့ သင်ယူခဲ့ရတဲ့ လူနာရွေးချယ် စစ်ထုတ်ခြင်း (Triage) ဘာသာရပ်က အသုံးဝင်သည်။ (Triage အကြောင်း နောက်မှ ဗဟုသုတအဖြစ် အသေးစိတ်ရေးပါမည်။) တပ်ရင်းဆေးတပ်စုဖြစ်၍ ဘာမှတော့ အများကြီး မလုပ်နိုင်။ ဒဏ်ရာများအား ရောဂါပိုးမဝင်စေရန် ဆေးကြောခြင်း၊ သွေးထွက်များသူများကို သွေးတိတ်စေရန် သွေးကြောရှာပြီးချည်ခြင်း၊ Drip line တင်ခြင်းနှင့် တပ်မဌာနချုပ်ရှိ စစ်မြေပြင်ဆေးရုံသို့လွှဲပြောင်း ပို့ဆောင်ခြင်းတို့ကိုသာလုပ်နိုင်သည်။ သွေးသွင်းရန်လိုသော လူနာများကို ပေးရန်သွေးမရှိ၊ Facilities လည်းမရှိ။

ဒီနေ့ ရာသီဥတုက ထုံးစံအတိုင်းမကောင်းပြန်။ မိုးတဖွဲဖွဲနှင့် မြင်ကွင်းကပိတ်နေ။ အဲဒီတော့ ရဟတ်ယာဉ်ဖြင့် လူနာမကောက်နိုင်။ ရဟတ်ယာဉ်သံကြားနေရပြီမှ မဆင်းနိုင်သည့်အဖြစ်ကို နားလည်ခံစားနိုင်မည်ဟုထင်ပါသည်။ ကိုစကိုင်း (Sky Hunter)ကတော့ မရ ရအောင်ဆင်းလာမည်ဟု စက်ထဲမှ ပြောနေသည်။

တပ်ရင်းတွေက ရှေ့ကို အတော်ရောက်နေပြီး တပ်မဌာနချုပ်က နောက်တွင်ပင်ကျန်နေသောကြောင့် အုပ်ချုပ်ထောက်ပံ့မှုလမ်းကြောင်းက ရှည်နေသည်။ သောင်းကျန်းသူတွေကလည်း ဆုတ်ခွာစဉ်က တံတားအားလုံးကို ချိုးသွားသည့်အတွက် ချောင်းမြောင်းပေါများသော ဒေသတွင် စစ်ဆင်နေရသော သူတို့အဘို့ ဒုက္ခရောက်ရသည်။ “တိုက်ပွဲ မစတင်မီပင် တပ်ထောက်များက တိုက်ပွဲ၏ အနိုင်အရှုံးကို ဆုံးဖြတ်ပြီးဖြစ်သည်” ဟူသော ဒုတိယ ကမ္ဘာစစ် အတွင်းက ဂျာမန်တပ်မတော်မှ စစ်သူကြီး ရွမ်းမဲ (Field Marshal Erwin Rommel) ပြောခဲ့သည့် စကားက သူ့နားထဲ ကြားယောင်လာသည်။ ဟုတ်သည်။ စစ်ပွဲ တစ်ပွဲ အတွက် အုပ်ချုပ်ထောက်ပံ့မှု (Logistics)က အသက်တမျှ အရေးကြီးလှသည်။

ဒီနေရာမှာ သူ့ ဆေးတပ်စု သူနာတင် BTR အကြောင်းပြောဖို့ဖြစ်လာသည်။
တစ်စီးတည်းသော သူနာတင် BTR – 3U M3 ကြောင့် နည်းနည်းတော့ အဆင်ပြေနေသည်။ BTR က ရေပြင်ပေါ်ဖြတ်ပြီး မောင်းနိုင်သည်လေ။ ဒီချောင်းတွေလောက်ကတော့ အသာလေးဖြတ်နိုင်သည်။ ပြဿနာက BTR က လူနာလေးဦးသာ သယ်နိုင်သည်။ တပ်ရင်းမှ အခြား BTR များကိုလည်း ခေါ်သုံးဖို့ကလည်းမဖြစ်နိုင်။ အဲဒီတော့ ဒီတစ်စီးတည်းနှင့် အသွား အပြန် (၄)နာရီလောက်ခရီးကို ခေါက်တုန့်ခေါက်ပြန်သွားနေရသည်။ ဒါ့အပြင် ယာဉ်မောင်းက တိုက်စစ် ပထမနေ့ကတည်းက သူတို့ဆေးတပ်စုအနီးကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသောကြောင့် ဒဏ်ရာရပြီး နောက်ကိုပို့လိုက်ရသည်။ ယာဉ်မောင်း မရှိသောကြောင့် သူတို့ အဆင်မပြေ ဖြစ်ကြရသေးသည်။ ယာဉ်မောင်း အပိုလည်းမရှိ။

သို့သော် ကယ်တင်ရှင်က ပေါ်လာသည်။ သူတို့တပ်ရင်း၏ ပြင်ဆင်ရေးအလုပ်ရုံ တပ်ခွဲမှ အင်ဂျင်နီယာ အရာရှိ ဗိုလ်ဖောကြီး (Faw Gyi)ဖြစ်သည်။ ရဲနောင်နဲ့က တစ်နယ်တည်းသား။ ညီအစ်ကိုလို ခင်သူဖြစ်သည်။ သူက စွယ်စုံရ။ လက်နက်လဲပြင်၊ ကားလဲပြင် အကုန်လုပ်သည်။ တိုက်ယာဉ်ကို သူဘဲ မောင်းပေးမည်ဟုဆိုသည်။ တပ်ရင်းမှူးကို တင်ပြတော့ ပထမတော့ အင်တင်တင်လုပ်နေသေးသည်။ ရင်းမှူး ဒုမှူးကြီး ဘီလူး (နန်းလီ အသည်းကွဲနေသည်)က စာအုပ်ကြီးသမား။ ရင်းမှူးက မင်းမရှိရင် ငါ့ကားတွေဘယ်သူပြင်ပေးမှာလဲဟုပြောသည်။ ကိုဖောက အဘ ကျွန်တော့ကောင်လေးတွေက စိတ်ချရပါတယ်ဟုပြောမှ မောင်းပေးလိုက်ကွာဟု အမိန့်ပေးလိုက်သည်။ အဲဒါနဲ့ ယာဉ်မောင်း လိုသည့် ပြဿနာ ပြေလည်သွားသည်။ အခုတော့ ဖောကြီး ယနေ့အတွက် ဒုတိယ အခေါက် လူနာတွေသွားပို့နေပြီ။ တကယ် အရေးကြုံလာသည့် အချိန်တွင်တော့ မည်သည့်ကျောင်းက ဆင်းသည်ဖြစ်စေ ညီအစ်ကို စိတ်ဓာတ်တွေပေါ်လာတော့သည်။

နေ့လည်ခင်းရောက်တော့ လူနာတွေ ထပ်ရောက်လာသည်။ သူ့ရှေ့မှာ စစ်သည်တစ်ယောက် ဒဏ်ရာကနေ သွေးတွေ တစိမ့်စိမ့်ထွက်လျက် လှဲလျောင်းနေသည်။ ကြည့်လိုက်တော့ သူ့ ဆေးတပ်ကြပ်ကြီး နန္ဒ။ ဘယ်ဘက်ပုခုံးနှင့် အစာအိမ်တို့ကို လက်နက်ကြီးအစမှန်ထားသည်။ ဖြစ်ပုံက နံနက်စောစောကတည်းက ဆရာကြီးနန္ဒက ရှေ့ပိုင်းတွင် ရင်ဆိုင်နေရသော တပ်ခွဲများ အထိသွားကာ လူနာကောက်သည်။ အဲဒီ အချိန်မှာဘဲ ရန်သူ၏ တန်ပြန်ထိုးစစ်စသည်။ စစ်သည်အချို့က ဒဏ်ရာရကာ ရှေ့တွင် Pinned down မိနေသည်။ အဲဒါကို နန္ဒက သူ့ MA – 3 Mark 4 ဖြင့် ပစ်တက် တက်ရင် လူနာများကို ဆွဲထုတ်ရန် ကြိုးစားသည်။ ကြိုးပမ်းနေစဉ်တွင်ပင် လက်နက်ကြီး ကျည်များက ထပ်မံကျရောက်ကာ နန္ဒကိုပါထိတော့သည်။ သူ့ရဲဘော်စိတ်ကတော့ ချီးကျူးစရာပင်။

ရဲနောင်လည်း နန္ဒ၏ ဒဏ်ရာများကို သွေးတိတ်စေရန် အတော်ပင်လုပ်ရသည်။ Drip line ကတော့ ထည့်ထားပြီးပြီ။ သို့သော် သွေးကမပေးနိုင်။ သူ့ ပုခုံးက ဒဏ်ရာကို အာရုံစိုက်နေစဉ်ပင် အစာအိမ်နေရာက သွေးများ ပိုမိုထွက်လာပါတော့သည်။ အဲဒါနဲ့ ရဲနောင်လည်း အစာအိမ်ဘက်ကို အာရုံပြောင်းလိုက်တော့ ပုခုံးက သွေးထွက်လွန်လာသည်။ သွေးတိတ်စေရန် အချိန်ကိုလုရင်း အသည်းအသန် ကြိုးစားနေရသည်။ အသက် အန္တရာယ်ကလည်း ပို၍ ပို၍ စိုးရိမ်လာရသည်။
သူနာတင် တိုက်ယာဉ်လည်း ပြန်လာနေသည်မှာ ခရီးတစ်ဝက်သာရောက်သေးသည်။ သူ့အနေဖြင့် မည်မျှပင် ကြိုးစားသော်လည်း ဆရာကြီး၏ အခြေ အနေမှာ မတိုးတက်လာသည့် အတွက် စိတ်ဓာတ် တဖြည်းဖြည်း ကျဆင်းလာသည်။ အော် သူတို့ချစ်ရသော ဆရာကြီးကို စွန့်လွှတ်ရတော့မှာပါလား။

နန္ဒက နာကျင်မှု ဝေဒနာကို ခံစားနေရပေမယ့် သူ့မျက်နှာ အမူအယာကို ဖတ်နိုင်လောက်အောင်ပင် သတိကောင်းကောင်းရနေသည်။

“ဗိုလ်ကြီး ကျွန်တော့်ကို ပစ်မထားပါနဲ့ဗျာ။ အိမ်မှာ မိန်းမရယ်၊ ကလေးနှစ်ယောက်နဲ့ ကျွန်တော့် မိဘတွေကျန်နေသေးတယ်ဗျ။ ကျွန်တော့်ကို တတ်နိုင်သလောက်တော့ ရအောင်လုပ်ပေးပါဗျာ။ ကျွန်တော် အသက်ရှင်မှာပါဗျာ။”

သူ့စကားတွေက ရဲနောင်၏ ကျနေသော စိတ်ဓာတ်ကို မြှင့်ပေးလိုက်သလိုပင်။
နာကျင်မှုဝေဒနာများဖြင့် အသက်လုနေသော သူတစ်ဦး၏ ပြင်းပြသော ဆန္ဒက သူ့ကို လှုပ်နိုးလိုက်သည်နှင့် မခြား။
ရဲနောင် အတွက်တော့ သူ့ဆရာကြီး အသက်ရှင်ဖို့ကလွဲပြီး အခြားဘာမှ အရေးမကြီးတော့သလို ရုတ်တရက်ခံစားလိုက်ရသည်။

ပုခုံးဒဏ်ရာကသွေးတိတ်နေပြီဖြစ်သော်လည်း အစာအိမ်က သွေးတွေ တစိမ့်စိမ့်ထွက်နေသေးသည်။ သွေးကြောကဖမ်းမရသေး။ သူလဲ ဆေးခန်းရွက်ဖျင်တဲ အတွင်း မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်ရင်းက သွေးတိတ်သွားအောင် ဘယ်လိုလုပ်ရပါ့မလဲဟု တွေးလိုက်သည်။
လူနာခုတင်ပေါ်တွင်ခင်းထားသော စောင်ကြား တစ်ကိုတွေ့လိုက်သည်နှင့် သူလည်း အကြံရသွားသည်။ စောင်ကြားကို ဆွဲယူ၊ နန္ဒ ခါးလောက်မှနေပြီး တတ်နိုင်သလောက်တင်းနေအောင် ချည်လိုက်သည်။
မျက်လှည့်ပြလိုက် သလားပင် အောက်မေ့ရသည်။ ထွက်နေသည့် သွေးတွေ ချက်ချင်းဆိုသလိုပင် ရပ်သွားတော့သည်။

ကျောင်းတုန်းက သင်ရိုးညွှန်းတမ်းများနှင့် ကိုးကားစရာ စာအုပ်ထူထူများထဲတွင် ဤလို ပြုလုပ်ရမည်လို့တော့ ရေးမထား။ သို့သော် ဆေးပညာတွင် “Never” ဆိုသည့် စကားလုံးမရှိ။ ဒီနေ့မှန်နေတာတွေက နောက်နေ့တွင်မှားချင်မှားနေနိုင်သလို ဒီနေ့မှားနေတာတွေကလည်း နံနက်ဖြန် မှန်ချင်မှန်နေနိုင်သည်။ ယနေ့တော့ ကံကြမ္မာက သူတို့နှစ်ယောက်လုံးဘက်တွင်ရှိနေသည်။ ဒီနေ့သူ့အပျော်ကို နှစ်ပေါင်းများစွာတိုင် မေ့ရနိုင်တော့မည်မဟုတ်တော့။

မရှေးမနှောင်းမှာဘဲ သူနာတင်တိုက်ယာဉ် ဆိုက်ရောက်လာသောကြောင့် နန္ဒကို သူကိုယ်တိုင်ပင် ထမ်းစင်ဖြင့်ထမ်းကာ တိုက်ယာဉ်ပေါ်တင်ပေးလိုက်သည်။ ဖောကြီးကိုလည်း လမ်းခရီးတွင် ဂရုတစိုက်မောင်းပေးရန်လည်း မှာလိုက်ရသေးသည်။

ရဲနောင်တို့၏ ဆရာကြီး နန္ဒတစ်ယောက်တော့ အသက် အန္တရာယ်မှ လွတ်မြောက်ကာ သူချစ်သော မိသားစုနှင့် ပြန်လည်ဆုံတွေ့ခွင့် ရရှိခဲ့ပါသည်။ သူ၏ အသက်ကို ပဓာနမထားဘဲ မိမိစစ်သည်များကို ရန်သူ့လက်မှ ကယ်တင်ရန်ကြိုးပမ်းခဲ့မှု အတွက် ဒုတိယအရာခံဗိုလ်/ခွဲစိတ်လက်ထောက် အဖြစ် စစ်မြေပြင် အဆင့်တိုးပေးခြင်းခံရပြီး သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခံရပါသည်။ သူရဲကောင်းများစွာထဲမှ တစ်ယောက်ကို မျက်ဝါးထင်ထင် တွေ့ကြုံလိုက်ရခြင်းလည်း ဖြစ်ပါသည်။

နောင်သူနဲ့ဆုံတိုင်း ဆရာကြီး နန္ဒပြောလေ့ရှိသည်က "ဗိုလ်ကြီးနဲ့ စောင့်ကြားပေးတဲ့ အသက်ဘဲရှိပါတော့တယ်" ဟူ။ ဟုတ်သည်လေ၊ငွေကြေးအရ တန်ဖိုး အနည်းငယ်သာရှိသော စောင်ကြားလေးတစ်ထည်က အဖိုးမဖြတ်နိုင်သော လူတစ်ဦး အသက်ကိုကယ်တင်နိုင်ခဲ့သည်ဘဲ။

ဤ အဖြစ်ကို ကြုံတွေ့ရပြီးနောက် ရဲနောင်သိလိုက်ရသည်ကား လူတစ်ဦး၏ သေခြင်း၊ ရှင်ခြင်းကို တစ်စုံတစ်ခုသော အရာကား လွှမ်းမိုးထားသည်ဆိုသော အချက်ပင်။ ကံကြမ္မာပင်လော၊ မေတ္တာတရားပင်လော၊ ရဲဘော်ရဲဘက်စိတ်ပင်လော။ သူမသိနိုင်ပါ။ သို့သော် သူအတွက်ရလိုက်သည့် သင်ခန်းစာကတော့

‪#‎NEVER_EVER_GIVE_UP_ON_A_PATIENT_EVEN_MENTALLY‬
“လူနာ အပေါ်တွင် နည်းနည်းလေးမှ လက်မလျှော့လိုက်ပါနှင့်။”

လေးစားစွာဖြင့်

ရဲနောင်
(၂၉/၉/၂၀၁၄) (၀၄၀၀)နာရီ

(ဝန်ခံချက်။ Maj. Deshwal ၏ The Higher Force အား ကျောရိုးယူပြီး အနာဂတ်တွင် ရင်ဆိုင် ကြုံတွေ့နိုင်သည့် အခြင်းအရာများနှင့် ဆက်စပ်ကာ မြန်မာမှုပြုထားပါသည်။ လက်ရှိတွင် ဖွဲ့စည်းထားခြင်းမရှိသေးသော ယန္တရားတင်ခြေလျင်တပ်များကို ထည့်သွင်းထားရခြင်းမှာ အနာဂတ်တွင် Mechanized Infantry များ ဖွဲ့စည်းပေးစေချင်သော ဆန္ဒတစ်ခုသာရှိပါသည်။ ခင်မင်ရသော မိတ်ဆွေများ၏ အမည်များအား အသုံးပြုထားခြင်းအား နားလည်ပေးစေချင်ပါသည်။)


အပိုင်း ( ၁ ) အားဒီမှာ ဖတ်နိုင်ပါတယ်

အပိုင်း ( ၂ )အားဒီမှာ ဖတ်နိုင်ပါတယ် 

www.mmdailystar.com

ကွက်ကြားမိုး ဘက်တော်သား နေမျိုးဇင်



ပြည်သူ့ဘက်တော်သား ဘိုဂျီးဟောင်းတစ်ယောက်ရဲ့ ပရဟိတလုပ်ငန်းစဉ်တွေကိုလက်လှမ်းမှီသလောက် တစ်ခုချင်းပြန်စဉ်းစားကြည့်မိလိုက်တော့ ကျနော်တစ်ခုသတိထားမိလိုက်တယ် .. ဒီနေရာမှာ စကားမစပ် ပြည်သူ့ဘက်တော်သားလို့ သုံးနှုန်းလိုက်ရခြင်းက သူသုံးနေကြပုံစံအတိုင်း သုံးနှုန်းလိုက်တာပါ သူထောက်လှမ်းရေးဖြစ်ခြင်းမဖြစ်ခြင်း၊ လိုင်ဇာကမြေပုံညွှန်းတွေ ယူလာခြင်း မယူလာခြင်းလည်း ကျနော်မသိပါဘူး ..


ဧရာဝတီတိုင်း ပန်းတနော်မြို့ရဲ့ ဝေးလံခေါင်သီတဲ့ နေရာက လူနေမှုနိမ့်ကျ ဆင်းရဲနွမ်းပါးလွန်းတဲ့ ရွာလေးတွေမှာ ရေဘေး မီးဘေး အငတ်ဘေး၊ လယ်သိမ်း မြေသိမ်း အင်းသိမ်း ရွာသိမ်း အစစအရာရာ အပင်ပန်းခံပြီး ကူညီဖြေရှင်းပေးခဲ့သူတစ်ယောက် ဆိုတာ ကျနော်တို့လည်း သိခဲ့ပါတယ် (ပန်းတနော်မှာ ရဲတွေကို ဒေသခံတွေက ဓါးနဲ့ပြန်ခုတ်ဖြစ်အောင် မြှောက်ပင့်မီးမွှေးပေးခဲ့တာလေးတစ်ခုကလွဲရင်ပေါ့) ..

ပန်းတနော်ကစပြီး ဧရာဝတီတိုင်းရဲ့မြို့ရွာအနှံ့အပြား၊ ရန်ကုန်တိုင်းအတွင်းက ပြဿနာပေါင်းစုံ(ရေဘေး
မီးဘေး အငတ်ဘေး၊ လယ်သိမ်း မြေသိမ်း)ကို လိုက်လံကူညီဖြေရှင်းပေးရင်း သမီးလေးကျေးရွာ
ထိရောက်ခဲ့တယ် .. သမီးလေးကျေးရွာကမှတစ်ဆင့် - ကလို့ထူးဘောနယ်မြေထဲက ကျောက်ခက်ကျေးရွာ - ကျောက်ခက်ကမှတစ်ဆင့် ဆုံဆည်းမြိုင်ထိတောင် ခြေဆန့်ပြီး ပရဟိတလုပ်နေတဲ့သူဆိုတာ အားလုံးလည်းသိမှာပါ ..

အဲ့ဒီ့လို လူမျိုးဘာသာမခွဲခြားပဲ ပရဟိတလုပ်နေတဲ့သူတစ်ယောက်က မိတ္ထီလာဒုက္ခသည်စခန်း၊ ရခိုင်ပြည်နယ်အတွင်းက ရခိုင်ဒုက္ခသည်စခန်းတို့လိုနေရာတွေကျတော့ဘာဖြစ်လို့ တစ်ကြိမ်မှခြေဦး
မလှည့်ခဲ့တာလဲဆိုတာ စဉ်းစားလို့မရလို့ပါ .. ဆုံဆည်းမြိုင်လို ယိုးဒယား - မြန်မာနယ်စပ်
တောတောင်ကြီးထဲတောင် ရောက်ခဲ့သူက မိတ္ထီလာဒုက္ခသည်စခန်းကိုသွားရမှာ အရမ်းခက်ခဲလို့လား .. လိုင်ဇာထိတောင်လမ်းလျှောက်ခဲ့တဲ့(အကူလိုက်လာတဲ့ကားပေါ်မကြာခဏတက်စီးယုံလေးကလွဲပြီး)
သူကရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေကို သွားရောက်ကူညီရမှာ အရမ်းခက်ခဲနေလို့လား ..

ရခိုင်ပြည်ကိုသွားရမှာ အရမ်းခက်ခဲနေလို့ဆိုရင်လည်း သံတွဲအရေးအခင်းဖြစ်ပြီးနောက်ပိုင်း ငပလီမှာလာရောက်အပန်းဖြေသွားစဉ်တုန်းက သံတွဲမြို့ရဲ့ ငလျင်တောင်ဒုက္ခသည်စခန်းတို့ ဘာတို့ကို ဒုက္ခသည်စခန်းရှိမှန်းမသိလို့ မသွားမိလိုက်တာလား ..ဒါမှမဟုတ် ဘိုဂျီးဟောင်းတို့ရဲ့ ပြည်သူ့
အကျိုးပြုပရဟိတအဖွဲ့ကြီးရဲ့လမ်းစဉ်တွေထဲမှာ "အစ္စလာမ်ဘာသာဝင်တွေနဲ့ပဋိပက္ခဖြစ်ပွားသူ မည်သည့်တိုင်းရင်းသားကိုမျှမကူညီရ" ဆိုတဲ့ မူဝါဒများ ချမှတ်ထားလို့လား ..

စဉ်းစားရင်း ခေါင်းတွေရှုပ်လာလို့ ဆေးလိပ်တစ်လိပ်သောက်ပြီး နားပါပြီ ..


From: ကျော်ထိုက်

www.mmdailystar.com

သူရဲကောင်းတို့မြန်မာပြည် အပိုင်း (၂)


ရဲနောင်တို့တပ်ရင်း ဆေးတပ်စု၏ တာဝန်ကား ဒဏ်ရာရ စစ်သည်များအား ရှေးဦး ပြုစုကုသခြင်း (Primary Care) ပေးရန်နှင့် လိုအပ်သလို ဆက်လက်လွှဲပြောင်းခြင်း (Transfer) ဆောင်ရွက်ရန်ဖြစ်ပြီး အားလပ်သည့် အချိန်များတွင်လည်း အနီးပတ်ဝန်းကျင်ရှိ ဒေသခံများ၏ ကျန်းမာရေးကို တတ်စွမ်းသရွေ့ စောင့်ရှောက်ပေးလျက်ရှိပါသည်။

ရုတ်တရက်ပင် ရဲနောင်အား တိုက်ပွဲဝင်နေသည့် တပ်ခွဲ (၂) နေရာသို့ လာရောက်ရန် စက်မှ လှမ်းပြောသံကို ကြားလိုက်ရ၏။ သူလည်း တွေဝေ တုံ့ဆိုင်းမနေတော့ဘဲ ကျည်ကာ ခမောက် (Ballistic Helmet) ကိုဆောင်း ကျည်ကာ အင်္ကျီ (Kevlar Vest)ကို ကောက်စွပ်ကာ ချက်ခြင်းထွက်လာခဲ့တော့သည်။ (သာမန်အားဖြင့် သူ့အနေဖြင့် ခွဲစိတ်ရန် အသင့်ပြင်ထားသောကြောင့် ကျည်ကာကို ဝတ်ဆင်ထားလေ့မရှိပါ။) တပည့်ကျော် တပ်သားလေး ဇင်မင်း Zinmin Psuက အရေးပေါ်ဆေးအိပ်ကြီးကို မနိုင့်တနိုင်လွယ်ပြီး သူနှင့်ထပ်ချပ်မကွာကပ်လျက်။ ဇင်မင်းကား စိတ်ချရသည်။ ဆေးအိပ်အတွင်းတွင်တော့ မော်ဖင်းထိုးဆေးများ၊ ချုပ်ကြိုးများ၊ ကပ်ကြေးများ၊ ပတ်တီးများနှင့် အခြား အရေးပေါ်သုံး ဆေးဝါး အစုံအလင်ထည့်လာခဲ့သည်။ ဆရာကြီး နန္ဒကိုတော့ တပ်ရင်းဆေးခန်းကို စောင့်နေရန်မှာခဲ့ရသေးသည်။

ခွဲ (၂) ရင်ဆိုင်ထားရာရောက်တော့ တပ်ခွဲမှူး ဗိုလ်မှူး မိုးမြင့် Ko Moe Myintကို ဒဏ်ရာဖြင့် တွေ့လိုက်ရသည်။ တပ်ခွဲမှူးကား မြန်မာလူမျိုးများတွင် ရှားရှားပါးပါးဖြစ်သော အရပ် (၆)ပေလောက်ကို ပိုင်ဆိုင်ထားသည်။ ဗိုလ်မှူးက ဒဏ်ရာရထားသော ပေါင်ကို ဖိထားလျက် မြေကြီးပေါ်တွင်ထိုင်နေသည်။ သွေးထွက်များနေသော်လည်း သတိတော့ မလစ်သေး။ ငြီးငြူခြင်းလည်းမရှိဘဲ အံကိုသာကြိတ်နေလေသည်။
ရဲနောင်လည်း မော်ဖင်းတစ်လုံးကို အလျင်အမြန်ပင်ထိုး၊ Drip line တင်လိုက်ပြီးနောက် တပ်ရင်းဆေးခန်းသို့ ထမ်းစင်ဖြင့် သယ်လာတော့သည်။ တပ်ရင်းဆေးခန်း ရွက်ဖျင်တဲအတွင်းသို့ ရောက်လျင်ရောက်ခြင်းပင် ကိုမိုးမြင့်က
“ဆရာဝန်လေး ကျွန်တော့်ပေါင်ထဲက ကျည်ဆံကို အခုဘဲခွဲထုတ်ပေးပါဗျာ” တဲ့။
ရဲနောင် တစ်ယောက် အတော် စဉ်းစားသွားရပါပြီ။

အမှန်တော့ သူစီစဉ်ထားတာက မော်ဖင်းထိုး၊ Drip line တင်၊ ပေါက်နေသောသွေးကြောကို ရှာပြီးချည်။ လူနာ အခြေအနေ Stable ဖြစ်သည်နှင့် ရဟတ်ယာဉ်ခေါ်ကာ နောက်ပိုင်း တပ်မဌာနချုပ်ရှိ စစ်မြေပြင်ဆေးရုံသို့ပို့ရန်ဖြစ်သည်။ အဲဒီမှာက ရွေ့လျားခွဲစိတ်ခန်းများ (Mobile Therater)၊ ခွဲစိတ် ပါရဂူများနှင့် ဆေးဝါးအစုံအလင်လည်းရှိသည်။ သို့သော် ထိုးစစ်စတင်သော ထိုနေ့က ရာသီဥတုက လုံးဝမကောင်း။ အနီးကပ်လေကြောင်း ပစ်ကူ (Closed Air Support) ပင်ပေးနိုင်မည် မဟုတ်ကြောင်း Mil Mi – 28N အုပ်မှူး ဒုတိယဗိုလ်မှူးကြီးစကိုင်း Sky Hunterကိုယ်တိုင် ပူးတွဲစစ်ဆင်ရေး (JOC) အစည်းအဝေးတွင် ပြောထားသည်။ ထို့ကြောင့် ကိုမိုးမြင့်ကို ရဟတ်ယာဉ်ဖြင့် ရွေ့ထုတ်ဖို့ဆိုတာတော့ ဒီနေ့ ဘယ်လိုမှ မဖြစ်နိုင်။

အလုပ်သင်ဆရာဝန် ဘဝက အထက်ပါကဲ့သို့သော ဒဏ်ရာများအား ကြီးကြီးမားမား ခွဲစိတ်ခြင်းများ (Major Operation) တွင် အကူ (Assistant) လုပ်ဘူးသော်လည်း ယခုအချိန်တွင်တော့ ကျောင်းဆင်းစ ဆရာဝန်ပေါက်စ တစ်ယောက် အဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိသလို ခံစားနေရသည်။ နောက်တစ်ချက်က လူနာက မော်ဖင်းထိုးထားသော်လည်း သတိကောင်းကောင်း (Fully conscious) ရနေသည်။ ပတ်ဝန်းကျင်တွင်လည်း လက်နက်ကြီး ကျည်များက ကျနေသည်။ ဒဏ်ရာအား ခွဲစိတ်ရန် သင့်လျော်သော် အခြေအနေမဟုတ်။ ဒါ့အပြင် ဒုမှူးကြီး ဘီလူး နန်းလီ အသည်းကွဲနေသည်က တိုက်ပွဲအား ကွပ်ကဲနေရင်းမှ သူ့တပ်ခွဲမှူး အခြေအနေကို မကြာခဏ စက်မှ မေးနေသေးသည်။ ရဲနောင် တော်တော် ဦးနှောက်စားသွားသည်။

သူ့အနေဖြင့် Senior တစ်ယောက်ယောက်ထံမှ အကြံဥာဏ် (Second Opinion) ရယူရန်ဆုံးဖြတ်လိုက်သည်။ တပ်မဆေးမှူး ဗိုလ်မှူး ထက်အောင်Htet Aungထံ စက်ဖြင့် အဆက်အသွယ်ရယူလိုက်သည်။ ကိုထက်အောင်ကား ရုရှားပြန် ခွဲစိတ်ပါရဂူဖြစ်ပြီး လက်ရှိတပ်မသို့ မကြာသေးမီကမှ ပြောင်းရွှေ့ရောက်ရှိလာသူဖြစ်သည်။
သူက “ အကိုကြီး ကျွန်တော့်ဆီက ကိုမိုးမြင့်တော့ ပေါင်မှာထိထားတယ်။ ကျည်ဆံကလည်း ရှိနေတယ်။ ပေါက်နေတဲ့ သွေးကြောကလည်း ရှာမရဘူးအကိုရာ”ဟု စိတ်ဓာတ်ကျသည့်လေသံဖြင့် ပြောလိုက်ရာ
ကိုထက်အောင်က “ညီလေး စိတ်တွေ သိပ်ပြီးတော့ မလှုပ်ရှားနဲ့ကွ။ Medivac ကတော့ ဒီနေ့လုပ်နိုင်မယ်မထင်ဘူး။ မင်းအရွယ်တုန်းက ငါလည်း ဒီလိုဘဲ သိပ်ပြီးပြာတတ်တာကွ။ စိတ်ကို တည်တည်ငြိမ်ငြိမ်ထား။ လုပ်ရမယ့် အလုပ်တွေကို တဆင့်ခြင်းလုပ်သွား။ မင်းလုပ်နိုင်ပါတယ်ကွာ။ DSMA ဆင်းပါကွ။ You can do it.” ဟု အားပေးစကားပြောရာ သူလည်း ယုံကြည်မှု ပြန်လည်ရရှိကာ အားတက်သွားပါတော့သည်။

အဲဒီနောက်တော့ ခွဲစိတ်ဖို့ ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပြီးနောက် ခွဲစိတ်ခန်းသုံးဓားကို ကိုင်ကာ စတင်လုပ်ဆောင်ပါတော့သည်။ အစတော့ ဓားကိုင်ထားသော သူ့လက်တွေ တုန်ရီနေသေးသည်။ ဘေးမှ သူ့ကိုကူပေးနေသော ဆရာကြီး နန္ဒကလည်း သူ့ကိုအားပေးသည်။ ဆရာကြီး နန္ဒ Nanda Htun Htetကား စစ်မြေပြင်အတွေ့အကြုံများသူဖြစ်သည်။
ကိုမိုးမြင့် ကိုယ်တိုင်ကလည်း နာကျင်နေမှုကို ခံစားနေရလင့်ကစား “ ဆရာဝန်လေး မင်းလုပ်နိုင်ပါတယ်ကွာ။ You can do it.” ဟုပင် သူ့ကိုပြန်ပြီး အားပေးနေပါသည်။
သူလည်း စိုးရိမ်စိတ်တွေ ဘေးဖယ်၊ ကြောက်ရွံ့စိတ်ကိုဖျောက်ပြီး အားတင်းကာ ခွဲစိတ်ခြင်းကို ဆောင်ရွက်ခဲ့ရပါတော့သည်။ ခွဲစိတ်နေစဉ် တလျှောက်လုံးမှာပင် ကိုမိုးမြင့်က အားပေးနေခဲ့ပါသည်။ ပေါက်နေသည့်သွေးကြောကိုရှာပြီးချည်၊ ကျည်ဖူးကို ထုတ်ပြီးတော့မှ သူ့မှာ သက်ပြင်းချနိုင်ပါတော့သည်။ လူနာအား လိုအပ်သော Anitbiotics များနှင့် အကြောဆေးများအားလည်း သွင်းပေးပြီးနောက် စိတ်ချရသလောက်ဖြစ်သွားပါပြီ။

နောက်တစ်နေ့နံနက်တွင်ရာသီ ဥတု အခြေနေကောင်းသွားပြီဖြစ်၍ Mil Mi – 28N နှစ်စီးက တိုက်ခိုက်ရေးတပ်များအား လေကြောင်းပစ်ကူပေးပါတော့သည်။ အပြန်တွင် အုပ်မှူး ဒုမှူးကြီး စကိုင်း ကိုယ်တိုင် ဆင်းချလာပြီး ကိုမိုးမြင့်အား နောက်တန်း စစ်မြေပြင်ဆေးရုံသို့ သယ်သွားပါတော့သည်။

တစ်ပတ်ခန့် အကြာမှာ တော့ စိတ်ဓာတ်ခိုင်မာ ပြင်းထန်လှသော စစ်သားကြီး ကိုမိုးမြင့်အား စစ်မြေပြင်တွင် ပြန်လည်မြင်တွေ့နေရပြီ ဖြစ်ပါသည်။ သူ့ အပြောကတော့ ဆေးရုံကနေ မရမက တောင်းဆင်းလာသည်တဲ့။

ရဲနောင် အနေဖြင့် တပ်မတော်ထဲ မဝင်ခင်က စစ်သားတို့၏ စွမ်းရည်သတ္တိများနှင့် ပတ်သက်သော အကြောင်းအရာများကို အိပ်ရာဝင်ပုံပြင်အဖြစ်သာ ကြားဘူးထားပါသည်။ သို့သော် ယခု အချိန်တွင်တော့ ကိုယ်တိုင် မျက်ဝါးထင်ထင်မြင်တွေ့ရရုံမျှမက ကိုယ်တိုင်ပါဝင်နေရသည်မှာလည်း ဂုဏ်ယူဖွယ်ရာပင်ဖြစ်ပါသည်။ ဆေးမှူး ဗိုလ်ရဲနောင်အတွက် အရေးကြီးသည့် သင်ခန်းစာတစ်ခုကို ရလိုက်သည်မှာတော့

“YOU CAN DO IT”

လေးစားစွာဖြင့်
ရဲနောင်လတ်
(၂၅/၉/၂၀၁၅) (၂၀၀၀)နာရီ

(ဝန်ခံချက်။ Indian Army Medical Corps မှ ex-Capt. A.K Mandal ၏ Courage under Fire and under the Knife အား ကျောရိုးယူပြီး အနာဂတ်တွင်ကြုံတွေ့နိုင်သည့် အခြင်းအရာများနှင့် ဆက်စပ်ကာ မြန်မာမှုပြုထားပါသည်။ ခင်မင်ရသော မိတ်ဆွေများ၏ အမည်များအား အသုံးပြုထားခြင်းအား နားလည်ပေးစေချင်ပါသည်။)



အပိုင်း ( ၁ ) အားဒီနေမှာ ဖတ်နိုင်ပါတယ်..

www.mmdailystar.com

ဗြိတိန်တွင် ဆယ်ကျော်သက်မိန်းကလေးများအား ဆွဲသွင်းခဲ့သော ပြည့်တန်ဆာဂိုဏ်းကိစ္စနှင့် ပတ်သက်၍ ဆိုမာလီ ၁၃ ဦး၌ အပြစ်ရှိကြောင်း တွေ့ရှိ



နိုဝင်ဘာ ၂၇၊ ၂၀၁၄

ဆယ်ကျော်သက်မိန်းကလေးများအား အလွဲသုံးစားပြုလုပ်၊ မုဒိမ်းကျင့်ကာ ပြည့်တန်ဆာဇာတ်သွင်းကာ
ပြည့်တန်ဆာဂိုဏ်းထောင်လုပ်စားသူ ၁၃ ဦး၌ အပြစ်ရှိကြောင်း တရာရုံးမှ ဆုံးဖြတ်လိုက်သည်။


ဘရစ်စတိုးမြို့တွင် မိန်းကလေးများမှာ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားအလုပ်ခံကြရပြီး ထိုသူများ၏ မိတ်ဆွေများအား ငွေကြေးအလို့ငှာ အလိုဖြည့်ပေးရသည်။

တရားရုံးကြားနာချက်အရ များစွာသောမိန်းကလေးများ ပြုကျင့်ခံနေရသည်မှာ ထိုသို့ပြုကျင့်ခံရမှုသည် မိန်းကလေးများမှ ထိုသူများကို ဖြည့်ဆည်းပေးရမည့် ဝတ္တရားတစ်ရပ်အဖြစ် မြင်လာ
သည့်တိုင်အောင်ဖြစ်သည်။

ဂိုဏ်းဝင်အားလုံးမှာ ဆိုမာလီဇာတိများဖြစ်ကြပြီး အမှုပေါင်း ၄၀ ကျော်အား တရားရင်ဆိုင်နေရပြီး အများစုမှာ ပြီးခဲ့သည် ၂၀၁၂ ခုနှစ် နွေးဦးရာသီ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် အသက် ၁၃ နှစ် နှင့် ၁၇ နှစ်ကြား မိန်းကလေး ၁၀ ယောက်လည်း ပါဝင်သည်။

၇ ဦးကို ဘရစ်စတိုးခရောင်း တရားရုံးက အပြစ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့ကာ ကျန် ၆ ဦးမှာ မေလအတွင်းကတည်းက ဆုံးဖြတ်ခဲ့ပြီး ဖြစ်သည်။

မိန်းကလေးအများစုမှာ သူမတို့ ချစ်သူများ(boyfriends)၏ သူငယ်ချင်းများကို လိင်ပိုင်းဆိုင်ရာ ပြုစုပေးရခြင်း ဖြစ်ပြီး ယင်းသို့ပြုပေးခြင်းသည် ဆိုမာလီ ဓလေ့ယဉ်ကျေးမှုဖြစ်သည်ဟု ထိုသူများက မိန်းကလေးများအား လှည့်ဖျားသိမ်းသွင်းခဲ့ခြင်း ဖြစ်သည်။

မိန်းကလေးများမှာ မတတ်သာသော အခြေအနေများအရ လိုက်လျောခဲ့ရကာ ထိုသို့သူမတို့ထက် အသက်အရွယ်ကြီးလှသော သူများအား လိင်ကိစ္စဖြည့်ဆည်းပေးမှုအတွက် အခကြေးငွေအဖြစ် ပေါင် ၃၀ မပြည့်တပြည့်၊ အရက်နှင့် မူးယစ်ဆေးဝါးအချို့ ရရှိကြသည်။

တရားရုံးသို့ သက်သေထွက်ချက်တစ်ခု၌ တစ်ည၌ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို လူ ၃ ဦးမှ လေးကြိမ်တိုင် မုဒိမ်းကျင့်ပြီး ထိုသို့ကျင့်သူများထဲမှ တစ်ဦးက မိန်းကလေးကို အခြားမြို့တစ်ခုသို့ ခေါ်ဆောင်ကာ ဟိုတယ်တစ်ခု၌ ရောင်းစားခဲ့သည်။

ပထမ တရားစီရင်မှု၌ - လီဘန် အဗ္ဗဒီ (၂၁ နှစ်)၊ မူစတာဖာ ဖာရာ(၂၁ နှစ်)၊ အာရာဖာ အော့စမန်(၂၀)၊ အက်ဒလေ အိုစမန်(၂၂ နှစ်)၊ အဗ္ဗဒူလာ အေဒင်(၂၀ နှစ်)၊ ဆာအစ် ဇာကီရာ(၂၂ နှစ်)၊ မူစတာဖာ ဒီယာရာတို့ကို ကလေးငယ်များအား လိင်အလွဲသုံးစားပြုခြင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများဖြင့် ထောင်ဒဏ် ၁၈ လမှ ၁၃ နှစ်အထိ အသီးသီးချမှတ်ခဲ့သည်။

ဒုတိယ တရားစီရင်မှု၌ အခြားဆိုမာလီအုပ်စုတစ်ခုကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းအုပ်စု၌လည်း "ပစ်မှတ်" ဟု အမည်ပြောင်ပေးထားသော ဇာကီရာ ပြန်လည်ပါဝင်လာပြီး ၎င်းကို မိန်းကလေးငယ်များအား လိင်မှုမတော်မတရားပြုခြင်းနှင့် လိင်မှုဆိုင်ရာ အလွဲသုံးစားပြုခြင်းများအတွက် တရားစီရင်ခဲ့သည်။

မိုဟာမက် ဂျူမာလေ(၂၄ နှစ်)၊ မိုဟာမက် ဒါဟ်ယာ (၂၂ နှစ်)၊ ဇာကီရာ၊ ဂျူဆပ် အဗ္ဗဒီ ဇီရတ် (၂၀)၊ အိုမာ ဂျူမာလေ (၂၀ နှစ်)၊ အဗ္ဗဒီရာရှစ် အဗ္ဗဒူလာဟီ (၂၁ နှစ်) နှင့် ဆာကာရီယာရှိတ် တို့အားလုံးကို ကလေးငယ်များအား လိင်အလွဲသုံးစားပြုမှုစွဲချက်များအားလုံး၌ အပြစ်ရှိသည်ဟု ဆုံးဖြတ်ခဲ့သည်။

တရားသူကြီး ဂျူလီယန် လမ်ဘတ်မှ တရားခံ ၇ ယောက်ကို မိန်းကလေး ၄ ယောက်အပေါ် ပြုမူသော စွဲချက် ၂၀ အတွက် သောကြာနေ့တွင် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။
 
 
From:မျိုးမင်းသန့်

www.mmdailystar.com

သူရဲကောင်းတို့မြန်မာပြည် အပိုင်း (၁)




“မင်းလုပ်နိုင်တယ်။ မင်းလုပ်နိုင်မယ်ဆိုတာ သိတယ်။ မစိုးရိမ်နဲ့။ ဆက်သာလုပ်။ မင်းလုပ်နိုင်တယ်”

တိုက်ပွဲတွင် ဒဏ်ရာရလာသော စစ်သည်ထံမှ ကျည်ဖူးကို ခက်ခက်ခဲခဲ ထုတ်နေရင်း သူ့ရဲ့ နားမှာ ဒီစကားတွေကို ကြားယောင်လာသည်။


အချိန်ကား သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်၊ မြန်မာပြည် အနောက်ပိုင်းတွင် အစွန်းရောက်သောင်းကျန်းသူများက ပြည်ပနိုင်ငံတစ်နိုင်ငံ၏ အထောက်အပံ့ကိုရယူကာ အင်အားကြီးမားစွာစုဖွဲ့ပြီး မိမိတပ်မတော်၏ နယ်စပ် မဆုတ်တမ်းခံစစ်များကို ထိုးစစ်ဆင်တိုက်ခိုက်လာ၏။ အဆိုပါနိုင်ငံမှ အမြောက်ပစ်ကူများ ပေးလာနိုင်ကြောင်း သတင်းများလည်းရနေသည်။

အသက် (၂၅)နှစ် အရွယ် တပ်မတော် ဆေးတက္ကသိုလ်မှ ကျောင်းဆင်းစ ဗိုလ်ရဲနောင်တစ်ယောက် ထိုနယ်စပ်တွင် စစ်ဆင်ရေးဝင်နေသော အမှတ် (-) ယန္တရားတင် ခြေလျင်တပ်ရင်း၏ တပ်ရင်းဆေးမှူး အဖြစ် တာဝန်ချထားခြင်းခံရသည်။ တပ်ရင်းမှူးကား ဒုတိယဗိုလ်မှူးကြီး ဘီလူး (နန်းလီ အသည်းကွဲနေသည်) ဖြစ်သည်။ တပ်ရင်းမှူးတွင် နာမည် အရင်းရှိသော်လည်း ရန်သူကိုတိုက်ခိုက်ရာတွင် စစ်ဦးဘီလူးကဲ့သို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်သောကြောင့် သူ့စစ်သည်များက ချစ်စနိုး မှည့်ခေါ်ထားခြင်းဖြစ်သည်။ သူ့ကြောင့် တပ်ရင်းမှာ သူတို့ အမှတ် (-) ယန္တရားတင် ခြေလျင်တပ်မတွင် နာမည်ရနေသည်။

သူတို့တပ်ရင်း၏တာဝန်ကား ခံစစ်ကုန်းများအား ဝိုင်းရံတိုက်ခိုက်နေသော သောင်းကျန်းသူများကို ပြန်လည် ထိုးစစ်ဆင်ရန်ဖြစ်၏။ သူတို့တပ်ရင်းအား သံချပ်ကာတိုက်ခိုက်ရေး ယာဉ်များဖြင့် လျှင်မြန်စွာ လှုပ်ရှား စစ်ဆင်နိုင်ရန် ဖွဲ့စည်းလေ့ကျင့်ထားခြင်းဖြစ်သော်လည်း ယခုသော် မြေပြင်အခြေအနေအရ ခြေလျင်ဆင်း၍တိုက်ခိုက်နေရလေသည်။

စစ်ဆင်ရေး၏ အမည်ကား အနောက်ပိုင်းနယ်မြေ ကာကွယ်ရေးဒိုင်း (Operation Western Protective Shield)

ရဲနောင်တို့ ဆေးတပ်စုလေးမှာ ရှေ့တန်းတပ်ရင်းဌာနချုပ်နေရာတွင် စခန်းချထားသော်လည်း ရန်သူ့လက်နက်ကြီးကျည်များ အကြိမ်ပေါင်းများစွာ ကျနေသောကြောင့် အန္တရာယ်ကင်းလှသည်တော့မဟုတ်။

သူတို့တပ်ရင်းထိုးစစ်ဆင်သောထိုနေ့……

ရဲနောင်တစ်ယောက် မနက်စောစော ဆေးတပ်စု ရွက်ဖျင်တဲတွင်း အသင့်အနေ အထားဖြင့် စောင့်နေသည်။ သူတို့ ဆေးတပ်စု၏ သံချပ်ကာ သူနာသယ်ယာဉ်ကလည်း စက်နှိုးပြီး အသင့်။ သူနာတင်ယာဉ်မှာ အဆင့်မြင့်တင်ထားသော BTR – 3UM3 (M = Myanmar, 3 = Ambulance) ဖြစ်သည်။ ထို့အပြင် တပ်ရင်းဌာနချုပ်တွင် အုပ်ချုပ်ထောက်ပံ့မူများဆောင်ရွက်ရန်နှင့် လေကြောင်းမှ လူနာရွေ့ထုတ်ခြင်း (Medical Evacuation –MEDIVAC) ပြုလုပ်ရန် ရဟတ်ယာဉ်ဆင်းကွင်း (Helipad) လည်း အဆင်သင့်။ သူ့အနီးတွင် သူ၏အားကိုးရသော ဆေးတပ်ကြပ်ကြီး နန္ဓ (Nanda Htun Htet)ကလည်း တက်တက်ကြွကြွ။

အပိုင်း (၂) အား ယနေ့ည ဆက်လက်ဖော်ပြပါမည်။


ရဲနောင်လတ်


(ဝန်ခံချက်။ Indian Army Medical Corps မှ ex-Capt. A.K Mandal ၏ Courage under Fire and under the Knife အား ကျောရိုးယူပြီး အနာဂတ်တွင်ကြုံတွေ့နိုင်သည့် အခြင်းအရာများနှင့် ဆက်စပ်ကာ မြန်မာမှုပြုထားပါသည်။ ခင်မင်ရသော မိတ်ဆွေများ၏ အမည်များအား အသုံးပြုထားခြင်းအား နားလည်ပေးစေချင်ပါသည်။)


www.mmdailystar.com

နိုင်ဂျီးရီးယား ဗလီတစ်ခု တိုက်ခိုက်ခံရမှုအတွင်း လူပေါင်း(၁၀၀)ကျော် သေဆုံး

နိုင်ဂျီးရီးယား နိုင်ငံရှိ ဗလီတစ်ခုတွင် ဗုံးဖောက်ခွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားပြီး လူပေါင်း(၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ဂျီးရီးယား မြောက်ပိုင်းရှိ ကာနိုမြို့တွင် နိုဝင်ဘာ (၂၈)ရက်က ဖြစ်ပွားသော အကြမ်းဖက် တိုက်ခိုက်မှုအတွင်း လူပေါင်းများစွာ သေဆုံးခဲ့သလို နောက်ထပ် အသေအပျောက် ပမာဏ မြင့်တက်လာနိုင်ဆဲဟု ဆေးရုံမှ သူနာပြု တစ်ဦးက ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားတွင် ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာဝင်များကြား ပဋိပက္ခများ ဖြစ်ပွားခဲ့ဖူးပြီး အစွန်းရောက် အစ္စလာမ်မစ် ပြောက်ကျားအဖွဲ့ ဘိုကိုဟာရမ်တို့သည် ယခင်က ဗုံးခွဲမှု၊ ပစ်ခတ်မှု အစရှိသည့် အကြမ်းဖက်မှုများကို ပြုလုပ်ခဲ့ဖူးသည်။ သို့သော်လည်း ဝတ်ပြုသူများ စည်ကားနေစဉ် ဗလီကို တိုက်ခိုက်ခဲ့သည့် လုပ်ရပ်နှင့် ပတ်သက်ပြီးမူ မည်သည့် အဖွဲ့အစည်းကမျှ မိမိတို့၏ လက်ချက်ဟု ထုတ်ဖော် ကြေညာမှု မရှိသေးချေ။
“ကျွန်တော်တို့ ရေတွက်ပြီးတဲ့ အလောင်းအရေအတွက် (၁၀၉)ခု ရှိနေတယ်။ အဲဒါက မူတာလာ ဆေးရုံတစ်ခုတည်းက အရေအတွက်ကို ပြောတာပါ။ နာဆာရာဝါနဲ့ ဘမ်မယ်လီ ဆေးရုံတွေမှာ အခြေအနေ ဘယ်လိုလဲ မသိဘူး”ဟု မူတာလာ ဆေးရုံမှ သူနာပြု အီဘရာဟင်မ် ရှီဟူက ပြောကြားခဲ့သည်။
ကာနိုမြို့လယ်ရှိ ဗလီကြီးတွင် ပေါက်ကွဲမှု နှစ်ခုဖြစ်ပွားပြီး တတိယ ပေါက်ကွဲမှုက ဝတ်ပြုသူများ အလယ်တွင် ဖြစ်ပွားခဲ့ခြင်းဟု မျက်မြင်တစ်ဦးဖြစ်သည့် ဆာမီနူဟာဆန်က ဆိုသည်။ “ကျွန်တော်တို့ အလောင်းတွေကို ဖယ်ရှားရင်း ဒဏ်ရာရတဲ့သူတွေ တွေ့တဲ့အခါ သုံးဘီးဆိုင်ကယ်တွေ၊ ဘတ်စ်ကားတွေပေါ် တင်ပြီးတော့ ဆေးရုံပို့ရတယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ထို့အပြင် သေနတ်သမား အချို့ကလည်း ဝတ်ပြုသူများကို ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ဒဏ်ရာရရှိသူ အရေအတွက်သည် (၄၀၀)ကျော်မျှ အနည်းဆုံးရှိကြောင်းလည်း သိရသည်။
အဘူဂျာခရိုင် အရေးပေါ် အခြေအနေ စီမံထိန်းချုပ်ရေး အေဂျင်စီမှ အီရှာယာ ချင်နိုကိုက မိမိတို့ အနေဖြင့် အသေအပျောက် အရေအတွက်ကို အတိအကျ မထုတ်ပြန်နိုင်သေးကြောင်း ဝန်ခံသည်။ “လောလောဆယ်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေဆဲပါ။ ဒီလောက်ပဲ ပြောနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။
ခရစ်ယာန် ဘာသာဝင် တစ်ဦးဖြစ်သည့် နိုက်ဂျီးရီးယား သမ္မတ ဂွတ်လက်ခ် ဂျိုနသန်က အဆိုပါ တိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး ရာဇဝတ်မှု ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရန် ကြိုးစားသွားမည်ဟု ကတိပြုခဲ့သည်။
“နိုင်ဂျီးရီးယားဟာ တစ်စုတစ်စည်းတည်း ညီညွတ်နေဆဲပါ။ ပြီးတော့ အားလုံးမှာ တူညီတဲ့ ရန်သူရှိပါတယ်”ဟု ဘိုကိုဟာရမ် အဖွဲ့ကို ရည်ညွှန်းပြီး သမ္မတက မိန့်ခွန်းပြောခဲ့သည်။ ၎င်းက “အစိုးရ အနေနဲ့ ဒီလိုမျိုး အကြမ်းဖက်မှုမှာ ပါဝင်တဲ့သူတွေ၊ ကြိုးကိုင်စီမံတဲ့သူတွေ အားလုံးကို ကြိုးစားဖော်ထုတ်ပြီး ထိုက်တန်တဲ့ တရားစီရင်မှုမျိုး လုပ်ဆောင်နိုင်အောင် ကြိုးစားပါမယ်”ဟုလည်း ဆိုသည်။
ဗလီအတွင်း၌ အစ္စလာမ် တရားဟောဆရာက ဝတ်ပြုသူများကို နှုတ်ဆက် စကားပြောနေချိန်တွင် ဗုံးများပေါက်ကွဲပြီး သေနတ်သမားများက ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ ဖြစ်စဉ်အတွင်း အဆိုပါ သေနတ်သမားများအနက် အနည်းဆုံး သုံးဦး သေဆုံးခဲ့ကြောင်းလည်း မျက်မြင်များက ပြောကြားခဲ့သည်။
ဘိုကိုဟာရမ် တပ်ဖွဲ့ကို နိုင်ဂျီးရီးယား စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်နေသည့်နောက် ပြီးခဲ့သည့်နှစ်မှစတင်ကာ ၎င်းတို့က အရပ်ဘက်နှင့် ဘာသာရေး ပစ်မှတ်များကို ပိုမိုဦးတည် အကြမ်းဖက်လာခဲ့သည်။ ဘိုကိုဟာရမ် အဖွဲ့သည် နိုင်ဂျီးရီးယားကို အစ္စလာမ် ဘာသာရေး စည်းမျဉ်းများဖြင့် အုပ်ချုပ်ရန် လိုလားနေသလို အနောက်တိုင်း ဘာသာရေးကိုလည်း အကြမ်းဖက်သော နည်းလမ်းများဖြင့် ဆန့်ကျင်နေသည့် လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သည်။
_Ref: NY Daily
From:7day 

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...