Wednesday, 7 October 2015

ဝမ်ဟိုင်း အဖွဲ့ နှင့်တိုက်ပွဲများဖြစ်

ချင်းမိုင်၊ အောက်တိုဘာ ၇ ။           ။ ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA) ၏ တပ်မဟာ ၇၂ အခြေစိုက်ထားသည့် နယ်မြေအတွင်း အစိုးရ စစ်တပ်များ အောက်တိုဘာ ၆ ရက်က ထိုးစစ်ဆင်လာခဲ့ပြီး ယနေ့ အောက်တိုဘာ ၇ရက်တွင် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသည်ဟု SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
SSPP/SSA တပ်မဟာ ၇၂ ထိန်းချုပ်နယ်မြေ မိုင်ရှူးမြို့နယ် ဟိုင်းပါကျေးရွာအုပ်စု တာ့ဆမ်ပူးကျေးရွာအနီး တဝိုက်သို့ အစိုးရ စစ်တပ်၏ အရှေ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၁၇ နှင့် ၅၂၀ တပ် အင်အား ၃၀၀ ကျော် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ ၆ နာရီမှာ တကြိမ်၊ နောက် ၁၁ နာရီလောက်မှာ တကြိမ် တိုက်ပွဲ ဖြစ်နေသေးတယ်။ ဟိုက်းပါအုပ်စု တာဆမ်ပူးရွာအငယ်လေးပဲလေ။ အဲဒီမှာ ကတို့ဆိပ်ရှိတယ်။ အဲဒီတဝိုက်မှာ ဖြစ်တာ။ ကျနော်တို့ ရှိတဲ့ တောင်ကိုတက်လာတယ်။ ကျနော်တို့ရှိတဲ့ တောင်ကုန်းကို ဝိုင်းပတ်ပြီးတော့ တိုက်နေတယ်။ ခမရ ၁၁၇ နဲ့ ခမရ ၅၂၀ အင်အား ၃၀၀ ကျော်ပေါ့။ အခုက ၁၀၀ ထပ်ပို့သေးတယ်လို့ သိရတယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက ပြောသည်။
ရှမ်းမြောက်ပိုင်းတပ်မတော် (SSPP/SSA)သည် ရန်ကုန်မြို့တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ်မထိုးသေးရန် ဆုံးဖြတ်ထားသည့်အဖွဲ့ဖြစ်ပြီး လက်မှတ်ထိုးမည့်ရက် သတ်မှတ်ရက် အတွက် ဆွေးနွေးရန် အစိုးရက ဖိတ်ခေါ်သော်လည်း တက်ရောက်ခြင်း မရှိပေ။
“ဘကြောင့် တိုက်ပွဲ ပြန်ဖြစ်တယ်ဆိုတာ သေချာ ဃဃဏဏ မသိဘူး။ ကျနော်တို့သိတာက ၄ ရက်နေ့မှာ အန်စီအေ လက်မှတ်ထိုးဖို့ ဖိတ်တာ ကျနော်တို့မသွားဘူး။ ၅ ရက်နေ့မှာ သူတို့ စစ်တပ်ကနေ ဒီဖက်က ဆင်းခဲ့တယ်”ဟု ဒုဗိုလ်မှူးကြီး စိုင်းလက  ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားမှုနှင့် ပတ်သက်၍ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC)ထံ အောက်တိုဘာ ၆ ရက် စာဖြင့် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သူက ပြောသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂ ရက်မှ ၆ ရက်ထိ SSPP/SSA ၏ တာဖာဆောင် ကူးတို့ဆိပ် တပ်စခန်းအနီး အစိုးရ စစ်တပ်ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်၍ သိမ်းယူခဲ့သည့် အချိန်လည်း ဖြစ်သည်။
၂၀၁၂ ခုနှစ်က အစိုးရနှင့် SSPP/SSA တို့အကြား ပဏာမ အပစ်အခတ် ရပ်စဲထားသော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
အလားတူ အောက်တိုဘာလ ၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြိုကနယ် ပန်စံကျေးရွာနှင့် ပန်ဖျက်ကျေးရွာအကြား တအာင်းတပ်မတော်(TNLA) တပ်ဖွဲ့နှင့် အစိုးရ၏ တပ်မ ၇၇ တပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA က သတင်းထုတ်ပြန်ထားသည်


www.mmdailystar.com

တိုက်ပွဲသတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်ရင်း (၃၄) ဒေသ မန်ဒပ်ရွာအနီး တွင်ယနေ့ (၇.၁၀.၂၀၁၅) ရက်နေ့ နံနက် (၇း၃၀)နာရီ အချိန်ခန့်တွင် ကေအိုင်အေတပ်ရင်း(၃၄) တပ် နှင့် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွား ကြောင်း သိရှိရပါသည်။

www.mmdailystar.com

ကေအိုင်အေတပ်ဖွဲ့ များ စစ်ပြင်သည့်အနေဖြင့် လူသစ်ကလေးငယ်များ ဖမ်းဆီး

မစ်ကြီးနားမြို့အတွင်း နေ့စဉ်ကလေးများပျောက်ဆုံးနေပြီး လူကုန်ကူးဂိုဏ်းတစ်ခုမှ ကထိုကလေးများကို တရုတ်ပြည်ထဲသို့ ရောင်းစားလျက်ရှိကြောင်း သတင်းရရှိထားကြောင်းနှင့် ကေအိုင်အေ တပ်ဖွဲ့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်နေကြောင်းသတင်းရရှိပါသည်။

မြစ်ကြီးနားသတင်း

www.mmdailystar.com

ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့မှာNLD ပါတီနဲ့မဘသတို့ဆိုင်းဘုတ်ကိစ္စအငြင်းပွား




ကော့သောင်းအနီးခမောက်ကြီးမြို့မှာ NLDပါတီကမဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်တစ်ခုကြောင့်စက်တင်ဘာ(၂၃)ရက်နေ့
တွင်ကော့သောင်းမြို့နယ်NLD ပါတီနာယက(ဗဟိုကော်မတီဝင်)နဲ့ကော့သောင်းခရိုင်မဘသဒုဥက္ကဌဆရာတော်တို့အချေ
အတင်စကားများပြီးပြသနာဖြစ်ပွားခဲ့ပါတယ်။ ;ဖြစ်ပုံကတော့ခမောက်ကြီးမြို့နယ်တောင်ပေါ်ကျောင်းတိလောကာရုံစာသင်တိုက်မှ
စက်တင်ဘာလအတွင်းဖွင့်လှစ်ခဲ့သောဓမ္မစကူးလ်သင်တန်းဖွင့်ပွဲ အတွက်သာသနာ့အလံ(၃)ခုနဲ့မြို့လယ်လမ်းဆုံမှာထောင်ထားတဲ့ဆိုင်းဘုတ်ရှိပါတယ်။
အဲဒိဆိုင်းဘုတ်နဲ့ကပ်ပြီးကော့သောင်း 
NLD ကမဲဆွယ်အကြီးကြီးတစ်ခုအပေါ်ကနေလာပြီးထောင်တဲ့အတွက်
ဘာသာရေးဆိုင်းဘုတ်အပေါ်နိုင်ငံရေးဆိုင်း ဘုတ်ကဖုံးဖိထားလို့မြို့ခံဗုဒ္ဒဘာသာဝင်တွေကမကျေမနပ်ဖြစ်ပြီး
တိလောကာရုံဆရာတော်ကိုတိုင်တန်းကြပါတယ်။ 

အထူးသဖြင့်ပုံမှာမြင်ရတဲ့အတိုင်းသာသနာ့အလံ(၃)ခုထောင်ထားတဲ့ဘာသာရေးလှုပ်ရှားမှုကို ခွပ်ဒေါင်းအလံတစ်ခုထောင်ထားတဲ့နိုင်ငံရေးလှုံ့ဆော်စာကအပေါ်ကနေရာယူထားတဲ့အတွက် အယူသီးတတ်တဲ့မြို့ခံဗုဒ္ဒဘာသာတွေကလက်မခံနိုင်ဖြစ်နေကြပါတယ်။ ပိုပြီးဆိုးတာကဘာသာရေးအလံပေါ်မှာလူပုဂိုလ်တွေကရောက်နေပြီးအမျိုးသမီးကြီးပုံက
ထိပ်ဆုံး ကဖြစ်နေလို့မြင်တွေ့ရတဲ့ဗုဒ္ဒဘာသာဝင်တိုင်းအတွက်တော့
စိတ်မသက်မသာဖြစ်ရပါတယ်။ အဲဒါကိုကော့သောင်းခရိုင်မဘသဒုဥက္ကဌဆရာတော်ကခမောက်ကြီးမြို့မှာ
 မဲလာဆွယ်တဲ့ကော့သောင်းမြို့နယ် NLD နယကပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးခင်ဇော်ကိုဆိုင်းဘုတ်နေရာပြောင်းပေးဖို့ မေတ္တာရပ်ခံပြောကြားခဲ့ပေမယ့် ဦးခင်ဇော်ကပါတီရဲ့မူဝါဒမှာနိုင်ငံရေးနဲ့ဘာသာရေးခွဲခြားထားပါတယ်။ 

ဘုန်းကြီးအလုပ်ဘုန်းကြီးလုပ်သလို၊နိုင်ငံရေးသမားနိုင်ငံရေးလုပ်တာဖြစ်ကြောင်း၊
ဆိုင်းဘုတ်ထောင်တဲ့နေရာနဲ့ ဆိုင်းဘုတ်ထောင်ခွင့်ကိုသက်ဆိုင်ရာစည်ပင်သာယာရဲ့ခွင့်ပြုချက်အရလုပ်တာဖြစ်ကြောင်းနဲ့ NLD ပါတီအနေနဲ့ဘာသာရေးကိုထိခိုက်အောင်လုပ်တာမဟုတ်လို့ဆိုင်းဘုတ်နေရာပြောင်းရန်မလိုဘူးလို့ ထင်ပါကြောင်းခပ်တင်းတင်းပဲဆရာတော်ကိုပြန်လျှောက်တင်ခဲ့ပါတယ်။
ဦးခင်ဇော်ရဲ့လျှောက်တင်ချက်ကြောင့်ဆရာတော်ကမကျေမနပ်ဖြစ်ပြီးကော့သောင်းခရိုင်ရွေးကောက်ပွဲကော်မရှင်သို့တိုင်ကြားမယ်လို့သိရပါတယ်။


 ဒီဖြစ်စဉ်မှာ-
   ခမောက်ကြီးကဗုဒ္ဒဘာသာဝင်တွေကဘာသာရေးအစွန်းရောက်ပြီးအယူသီးတာလား.
  
NLD ပါတီကယတြာချေပြီးမဘသရဲ့လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ဓမ္မစကူးလ်သင်တန်းများကိုအပေါ်စီး
ကနေဖိအုပ်နေရာယူတာလား..

    ပြည်သူထောက်ခံမှုအများစုရရှိထားပါတယ်ဆိုတဲ့ NLD ပါတီမူဝါဒအရမြို့နယ်၊ခရိုင်အဆင့် NLD ပါတီဝင်တွေကလက်တွေ့ကျကျအမျိုးဘာသာသာသနာကိုစော်ကားတဲ့လုပ်ရပ်တစ်ခုလား… စဉ်းစားသုံးသပ်ကြည့်ကြပါခင်ဗျား



Harkat-ul-Jihad-al-Islami စစ်သွေးကြွအဖွဲ့ ရခိုင်တွင်လှူပ်ရှားလျက်ရှိ

ပီးခဲ့တဲ့ တနင်္ဂနွေနေ့က အိန္ဒိယ-ပါကစ္စတန်နယ်စပ်က သီရိနာဂ မြို့နားက အွမ်တီပိုရာ ဆိုတဲ့ ရွာမှာ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်တဲ့ အလောင်း ၂ လောင်းတွေ့တယ်လို့ ဟန္ဒို တိုင်းမ် မှာ ဖတ်ရတယ်ဗျ။ အခု အဲဒီအလောင်း ၂ လောင်းက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ Harkat-ul-Jihad-al-Islami ဆိုတဲ့ စစ်သွေးကြွ အဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်နေတယ်လို့သိရတယ်။
ဘယ်လို ဘယ်လို …. Harkat-ul-Jihad-al-Islami စစ်သွေးကြွအဖွဲ့ ဆိုပါလား။ နာမည်ကို နှစ်ခါပြန်ဖတ်ယူရတယ်။
ကိုယ် ကိုယ်တိုင်အပါအဝင် လူအများစုသိထားတာက ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတဲ့ ဘင်္ဂါလီစစ်သွေးကြွအဖွဲ့ဆို RSO တစ်ဖွဲ့ဘဲ သိကြတာ။ RSO ဆိုတာကလည်း မိုးခေါင်တဲ့နှစ် စိုက်မိတဲ့ စပါးလို့ဘဲ ကြို့တို့ကျဲတဲမို့ ဖြစ်ဖြစ် မြောက်မြောက် မရှိဘူး။ (ပြည်တွင်းနေ ဘင်္ဂါလီအများစုက မထောက်ခံတာကြောင်းလည်း ပါချင်ပါမှာပေါ့)
အခု Harkat-ul-Jihad-al-Islami ဆိုတဲ့ အဖွဲ့ကို တစ်ခါမှမကြားမိခဲ့ဖူးတာ။
အဲဒါနဲ့ ဒီအဖွဲ့အကြောင်းကို နဲနဲရှာဖွေကြည့်လိုက်တော့ ထူထောင်သူက မူလန်နာ အဘ်ဒူ ကွက်ဒက်စ် (Maulana Abdul Quddus) လို့ခေါ်တဲ့ မြန်မာ မွတ်ဆလင် တစ်ယောက်ဖြစ်နေပါတယ်။ သူက ၁၉၈၀ ခုနှစ်များမှာ မြန်မာနိုင်ငံကနေ ပါကစ္စတန်နယ်ထဲကို ထွက်ပြေးခဲ့ပြီးတော့ ကရန်ချီမှာရှိတဲ့ ကိုရမ်ဂျီမှာ လှုပ်ရှားတယ်။ သူထောင်ထားတဲ့ ဒီအဖွဲ့က အယ်လ်ကိုင်ဒါရဲ့ တပ်မဟာ ၃၁၃ ကို ဦးဆောင်တဲ့ Ilyas Kashmiri ဆိုတဲ့ အယ်လ်ကိုင်ဒါ လက်ခွဲအဖွဲ့နဲ့လည်း နီးနီးကပ်ကပ် ပူးပေါင်းလှုပ်ရှားမှုတွေရှိတယ်လို့ သိရတယ်။
သေသွားတာက သူ့အဖွဲ့သား နှစ်ယောက် ဒီနှစ်ယောက် အိန္ဒိယ ပါကစ္စတန် နယ်စပ်ကို ရောက်လာကြတဲ့အကြောင်းအရင်းက ပါကစ္စတန် အခြေစိုက်ဖြစ်ပုံရတဲ့ Jaish-e-Muhammad (JeM) ဆိုတဲ့ စစ်သွေးကြွအဖွဲ့ကို လာပူးပေါင်းဖို့ ရလာတာလို့ သိရတယ်။

အဓိက ပြောချင်တာကတော့ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းတွေ သတိချပ်ကြဖို့ သံချောင်းခေါက်ချင်တာပါ။ ရခိုင်ပြည်ထဲက ဘင်္ဂါလီလက်နက်ကိုင်အဖွဲ့ဆို RSO တစ်ဖွဲ့ထဲ ရှိနေတာမဟုတ်ဘူးဆိုတာ သတိထားရမယ်။ အခု Harkat-ul-Jihad-al-Islami ဆိုတဲ့အဖွဲ့အပြင် နောက်ထပ် တခြားအဖွဲ့အစည်းတွေလည်း ရှိကောင်းရှိနိုင်တယ်။ သူတို့မှာလည်း အဆက်အသွယ်ကောင်း ကွန်ယက်ကောင်းတွေနဲ့ အချိတ်အဆက်တွေ ရှိနေနိုင်တယ်။ တွင်တွင်ကျယ်ကျယ် ကြီးကြီးမားမား လှုပ်ရှားမှုတွေ မလုပ်သေးတာဟာ ပြည်တွင်းနေ ဘာသာတူ ဘင်္ဂါလီတွေကိုထောက်နေလို့ ဖြစ်ကောင်းဖြစ်နိုင်သလို မိမိတို့ အတွေးနဲ့တောင် မတွေးကောင်းတဲ့ တခြားအကြောင်းပြချက်တစ်ခုခုကြောင့် လက်ရှိအချိန်မှာငြိမ်နေကြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘာဘဲဖြစ်ဖြစ် သတိချပ်ကြဖို့ တိုက်တွန်းနှိုင်းစော်ပါရစေ။
www.mmdailystar.com

အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး ပါတီ

ပြည်နယ်တိုင်းအသီးသီးတွင်
ပါတီဝင်ရန်ကိစ္စ
ကိုယ်စားလှယ်လောင်းကိစ္စ
စည်းရုံးရေးကိစ္စ အပါအဝင်
ပါတီနှင့်သက်ဆိုင်သော
ကိစ္စအဝဝ ဆောင်ရွက်နိုင်ရန်
အောက်ပါပုဂ္ဂိုလ်များနှင့်
ဆက်သွယ်ဆောင်ရွက်ပါရန်။
ရန်ကုန်တိုင်း ဦးမြတ်စိုး 09250102124
ပဲခူးတိုင်း ဦးမြင့်ဦး 09428151796
ဧရာဝတီတိုင်း ဦးကျော်သူရ 09422520220
မကွေးတိုင်း ဦးတင်ထွေး 09799758506
မန္တလေးတိုင်း ဦးဇော်ဇော်အောင် 092036035
စစ်ကိုင်းတိုင်း ဦးညွန့်လှိုင် 09795456286
တနင်္သာရီတိုင်း ဦးနေပိုင် 0973733737
ကယားပြည်နယ် ဦးဌေးကျော် 09795707287
ကရင်ပြည်နယ် ဦးသန်းထက်ဝင်း 09252538304
မွန်ပြည်နယ် ဦးစိုးပိုင် 09250224657
ကချင်ပြည်နယ် ဒေါ်ဦးကြီးဂျယ်ရာ 09250500250
ရှမ်းပြည်နယ် ဒေါ်နန်းဟွမ်နွမ်းခမ်း 09253234407


အမျိုးသားဖွံ့ ဖြိုးတိုးတက်ရေး ပါတီ


www.mmdailystar.com

ဦးဌေးဦး နှင့် အင်တာဗျူး


၂၀၁၀ အထွေထွေရွေးကောက်ပွဲ အနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရွေးကောက်ပွဲကာလမတိုင်မီ ပါတီတွင်းခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြင့် စောင့်ကြည်သူတို့ကို ဖမ်းစားနိုင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နှင့် နီးစပ်သောဥက္ကဋ္ဌ သူရဦးရွှေမန်း ရုတ်တရက်ဖယ်ရှားခံရပြီး သမ္မတဦးသိန်းစိန်က ဥက္ကဋ္ဌရာထူးကို ရွေးကောက်ပွဲနီးမှ ပြန်လည်ယူလိုက်ခြင်းဖြင့် ရွေးကောက်ပွဲအနိုင်ရရှိပါက ပြည်ခိုင်ဖြိုး တင်မြှောက်မည့် သမ္မတလောင်းကို  ခန့်မှန်းနေမှုများ အဆုံးသတ်စေခဲ့သည်။ ဦးသိန်းစိန် ရာထူးပြန်ယူခြင်းနှင့်အတူ ဒုသမ္မတနှစ်ဦးအပါအ၀င် တပ်မတော်ထိပ်တန်းအရာရှိကြီးများ၊၀န်ကြီး၊ ဒုဝန်ကြီးများပါ ရာထူးနုတ်ထွက်ပြီး ပြည်ခိုင်ဖြိုးကိုယ်စားပြုကာ ရွေးကောက်ပွဲသို့ ခြေစုံပစ်ဝင်လာခဲ့ကြ သည်။ သို့ဖြစ်ရာတွင် စိတ်ဝင်စားစရာကောင်းလာသော ပြည်ခိုင်ဖြိုးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စများ နှင့် ပတ်သက်၍ ပါတီဒုတိယဥက္ကဋ္ဌ(ဥက္ကဋ္ဌပူးတွဲတာဝန်) ဦးဌေးဦးကို ဟင်္သာတမြို့ရှိ ၎င်း၏နေအိမ်၌ 7Day Newsက အောက်တိုဘာ ၃ရက်ညတွင် သီးသန့်တွေ့ဆုံမေးမြန်းထားသည်များမှ  ကောက်နုတ်ဖော်ပြလိုက်ပါသည်။
 
မဲဆွယ်စည်းရုံးရေးကာလမှာ အာဏာရပါတီကအတိုက်အခံထက်စာရင် ငြိမ်ချက်သားကောင်းတယ်နော်။ ဒုဥက္ကဋ္ဌကိုယ်တိုင်တောင် တခြားပြည်ခိုင်ဖြိုးခေါင်းဆောင်တွေထက်စာရင် သိပ်ရှေ့ထွက်တာမတွေ့ရဘူး။
ဒါမှန်ပါတယ်။ တစ်ပြည်လုံး သိအောင်လုပ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ်ရွေးချယ်ခံ တဲ့မြို့နယ်မှာ သိအောင်လုပ်တာ ပိုမကောင်းဘူးလား။ ရွေးချယ်တဲ့ နည်းလမ်းတွေမတူတာလည်းဖြစ် နိုင်ပါတယ်။ လူထုတွေ့ဆုံပွဲတွေ လုပ်တဲ့ အတွေ့အကြုံတွေ ကျွန် တော်တို့မှာ အများကြီးရှိတယ်။ တစ်နေရာတည်းမှာ လူစုမရလို့  တခြားနေရာက လူတွေကားနဲ့ ခေါ်တာဘယ်သူမှမသိဘူး။ လုပ် တဲ့လူတွေပဲသိတယ်။ စင်ပေါ်မှာ ပြောနေတဲ့သူတောင်သိချင်မှသိလိမ့်မယ်။ လူတွေအများကြီးတော့ တွေ့လိမ့်မယ်။ ဒါပေမဲ့ တခြားက သူတွေ။ ဒါမျိုးတွေမဖြစ်အောင် လုပ်ပြီး လူထုနဲ့တွေ့မှာပါ။ မတွေ့လို့မရဘူး။ လူထု အသံနားထောင်ရမှာပေါ့။ ကျွန်တော်တို့တွေက နယ်မြေခွဲပြီးလုပ်နေကြတာပါ။ ကျွန်တော်တို့ပါတီက  တစ်ယောက်တည်းခေါင်းဆောင်တာ မဟုတ်ဘူး။ အားလုံး စုပေါင်း ခေါင်းဆောင်တဲ့စနစ်နဲ့သွားနေတယ်။ တာဝန်တွေခွဲဝေယူထားကြတယ်။ သို့သော်လည်း ပါတီကိုယ်စားပြုပဲ။
မဲဆွယ်စည်းရုံးရေးကာလမှာ ပြည်ခိုင်ဖြိုးပါတီဝင်တချို့ရဲ့ တရားမဲ့ပြု ကျင့်တဲ့ကိစ္စတွေ တွေ့ရတယ်။ ဒီလိုကိစ္စတွေမဖြစ်အောင် အောက်ခြေအထိ ညွှန်ကြားချက်တွေ ထုတ်ထားပါသလား။
ဒါတွေက ရွေးကောက်ပွဲနဲ့ ဆက်နွှယ်ပြီးဖြစ်ပေါ်လာတဲ့ကိစ္စ တွေဖြစ်တယ်။ ဒီနေရာမှာတစ်ခု ပြောချင်တာက ပါတီစုံ ရွေး ကောက်ပွဲဆိုတဲ့ လမ်းကြောင်းက ကျွန်တော်တို့ယုံလို့ ရွေးထားတဲ့ လမ်းကြောင်း။ ဒါကြောင့်ရွေး ကောက်ပွဲမှာ တရားသဖြင့်မျှမျှတ တယှဉ်ပြိုင်ရမယ်လို့ ဒီလိုပဲခံယူ ထားတယ်။ ပါတီအနေနဲ့မတရား လုပ်မှာမဟုတ်ဘူး။ သို့သော်ပါတီ ဆိုတာလူတွေအများကြီး။ တချို့ ပါတီဝင်တွေက မတရားတာတွေ လုပ်လာနိုင်တယ်။ တချို့လည်းပါ တီဝင်မဟုတ်ဘဲ  ပါတီဝင်ဆိုပြီး လုပ်လာတာတွေရှိလာနိုင်တယ်။ ပါတီဝင်တွေကသာလုပ်တယ်ဆို ရင် ပါတီစည်းမျဉ်းအရအရေးယူ မယ်။ တချို့ကိစ္စတွေပါ။ ပါတီစည်း မျဉ်းအရ အရေးယူဖို့မလုံလောက်တဲ့အတွက်ဥပဒေကြောင်းအရ အရေးယူခံတဲ့ ဖြစ်ရပ်တွေလည်းရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ဒါမျိုးတွေဖြစ်မလာအောင်ပြော ထားပြီးသားပါ။
အဲဒီတော့အခုဖြစ်နေတဲ့ကိစ္စတွေကို အရေးယူမှာပေါ့။
ကျွန်တော်တို့ဆီတော့ တရားဝင်တက်မလာသေးဘူး။ ကြားနေရတာပဲရှိတာပေါ့။
မဲဆန္ဒနယ်အားလုံးနီးပါး ၀င်ပြိုင်မယ့် ပါတီကြီးတစ်ခုရဲ့  ပါတီရန်ပုံငွေရလမ်းက  စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကိုယ်စားလှယ် လောင်းတစ်ယောက်ကို သိန်းတစ်ရာ သုံးရင်တောင် ကိုယ်စားလှယ်လောင်းတစ်ထောင်ကျော် ၀င်ပြိုင်မယ်ဆိုတော့ မနည်းမနောပဲ။ ဒီငွေတွေက ဘယ်က၀င်ပါသလဲ။
သိန်းတစ်ရာ သုံးခွင့်ရှိပေမယ့် သိန်းတစ်ရာလုံး သုံးချင်မှ သုံးမှာပါ။  အနည်းဆုံးဖြစ်အောင် သုံးမှာပေါ့။ သို့သော်လည်း ဒီကိစ္စကအသင်း အကြောင်းကစပြောရလိမ့်မယ်။ ပြည်သူကလက်ခံရင် ပါတီဖွဲ့မယ်ပြောခဲ့တယ်။ တစ်သက်လုံးအသင်းဘ၀နဲ့ နေမယ်မပြောခဲ့ဘူး။  ပွင့်ပွင့်လင်းလင်းပြောရရင် အသင်းဘ၀မှာကတည်းက ငါတို့တစ်နေ့ကျရင် ပါတီဖြစ်မယ်။ ပါတီဖြစ်ရင် ထိုက်သင့်တဲ့ငွေကြေးရှိရမယ်။ အဲဒီတော့ ကြိုစုခဲ့တယ်။ အနှစ်နှစ်ဆယ်။စဉ်းစားကြည့်လေ။ အဲဒီတော့ ထိုက်သင့်သလောက်ပါတီရန်ပုံငွေရှိတယ်။ ၀င်ငွေရလမ်းကလည်း အများနည်းတူရတဲ့လုပ်ငန်းတွေကပဲ။ အကုန်လုံးစာရင်းစစ်ဆေးခံနိုင်တယ်။ လစဉ်နှစ်စဉ်စာရင်းစစ်ခံတယ်။ ပါတီဖြစ်လာရင် နိုင်ငံတော်ရဲ့အထောက်အပံ့မယူရဘူး။ နိုင်ငံခြားရဲ့အထောက်အပံ့မယူရဘူး။ အဲဒီနှစ်မျိုးလုံးနဲ့ ကင်းရှင်းတယ်။ အထူးသဖြင့် မွေးမြူရေးလုပ်ငန်းတွေက ရပါတယ်။ ကျွန်တော်တို့မှာ ငါးကန်တွေရှိတယ်။ အဲဒီကနေ ထိုက်သင့်တဲ့ဝင်ငွေရှိတယ်။ နှစ်ပေါင်းနှစ်ဆယ်လောက်ဆိုတော့ ဘဏ်တွေမှာထားတဲ့ အတိုးတွေရတယ်။ ပေါပေါများများ မသုံးနိုင်ပေမယ့် ထိုက်သင့်သလောက်တော့ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာမှရောင်းလို့မရဘူး။ ကျွန်တော်တို့မှာ အမှတ်တရ  ပစ္စည်းတစ်ခုကိုရောင်းလိုက်လို့ အများကြီးပေးဝယ်မယ်ဆိုတဲ့ အနေအထားမျိုးတွေ ကျွန်တော်တို့ဆီမှာ မရှိဘူး။ အမှတ်တရပစ္စည်းတစ်ခု ရောင်းလိုက်တာနဲ့သိန်းပေါင်းများစွာရသွားတာမျိုး သိပ်အားကျတာ ပဲ။ သို့သော်လည်း ကျွန်တော်တို့ လုပ်လို့မရဘူး။ လုပ်လည်းမလုပ် ဘူး။ အသင်းဝင် ၂၆ သန်းရှိခဲ့ တယ်။ တစ်ယောက်တစ်ကျပ် ထည့်ရင်တောင် တစ်လ ၂၆သန်း ရှိမယ်။ ကျိန်းသေတာက အစိုးရ ဆီက ကျွန်တော်တို့ မယူဘူး။ ကျွန် တော်တို့ရှေ့မှာ ပါတီကြီးတစ်ခုသည် အစိုးရဆီက ယူခဲ့တဲ့အ တွက် အသိမ်းခံရတာ။ ကျွန်တော် တို့ရှောင်မှာပေါ့ဗျ။
တပ်မတော်အရာရှိကြီးတွေနဲ့ ၀န်ကြီး၊ ဒုဝန်ကြီးတချို့ပါတီကို ၀င် လာတာတွေ့ရတယ်။ သူတို့လာ တာက အထက်အမိန့်အရလား၊ သူတို့ဆန္ဒအရလား။ ပါတီကသူတို့ ကိုဘယ်လိုထိန်းကျောင်းမလဲ။
တပ်ကနေပါတီကိုလာရင် စိစစ်ပြီးမှလက်ခံတယ်။ တပ်ကနေ ထွက်တိုင်းလည်း ကြံ့ခိုင်ရေးပါတီ ကိုလာကြတာမဟုတ်ဘူး။ ပါတီကို ယုံတဲ့သူတွေဝင်လာကြတယ်။ ပါတီက သူတို့ရဲ့စွမ်းဆောင်ရည်နဲ့ ကိုက်ညီတဲ့နေရာကို ပြန်ပေး တယ်။ မကြာသေးမီက ပါတီကို ၀င်လာကြတဲ့တပ်မတော်အရာရှိကြီးတွေသင့်တော်တဲ့နေရာပေး တယ်။ ပါတီရောက်လာတဲ့အခါ ကျတော့ အထက်အောက်ဆက်ဆံရေးဆိုတာ မရှိဘူး။ ဟိုအရင် ရာထူးတွေ မရှိတော့ဘူး။ ပါတီက ပေးထားတဲ့ တာဝန်ပဲရှိတယ်။ ပါတီရဲ့ အခြေခံစည်းမျဉ်းတွေကို ဖောက်ဖျက်လို့ အရေးယူမှုကလွဲရင်လည်း ကျန်တာ ဘာမှမရှိဘူး။ ခုနက (တပ်မတော်အရာရှိကြီး များ) ၀င်လာတယ်ဆိုတဲ့သူများသည် အထက်က တာဝန်ပေးသော်ငြားလည်း သူသဘောမကျဘူးဆို ငြင်းလို့ရတယ်။ အခုဟာက သူတို့ယုံလို့လာတာ။ အစိုးရအဖွဲ့ က နုတ်ထွက်ပြီး ပါတီကို ၀င်လာတဲ့ ၀န်ကြီး၊ ဒုဝန်ကြီးတွေသည် ပွင့်ပွင့်လင်းလင်းပြောရရင် အသင်းဘ၀၊ ပါတီဘ၀ကတည်းက အတူတူလုပ်ခဲ့တဲ့သူတွေ။ သို့သော်အစိုးရအဖွဲ့ထဲ ရောက်သွားတော့ ပါတီအလုပ်လုပ်လို့ မရတော့ဘူး။ အဲဒီ တော့ ပါတီအလုပ်လုပ်ချင်လို့ဆို ပြီး အစိုးရအဖွဲ့ကနေ နုတ်ထွက်ပြီး ၀င်လာတယ်။ ကျွန်တော်တို့ ဘယ်လိုငြင်းလို့ရမလဲ။
မဘသနဲ့ ပြည်ခိုင်ဖြိုးကို မဟာမိတ်တွေလို့ ကမ္ဘာကျော် တိုင်းမ်မဂ္ဂဇင်းက ရေးသားထားတယ်။ တချို့နေ ရာတွေမှာ ပြည်ခိုင်ဖြိုးအတွက် မဘသက မဲဆွယ်ပေးနေတာမျိုးလည်း ရှိနေတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးနဲ့ မဘသကြားက ဆက်ဆံရေးက ဘယ်အဆင့်ထိရှိလဲ။
မဘသက ဘာသာရေးအဖွဲ့ အစည်းလေဗျာ။ အဲဒီတော့ မဟာမိတ်ဆိုတဲ့ အသုံးအနှုန်းကတော့ တော်တော်လွန်တယ်။ ကျွန်တော် တို့က ဗုဒ္ဓဘာသာတွေပဲဗျာ။ မဘ သဆရာတော်ကြီးတွေ မိန့်ကြား တာ ကျွန်တော်ကြားပါတယ်။ သူ တို့ဟောပြောနေတာက အမျိုး၊ ဘာသာသာသနာကို ကာကွယ် စောင့်ရှောက်ရမယ်လို့ ဟောတယ်။ ပြည်ခိုင်ဖြိုးမဲပေးပါလို့ တော့ မပြောပါဘူး။ အမျိုးဘာ သာသာသနာကို ကာကွယ်စောင့် ရှောက်တဲ့ အဖွဲ့အစည်းကို မဲပေး ပါလို့တော့ ပြောတယ်။ သူတို့က မဲပေးပိုင်ခွင့်မှမရှိတာ။ သူတို့က တော့ အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့ အစည်းမျိုးတော့ လိုလားတာပေါ့။ သူတို့က ဘယ်လိုတွေမြင်နေကြ လဲတော့ မသိဘူး။ ကျွန်တော်တို့ ထဲမှာ ခရစ်ယာန်လည်း ရှိတာပဲ။ မွတ်စလင်လည်း ရှိကောင်းရှိနိုင် တာပဲ။ နည်းတာ၊ များတာပဲ ကွာ တယ်။ ကိုယ်ယုံကြည်တဲ့ ဘာသာ ကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ခွင့်ပြုထားတာပဲ။ ကျွန်တော်တို့ ယုံကြည်တာကို ကိုးကွယ်တာပါ။ မဟာမိတ်ဆိုတာ မရှိပါဘူး။
သူရဦးရွှေမန်းကိစ္စ ပြောပြပေးပါဦးခင်ဗျာ။
လွှတ်တော်နာယကကြီးဖြစ်နေတဲ့ သူရဦးရွှေမန်းသည် လွှတ်တော်မှာလည်း အရေးကြီးတဲ့ အချိန်ရောက်နေပြီ။ ဒီဘက်မှာလည်း ပါတီိအတွက်က ဖိဖိစီးစီးလုပ်ရမယ့်အချိန်။ ဒီကြီးမားတဲ့ တာဝန်ကြီးနှစ်ခုကို တစ်ယောက်တည်းတော့ယူလို့မရဘူး။ ဒါကြောင့်သူ့ကို လွှတ်တော်အနေနဲ့လုပ်၊ကျွန်တော်တို့ဘက်ကလည်း ပါတီကိစ္စကိုဖိဖိစီးစီးလုပ်မယ်။ တာဝန်ခွဲဝေလိုက်တာပါပဲ။
ဒါဆို လာမယ့်ရွေးကောက်ပွဲအပြီး  အခင်းအကျင်းသစ်မှာ သူက ဘယ်နေရာကပါလာမလဲ။
ရွေးကောက်ပွဲပြီး အခင်းအကျင်းသစ်မှာလည်းပဲ ပါတီဝင်တော့ ဖြစ်မှာပေါ့။ ပါတီစည်းကမ်း ဖောက်တယ်ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ဒီလိုပဲ ကျွန်တော်ပြောချင်ပါတယ်။ ရွေးကောက်ပွဲအပြီးကိစ္စ တွေတော့ မပြောနိုင်သေးဘူးပေါ့နော်။ ဘယ်သူ့ကို ဘယ်နေရာ တာဝန်ခွဲမလဲဆိုတာ ပါတီက ဆုံးဖြတ်ပါလိမ့်မယ်။
အကယ်၍ ရွေးကောက်ပွဲမှာ ပြည် ခိုင်ဖြိုးအနိုင်ရရင် တင်မယ့် သမ္မတလောင်းက ဘယ်သူလဲဆိုတာ တိ တိကျကျပါတီကမပြောဘူး။ မဲဆွယ်စည်းရုံးရေးကာလမှာ သမ္မတပုံတွေသုံးတော့ သူကိုပဲ တင်မြှောက်မယ့် အနေအထားပေါ့။ ဒါပေမဲ့လည်းဦးခင်အောင်မြင့်နဲ့  ဦးဌေးဦးလည်း နောက်ပိုင်း နာမည်ထွက် လာတယ်။ သမ္မတလောင်း ဘယ်သူဖြစ်လာမလဲ။
ကျွန်တော်တို့ထဲက ဒီလိုမျိုး ရွေးချယ်စရာနာမည်တွေထွက်နေတယ်ဆိုတာ လုပ်နိုင်တဲ့ အ ရည်အချင်းရှိသူတွေ များလို့ပေါ့ ဗျာ။ ရွေးကောက်ပွဲပြီးရင် တွေ့ရ မှာပေါ့ဗျာ။ ပါတီက အကောင်းဆုံးဖြစ်အောင် ရွေးချယ်မှာပါ။
မဲဆွယ်စည်းရုံးရေးမှာ ပြည်ခိုင်ဖြိုးက အပြောင်းအလဲကို ဆက်လက် လုပ်ဆောင်မယ်လို့ ဆိုတယ်။ ဘာဆက်လုပ်မှာပါလဲ။
 ပြောင်းလဲမှုဆိုတဲ့အရာကို ရှုမြင်ပုံမတူကြဘူး။ အရှေ့တိုင်းအယူအဆက အတွင်းကို ကြည့်ပေမယ့် အနောက်တိုင်းအယူအဆက အပြင်ကို ကြည့်တယ်။ ကျွန်တော် တို့က တကယ်ပြောင်းခဲ့တဲ့ သူ တွေဆိုတော့ ပြောင်းတယ်လို့ မြင် ပေမယ့် တချို့က ပြောင်းတယ် မမြင်ဘူး။ တကယ်ပြောင်းတယ်၊ မပြောင်းဘူးဆိုတာ နိုင်ငံတကာက တောင် ပြုပြင်ပြောင်းလဲမှုက မြန် လွန်းတယ်လို့ ပြန်ဝေဖန်ရတဲ့ အ ထိပဲလေ။ နိုင်ငံရေးစနစ်ပြောင်း တယ်။ စီးပွားရေးစနစ်ပြောင်း တယ်။ အဲဒါတွေနဲ့ ဆက်နွှယ်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကပါ ပြောင်းလာတယ်။ အနောက်အုပ် စုနဲ့ ဆက်ဆံရေးပြန်ကောင်းလာ တယ်။ ခင်ဗျားတို့ မီဒီယာကော မပြောင်းလာဘူးလား။ အဲဒီအ ပြောင်းအလဲတွေကို ဆက်လက် လုပ်ဆောင်သွားမယ်။ အခုဒီမိုက ရေစီအများလက်ခံကြတယ်။ ဒါကိုဆက်လက်ရှင်သန်ခိုင်မာအောင် ကျွန်တော်တို့ လုပ်မယ်။ စနစ် ပြောင်းချင်သေးတယ်ဆိုရင်တော့ ဒီမိုကရေစီကနေ ဘယ်စနစ် ပြောင်းမလဲ။ ကျွန်တော်ဒီလိုပဲ မေးရပါလိမ့်မယ်။ ဒီမိုကရေစီ စနစ်အမျိုးကွဲတွေ အများကြီးရှိပါ တယ်။ ကျွန်တော်တို့ကတော့ ကိုယ့်နိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကိုပဲသွားမယ်။ အခြေခံတွေ ကို ခိုင်မာအောင် လုပ်ပြီးမှ အဲဒီ အပေါ်က ဆက်သွားရမယ်။ ဖျက်ပစ်မယ်ဆိုရင်တော့ ဒုံးရင်းဒုံရင်း ပြန်ဖြစ်လိမ့်မယ်။ကျွန်တော်တို့နိုင်ငံအခြေနေက သုညမဟုတ်ဘူး။ သုညကပြန်စမယ်ဆိုတဲ့ အတွေးအခေါ်မျိုးတော့ ကျွန်တော်တို့ လက်မခံနိုင်ဘူး။ 
ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလိုက်ပြီဆိုပေမယ့် ဗိုလ်ချုပ်ကြီး ဟောင်းတွေကပဲ ရွေးကောက်ပွဲ ပြန်ဝင်ပြီး တိုင်းပြည်ကို ဆက်အုပ်ချုပ်တယ်။ လွှတ်တော်ထဲမှာလည်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းက နေရာယူထားတယ်။ အဲဒီ တော့ ဒီလိုမျိုးတပ်က ပါဝင်ပတ် သက်မှုက ဘယ်အချိန်ထိ ရှိနေဦးမလဲ။ ဒီအခြေအနေကို ပြောင်း လဲနိုင်စွမ်းက ကြံ့ခိုင်ရေးပါတီပဲ။။ သူတို့ပြောင်းချင်ရင် ပြောင်းလို့ရ တယ်။ ကြံ့ခိုင်းရေးရဲ့ သဘောထားကို သိချင်တယ်။
ကြံ့ခိုင်ရေးကို တပ်မတော်က ဗိုလ်ချုပ်ကြီးဟောင်းတွေ ဝင်လာတယ်ဆိုတာ တခြားမှာလည်းဝင်ကြပါတယ်။ တခြားမှာလည်း လုပ်နေကြတဲ့ ဗိုလ်ချုပ်ကြီး ဟောင်းတွေ ရှိပါတယ်။ ယုံတဲ့နေရာ သွားကြတာပဲ။ ဘာမှ ပြောစရာ မရှိဘူး။ ကျွန်တော်တို့ဆီ လာ တော့ လက်ခံတယ်။ ဒါပါပဲ။ ကျန်တဲ့နေရာမှာလည်း ဗိုလ်ချုပ်ကြီး ဟောင်းတွေ ရှိပါတယ်။ ထင်ထင်ရှားရှားပါပဲ။ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကိစ္စက ကာကွယ်ရေး ဦးစီးချုပ်လည်း ပြောတာပါပဲ။ အခြေအနေတွေ တည်ငြိမ်အေးချမ်းမှုရှိမယ်။ တပ်မတော်အနေနဲ့ မလိုအပ်ဘူးဆိုတဲ့အချိန်ကျရင် တဖြည်းဖြည်းချင်းတောင် မဟုတ် ပါဘူး။ ဒီလိုအခြေအနေပေးတာနဲ့ ထွက်သွားမယ်လို့ပြောတာ။ အဲဒါကို ဖြစ်အောင်လုပ်ဖို့ပဲလိုတယ်။ လွှတ်တော်ထဲမှာလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေမပါဘဲနဲ့ အေးအေးချမ်း ချမ်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် အောင် လုပ်နိုင်ဖို့ပဲ လိုတယ်။ ပြန် ပါပြန်ပါလို့ပြောနေပေမယ့် အဲဒီ အခြေအနေမဖြစ်ရင် ပြန်မှာမဟုတ်ဘူး။ ပြန်စေချင်တယ်ဆိုရင် တော့ ညီညီညွတ်ညွတ်နဲ့ အကုန်လုံးပေါင်းစပ်ပြီး လုပ်ရမယ်။ ကျွန် တော်တို့ သဘောထားကတော့ ဘယ်သူ့ကိုမှ အတိုက်အခံလုပ်မှာ မဟုတ်ဘူး။ စည်းရုံးရေးစွမ်းအားက ဒီနေရာမှာ အရေးကြီးတယ်။ စည်းရုံးချင်တယ်ဆိုရင် ရန်သူလို သဘောမထားရဘူး။ တစ်ဖက် ကို ရန်သူလို့သတ်မှတ်ပြီး စည်းရုံးဦးမယ်ဆိုရင် မှားတယ်လို့ပြော ချင်တယ်။ ရန်သူလိုသတ်မှတ်ပြီး စည်းရုံးတယ်ပြောလို့ ဘယ်တော့ မှမရဘူး။ ကျွန်တော်တို့က တပ်မတော်လည်း စည်းရုံးမှာပဲ။ အစိုးရလည်း စည်းရုံးမှာပဲ။ တပ်မတော်အနေနဲ့ အဲဒီလိုအခြေအနေမျိုးဖြစ်အောင် သူတို့ယုံအောင်လုပ်ရမှာပေါ့။ 
၂၀၁၀ ရွေးကောက်ပွဲတုန်းက တပ်မတော်အစိုးရက ဗိုလ်ချုပ်မှူး ကြီးသန်းရွှေက ကြံ့ခိုင်ရေးပါတီကို အာဏာလွှဲပေးတော့ ချောမွေ့ခဲ့တယ်ပေါ့။ ၂၀၁၅ ရွေးကောက် ပွဲပြီးရင်ကော ၂၀၁၀ တုန်းကလို ချောမွေ့နိုင်မယ် ထင်ပါသလား။
၂၀၁၀ တုန်းက တပ်မတော် အစိုးရက တာဝန်ယူပြီး ဆောင် ရွက်သလို ၂၀၁၅ မှာလည်း ဒီမိုကရေစီအစိုးရက တာဝန်ယူပြီး ဆောင်ရွက်ပေးမှာပေါ့။ အနှစ် သာရတော့ ကွာမှာမဟုတ်ပါဘူး။ ပြည်သူတွေကြိုက်တဲ့သူရွေးနိုင် အောင် ကျွန်တော်တို့လုပ်ပေး ရမှာပေါ့။ လွတ်လပ်ပြီး တရားမျှ တတဲ့ရွေးကောက်ပွဲဆိုတာ ၂၀၁၀ မှာလည်း ရှိခဲ့တယ်။ ကျွန်တော်တို့ဆို အစွပ်စွဲခံရပါတယ်။ မဲလိမ်မဲခိုးလို့။ အဲဒီတုန်းက ကျွန်တော်ပြောပါတယ်။ တော်တော်သည်းညဉ်းခံ နိုင်တဲ့လူတွေပဲလို့။ မဲလိမ်မဲခိုးမှန်း သိနေရက်သားနဲ့ ဘာလို့ အရေးယူ အောင် မပြောလဲ။ လွှတ်တော်ထဲ မှာ ကျွန်တော်တို့အမတ်နှစ်ဦး နိုင် ငံသားဖြစ်မှုနဲ့ငြိစွန်းတယ်ဆိုလို့ လွှတ်တော်ထဲက ထွက်ပေးလိုက်  ရပါတယ်။ မဲလိမ်မဲခိုးဆိုသူတွေ တကယ်ခိုင်မာရင် တိုင်ရမှာပေါ့။ ကျွန်တော်တို့ထွက်ရမှာပေါ့။ ဘာ ဖြစ်လို့ သည်းခံကြတာလဲ။ ဒါမှမဟုတ်မခိုင်မာလို့လား။ အဲဒီတော့ ၂၀၁၅ မှာ နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေ လာကြပါ။ ကျွန်တော်တို့ ကြိုဆိုပါတယ်။ 
ဗိုလ်ချုပ်မှူးကြီးနဲ့ ဒုဥက္ကဋ္ဌက နီးစပ်တယ်နော်။ သူ့အကြောင်းပြောပြပါဦး။ သူအခုဘာတွေလုပ်နေလဲ။ တပည့်တွေနဲ့တွေ့ရင် ဘာပြောလေ့ရှိလဲ။
ဗိုလ်ချုပ်မှူးကြီးနဲ့နီးစပ်ပါ တယ်။ ကျွန်တော်တို့ကို သင်ပေးတာသူပဲ။ ကျွန်တော်တို့ကို တည် မြဲဖို့ သင်ပေးခဲ့တာမဟုတ်ဘူး။ ဒီမိုကရေစီစနစ်မှာ ပြည်သူက အဆုံးအဖြတ်ပဲ။ မင်းတို့ တိုင်း ပြည်ကို အကျိုးရှိအောင် လုပ်နိုင် တာနဲ့အမျှ တိုင်းပြည်ကို အကျိုး ရှိအောင် လုပ်နိုင်တဲ့အဖွဲ့အစည်း အဖြစ် မင်းတို့တည်မြဲလိမ့်မယ်။ ကိုယ့်အချင်းချင်း စည်းလုံးညီ ညွတ်အောင်နေကြ။ တခြားသူ တွေကိုလည်း ညီညွတ်လာအောင် မင်းတို့ဆောင်ရွက်ကြ။ တွေ့တဲ့ အချိန်တိုင်း ဒါပဲပြောပါတယ်။ သူက မနက်ပိုင်းဆို တရားအားထုတ်ပါတယ်။ အရင်ကလည်း ဘာသာရေးလုပ်ခဲ့တော့ အခုပို လုပ်ဖြစ်နေတာပေါ့။ အခါအား လျော်စွာလည်း သွားတွေ့ပါ တယ်။ ဟိုဟာလုပ်လိုက်ပါလား၊ ဒီဟာလုပ်လိုက်ပါလားဆိုတာမျိုး ပြောတာတောင် လုံးဝမရှိပါဘူး။ 
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးရဲ့သဘောထားက ဘယ်လိုရှိပါသလဲ။ 
တည်ငြိမ်အေးချမ်းမှုမရှိမှာကို သူစိုးရိမ်တယ်။ စည်းလုံးညီ ညွတ်မှုမရှိမှာ သူစိုးရိမ်တယ်။ စည်းလုံးညီညွတ်မှုမရှိရင် တိုင်း ပြည်ထူထောင်လို့မရဘူး။ တည် ငြိမ်အေးချမ်းမှုမရှိရင်လည်း တိုင်း ပြည်ထူထောင်လို့မရဘူး။ ဒါ ကြောင့် တည်ငြိမ်အေးချမ်းမှုမရှိ မှာကို သူစိုးရိမ်တာဖြစ်မယ်။ ကျွန်တော်တို့လည်း ဒါကို စိုးရိမ်တာပါပဲ။ 
တကယ်လို့ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီး အစိုးရမဖွဲ့နိုင်ခဲ့ရင် ပြည်ခိုင်ဖြိုးရဲ့ plan B က ဘာဖြစ်မလဲ။
လူထု အဆုံးအဖြတ်ခံယူမယ်လို့ ကျွန်တော်တို့ခံယူထားတယ်။ နေရာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကောင်းအောင်ဆက်လုပ်သွားမှာပါပဲ။ နောက်တစ်ခု က ရာထူးဌာနထက်စာရင် လုပ်ဆောင်ချက်က အဓိကပဲ။ ရာထူးရမှလုပ်မယ်ဆိုရင် မဟုတ်သေးဘူး။ မရှိလည်း လုပ်လို့ရတယ်။ ဒါ ပါတီရဲ့သဘောထားပဲ။
ကျေးဇူးတင်ပါတယ်။

www.mmdailystar.com

ငါးနှစ်အတွင်း ဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်းပြောင်းလဲ နိုင်ရေး အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု သမ္မတဆို


7-10-2015
လာမည့် ငါးနှစ်အတွင်း မြို့နယ်များတွင် အစိုးရ က တိုက်ရိုက်ခန့်အပ်လေ့ရှိသောဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခွင့်ရမည့် ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲနိုင်ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောကြားသည်။
အောက်တိုဘာလ ၆ ရက် နိုင်ငံတော်သမ္မတ၏ လစဉ် ရေဒီယို မိန့်ခွန်းတွင် ၎င်းကယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ အသုံးပြုနေသော မြို့နယ်၊မြို့ပြ အုပ်ချုပ်ရေးများတွင် အစိုးရ အုပ်ချုပ်ရေး စနစ်မှ ပြည်သူများက ရွေး ချယ် ပေးသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် မြို့နယ်ကောင်စီ (Township Council)၊ မြို့တော်ကောင်စီ(City Council) များအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။
“ ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှုအစား ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များကို ပြည်သူလူထုမှ တိုက်ရိုက် ရွေးချယ် ခွင့် ရရှိပါက ဒီမိုကရေစီ စံနှုန်းပိုမိုမြင့်မားလာမည်ဖြစ်ပြီး အောက်ခြေလူထု အနေဖြင့် အပြောင်းအလဲများကို ကိုယ်တိုင် ကိုယ်ကျ ခံစားခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ထောက်ပြပြောဆိုသည်။
“သမ္မတ ကို ပြည်သူက တိုက်ရိုက်ရွေးခွင့်ရတာ မရတာထက်၊ အောက်ခြေက ကိုယ်တွေနဲ့ ထိတွေ့ ဆက်ဆံ နေရမယ့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကိုယ်တွေ ရွေးချယ်တင်မြှောက်ခွင့်ရလာမှာပေါ့၊ လွှတ်တော်ကိုယ် စား လှယ်ဆိုတာက ရွေးချယ်ပြီး လွှတ်တော်ထဲရောက်သွားရင် ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့ဖို့က မလွယ်တော့ဘူး၊ ဒီ အုပ်ချုပ်ရေးအဖွဲ့က လူတွေက ပြည်သူတွေနဲ့ ထိတွေ့နေမှာပဲလေ၊ တကယ်လုပ်မယ်ဆိုရင် တို့အနေနဲ့ကြို ဆိုပါတယ်”ဟု ၎င်းကဆိုသည်။
ထို့အပြင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း ကျင်းပသော အမျိုးသားလွှတ်တော်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပြည်သူများက တိုက်ရိုက် ရွေးချယ်နိုင်ရေး ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း ထောက်ခံသူ လေးဦးသာရှိသောကြောင့် မအောင်မြင်ခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
လက်ရှိတွင် တိုင်းဒေကြီး/ပြည်နယ်၊ မြို့နယ် နှင့် ရပ်/ကျေး အထွေထွေအုပ်ချုပ်ရေးမှူးရုံးများသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးအဖြစ် တိုက်ရိုက်ခန့်အပ်ရသော ပြည်ထဲရေးဝန်ကြီးဋ္ဌာနအောက်တွင် ရှိသောကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် အခက်အခဲများစွာ ရှိနေပြီး အောက်ခြေလူထု အနေဖြင့် အပြောင်းအလဲများကို ခံစားခွင့် နည်းပါးနေကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ များက ထောက်ပြပြောဆိုထားသည်။
အလားတူ လက်ရှိ အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီစနစ် နှင့် အုပ်ချုပ်မှု ယန္တရား အံဝင်ခွင်ကျ မဖြစ် သော ကြောင့် ပြုပြင်ပြောင်းလဲရေး အရှိန်နှေးခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုး သိန်းက ပြောဆိုထားသည်။


www.mmdailystar.com

သံတမန်ဇုံအနီး လူသတ်မူ့ မုဒိမ်းမူ့ ကျူးလွန်ခဲ့သူနှစ်ဦး ဖမ်းမိ

နေပြည်တော် Junction Center အနောက်ဘက်ရှိ သံတမန်ဇုန်အနီး လူသတ်မှုနဲ့ မုဒိမ်းမှုတို့ ကျူးလွန်ခဲ့သူနှစ်ဦးကို အောက်တိုဘာ ၆ ရက် ညနေပိုင်းက ဖမ်းဆီးရမိပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် Junction Centre အနောက်ဘက်မှာ ဆိုင်ကယ်စီးနင်းလာတဲ့ အသက် ၁၇ နှစ်အရွယ် လင်မယားကို အမည်မသိ လူ ၄ ဦးက သံတမန်ဝင်းအရောက်မှာ ဆိုင်ကယ်ကို တွန်းလှဲကာ ယောက်ျားဖြစ်သူကို လူ ၂ ဦးက ဆွဲခေါ်ပြီး ဓားနဲ့ ထိုးခဲ့သတ်ခဲ့ပါတယ်။ အမျိုးသမီးဖြစ်သူကိုတော့ အုပ်စုဖွဲ့  မုဒိမ်းကျင့်ခဲ့ကြပါတယ်။
အမျိုးသမီးဟာ ထွက်ပြေးလွတ်မြောက်လာပြီး ပြစ်မှုကျူးလွန်ခဲ့သူတွေကို အရေးယူပေးဖို့ ဒက္ခိဏသီရိမြို့မ ရဲစခန်းမှာ တိုင်ကြားခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးက အမှုမှန်ပေါ် ပေါက်ရေး စီမံဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့ကြတဲ့ ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်နေ အောင်တင်မျိုး (ခ) အောင်ပိုင် (၂၀) နှစ်နဲ့ ကျော်မောင် (ခ) ဇော်ဇော်အောင် (၁၉) နှစ်ကို  ပြစ်မှုကျူးလွန်ရာမှာ အသုံးပြုခဲ့တဲ့ ဓားတွေနဲ့အတူ အောက်တိုဘာ ၆ ရက် ညပိုင်းမှာ ဖမ်းမိခဲ့တယ်လို့ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ ပြစ်မှုကျူးလွန်သူ ၂ ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်နေပြီး ကျန် ၂ ဦးကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။

www.mmdailystar.com

ဖားကန့် ဒေသတွင် တိုက်ပွဲများဖြစ်

ဖားကန့် အောင်လန့် တွင်ယနေ့ မနက် ၇ နာရီတွင် အစိုးရဘက်က ထိုးစစ်ဆင်တိုက်ခိုက်ရာ နာရီ ဝက်အတွင်း အထိများပြီးပြန်ဆုပ်ပြီး ၉ နာရီတွင်တစ်ဖန်ပြန်လည်ထိုးစစ်နေကြောင်း အခုချိန်ထိရပ်တန့်မှု့ မရှိသေးဘူး
မြစ်ကြီးနား လေတပ်ကနေ ဂျက်တစ်စီး
ဦးတည်ချက်မြောက်ဘက် ၁၂နာရီ ကနေကြည့်ရင် ၂နာရီ မတ်တင်းဘက်ကို ဦးတည်သွားပါတယ်
KIA တပ်စခန်းများ ဆုပ်ရန် နေရာ မရှိတော့သဖြင့် မြောက်ပိုင်းတိုင်းကို ရွှေ့ရန်
Hka kamai

www.mmdailystar.com

အာဏာပိုင်များ ညွှန်ကြားချက်ဖြင့် ပြည်လေယာဉ်ကွင်းရှိ မြေကွက်တစ်ခုကို မြေသန့်မင်္ဂလာ ပြုလုပ်၍ ရဲအစောင့်အရှောက်ဖြင့် ထားရှိ

 ဒေသ အာဏာပိုင်များ၏ ညွှန်ကြားချက်အရ ပြည်လေ ယာဉ်ကွင်းအတွင်းရှိ ၅၂ ပေပတ် လည်မြေနေရာ တစ်ခု၌ မြေသန့်မင်္ဂလာပြုလုပ်ထားပြီး ယင်းနေရာကို အနှောင့်အယှက် မပြုနိုင် ရန် ရဲတပ်ဖွဲ့ဝင်တစ်ဦးအား အ စောင့်ချထားကြောင်း ပြည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိ သည်။
‘‘တိုင်းပြည်ရဲ့သဘာဝဘေး အန္တရာယ်တွေ ကင်းဝေးစေဖို့ အေးချမ်းသာယာစေလိုတဲ့ အ တွက် ရည်ရွယ်ပြီး မြေသန့်မင်္ဂလာ ပြုလုပ်စီမံထားရှိတာပါ’’ဟု ပြည် ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင် မောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ အေးချမ်းသာ ယာစေရန်  တစ်တိုင်းပြည်လုံး ကိုယ်စားပြုသည့်အနေဖြင့် ပြည် မြို့ကို အချက်အချာကျလှသည့် နေရာအဖြစ် သတ်မှတ်ကာ အစီ အမံကို ရွေးချယ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်မောင်ဝင်းက ပြောသည်။
‘‘ဘယ်နေ့အထိ ထားမယ် တော့မသိဘူး။ စီမံထားတဲ့နေရာ ကို အနှောင့်အယှက်ပြုတာမျိုး မဖြစ်ရအောင် ရဲတပ်ဖွဲ့ဝင်တစ်ဦး ကို အချိန်ပိုင်းနဲ့ တာဝန်ပေးထား ပါတယ်’’ဟု ပြည်မြို့နယ်အမှတ် (၃)ရဲစခန်းမှူးက ပြောသည်။
 အဆိုပါ အစီအမံများကို အာဏာပိုင်များ၏ညွှန်ကြားချက် အရ အောက်တိုဘာ ၂ ရက်ည ၁၀ နာရီမှစတင်၍ မြေနေရာမြေ ညှိခြင်းများ၊ ရာဇမတ်ကာရံခြင်း များချက်ချင်းပြုလုပ်ပြီး အောက် တိုဘာ ၃ ရက် နံနက် ၆ နာရီတွင် သံဃာတော် ခုနစ်ပါးအား ပင့် ဆောင်၍ မြေသန့်မင်္ဂလာ စီမံခဲ့ သည်ဟု ပြည်မြို့နယ် အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံမှ သိရသည်။
‘‘ညတွင်းချင်းပဲ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အစည်း အဝေးခေါ်ပြီး မနက် ၆ နာရီအပြီး စီမံဆောင်ရွက်ခဲ့တယ်။ ကျွန် တော်တို့က ဝါးတွေ ရှာပေးခဲ့ရ တယ်။ မနက် ၆ နာရီအမီ ဆောင် ရွက်ရတာ ဖြစ်တယ်လို့ သိရတယ်’’ဟု ပြည်မြို့ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ရန်ကုန်မြို့တွင်းရှိ ဈေးကြီး အချို့တွင်လည်း ဈေးခေါင်မိုးများ ပေါ်၌ ကျောက်ဖရုံသီးများထားရှိ ပြီး ယင်းနှင့်ပတ်သက်၍ သက် ဆိုင်ရာစည်ပင်ဌာနများက တရား ဝင်ပြောကြားမှုများ မရှိသေးပေ။
www.mmdailystar.com

ကြေးစား လေယာဉ်မယ်

ရွှပြည်သာ စက်မှုဇုန် (၁) ရှိ တရုတ်နိုင်ငံသားပိုင် ဟန်ဂျင်းအထည်ချုပ် စက်ရုံတွင် ဆန္ဒပြတောင်းဆိုနေကြသည့် အလုပ်သမား ၁,၀၅၇ ဦးထဲမှ ၂၀ သည် အောက်တိုဘာ ၅ ရက်မှ စတင်ပြီး အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၁ ရက်တွင် အလုပ်ရှင်ဘက်က အကြောင်းပြချက် တစုံတရာမပေးဘဲ စက်ရုံတွင်းသို့ ၀င်လာချိန်၌ စာရွက်အလွတ်ပေါ်တွင် ဖိအားပေး လက်မှတ်ရေးထိုးခိုင်းခြင်းကို မကျေနပ်သည့်အတွက် အလုပ်သမား ၁,၀၅၇ ဦးသည် ထိုနေ့မှစတင်ပြီး စက်ရုံရှေ့သို့ထွက်ကာ ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်ကြောင်း ဟန်ဂျင်း အထည်ချုပ်စက်ရုံ၏ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ကျော်မြင့်က ပြောသည်။
“အလုပ်သမားတွေကို အတင်းလက်မှတ်ထိုးခိုင်းတယ်။ ဘာကြောင့် ထိုးခိုင်းတယ် ဆိုတာကို အလုပ်ရှင်ဘက်က မရှင်းပြဘူး။ အလုပ် သမား တွေက အဲဒီဟာကို ရှင်းပြဖို့ တောင်းဆိုတာပါ။ အခု တောင်းဆိုလာတာ ၁၉ ရက် ရှိပါပြီ။ ဘာညှိနှိုင်းဆောင်ရွက်မှုမှ မလုပ် ပေးသေးပါဘူး။ ဒါကြောင့် တောင်းဆိုနေတဲ့ အလုပ်သမားတွေထဲက အလုပ်သမား ၂၀ က အစာငတ်နေပါပြီ ဆိုတာကို ပြောချင်တဲ့ အတွက် အစာငတ်ခံ တောင်းဆိုကြတာပါ”ဟု ဦးကျော်ကျော်မြင့်က ပြောဆိုသည်။
တောင်းဆိုမှုများကို အလုပ်ရှင်မှ မလိုက်လျောသည့်အတွက် ဆန္ဒပြအလုပ်သမား ၁,၀၅၇ ဦးမှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁၇ ဦး သည် အောက်တိုဘာ ၅ ရက်မှ စတင်အစာငတ်ခံ ဆန္ဒပြတောင်းဆို နေကြခြင်း ဖြစ်ကြောင်း သိရသည်။
အခြေခံ လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီက ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်တွင် တနိုင်ငံလုံးရှိ အခြေခံ အလုပ်သမားများ အားလုံးကို စက်တင်ဘာလကုန်မှ စတင်ပြီး မည်သည့် လုပ်ငန်းကို မဆို တရက်လျှင် လုပ်အားခ ကျပ် ၃,၆၀၀ ပေးရန် သတ်မှတ် အတည်ပြုခဲ့သည်။
ထိုသို့အတည်ပြုပြီးနောက် စက်တင်ဘာလ ၇ ရက်တွင် ဟန်ဂျင်းစက်ရုံ အလုပ်ရှင်ဘက်မှ အလုပ်သမား ဖယ်ရီများ ပြန်လည် ရုပ် သိမ်းခြင်းနှင့် တရက်လုပ်အားခ ၃၆၀၀ ကျပ်မှ လွဲ၍ အခြားအပိုကြေးများ အားလုံးကိုမပေးရန် အသိပေးစာများ ထုတ်ပြန်ခဲ့ကြောင်း ဆန္ဒပြ အလုပ်သမားများက ပြောသည်။
ထိုသို့ အသိပေးစာ ထုတ်ပြန်ခဲ့သည့်အတွက် စက်ရုံအတွင်းရှိ အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များက ညှိနှိုင်းမှု လုပ်ဆောင်ရန် တောင်း ဆို ခဲ့သော်လည်း ရက်ပိုင်းအတွင်း အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးကျော်ကျော်မြင့် အပါအ၀င် အဖွဲ့ဝင် ၆ ဦးကို အလုပ်မှ ထုတ်ပြစ်ခဲ့ကြောင်း ဦးကျော်ကျော်မြင့် က ပြောပြသည်။
“စက်ရုံကို ညှိနှိုင်းဖို့ စာတင်တယ်။ စက်ရုံဘက်ကနေပြီး ဦးဝင်းရှိန်တို့နဲ့ တွေ့ဆုံညှိနှိုင်းဖို့လုပ်လာလို့ ကျနော်တို့တွေ ဦးဝင်းရှိန်ကို သွားတွေ့ပါတယ်။ သွားတွေ့တဲ့ အခါမှာလည်း ကျနော်တို့နဲ့ ညိနှိုင်းဆွေးနွေးတာမျိုး မဟုတ်ပါဘူး။ သူတို့ပြောတာကို ၁၀ မိနစ်လောက် နားထောင်ပြီး ပြန်လာရတဲ့ သဘောပါ။ သွားတွေ့ပြီး နောက်နေ့ ချက်ချင်းပဲ ကျနော်တို့ကို အလုပ်က ထုတ်လိုက်တယ်။ ကျနော် ထင် တာတော့ အဲဒီလို သွားတွေ့လို့ အလုပ်က ထုတ်တာလားလို့ပေါ့”ဟုလည်း ဦးကျော်ကျော်မြင့်က ပြောသည်။
ဟန်ဂျင်း အထည်ချုပ် စက်ရုံသည် ဂျပန် အော်ဒါအထည်များကို အဓိကချုပ်သည့် စက်ရုံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မေလ ၂ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဟန်ဂျင်းစက်ရုံတွင် အလုပ်သမား စုစုပေါင်း ၁,၁၀၀ ရှိပြီး အလုပ်သမား ၁,၀၅၇ ဦးက ယခုလို ဆန္ဒပြ တောင်းဆိုနေခြင်း ဖြစ်သည်။
အခြေခံလုပ်ခလစာ ကျပ် ၃၆၀၀ သတ်မှတ်လိုက်သည့် ခံစားခွင့်သည် ယခု စက်တင်ဘာလကုန်တွင် ခံစားရမည်ဖြစ်ပြီး စက်ရုံအများစုက လုပ်ခလစာ ခံစားခွင့်ကို လတလ၏ ပထမပတ် အကုန်လောက်တွင်မှ ခံစားရမည်ဖြစ်ကြောင်း သိရသည်။



လုပ်ခလစာ ကျပ် ၃၆၀၀ ပေးသည့်အတွက် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှု အခြေအနေများကို ယနေ့အထိ မသိနိုင်သေးသော်လည်း၊ တရက်လျှင် ကျပ် ၃၆၀၀ လုပ်ခလစာ သတ်မှတ်ပြီးနောက်ပိုင်း စက်တင်ဘာလအတွင်း ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံများမှ အလုပ် သမား ၈၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။

ပည်သှူ့ဆန္ဒ ထင်ဟပ်စေမယ့် ရွေးကောက်ပွဲလို့ သမ္မတဦးသိန်းစိန် ပြော

မဲစာရင်းတွေ မှားယွင်းနေတဲ့ကိစ္စအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံအားနည်းတဲ့ စိန်ခေါ်မှုတွေရှိနေပေ မယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို အခိုင်အမာထင်ဟပ်မယ့် ရွေးကောက်ပွဲဖြစ်မယ်လို့ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။
နိုင်ငံတော်သမ္မတရဲ့ လစဉ် တိုင်းပြည်ကို ပြောကြားတဲ့မိန့်ခွန်းမှာ သမ္မတဦးသိန်းစိန်က ဒီကနေ့ မနက်က ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
"မဲစာရင်းနဲ့ ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ လိုအပ်ချက်များကို ဖြေရှင်းနိုင်ဖို့အတွက် မဲဆန္ဒရှင်ပြည်သူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ အုပ်ချုပ်ရေးကဏ္ဍကနေ ဆောင်ရွက်ပေးနိုင်မယ့်ကိစ္စရပ်များကို အစိုးရအနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ကြောင်းကိုလည်း ပြောကြားလိုပါတယ်၊ ၂ဝ၁၅ ရွေးကောက်ပွဲများဟာ ကျနော်တို့နိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အလွန်အရေးပါတဲ့ အလှည့်အပြောင်းဖြစ်တယ်လို့ ကျနော့်အနေနဲ့ အစဉ်ရပ် တည်ပြောကြားခဲ့ပါတယ်၊ မဲစာရင်းကိစ္စအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံအားနည်းမှုစတဲ့ စိန်ခေါ်မှုများရှိနေသည့်တိုင်အောင် ဒီရွေးကောက်ပွဲများဟာ ပြည်သူ့ဆန္ဒကို အခိုင်အမာထင်ဟပ်မည့် ရွေးကောက် ပွဲများဖြစ်မယ်လို့ ယုံကြည်ပါတယ်"
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေနဲ့ ကိုယ်စားလှယ်လောင်းတွေကလည်း ရွေးကောက် ပွဲအောင်နိုင်ရေးအတွက် လိုက်နာရမယ့် ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်တွေကို လိုက်နာကြဖို့နဲ့ ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေကိုလည်း ပြည်သူတွေရဲ့ ဆန္ဒမှန်အဖြစ် သဘောထားကြီးစွာ လက်ခံနိုင်ကြဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ လက်မှတ်ရေးထိုး အကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း၊ လက်မှတ်ရေးထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ လမ်းကြောင်းဖွင့်ထား မှာဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
www.mmdailystar.com

မဲအောင်နိုင်ရေးတွက် NLD နှင့် 88 ပူးပေါင်းဆောင်ရွက်

လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဖွဲ့နိုင်ခဲ့ရင် လူမျိုးမရွေး ဘာသာမရွေး တန်းတူညီတူအခွင့်အရေး ရရှိဖို့ အာမခံတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ ၃၂ လမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးတွဲကျင်းပတဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲမှာ NLD ပါတီ ဗဟိုကော်မတီဝင် ဦးဝင်းထိန် က ပြောခဲ့တာပါ။
"ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တစ်နိုင်ငံလုံးမှာ မဲဆန္ဒအများစုနဲ့ အစိုးရ ဖွဲ့နိုင်ရင် အဓိကကျတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လူနည်းစု၊ လူများစုမဟုတ်ဘဲနဲ့ တန်းတူညီတူ ဆက်ဆံပြီးတော့မှ တန်းတူအခွင့်အရေး ရဖို့ ကျနော်တို့ NLD က အာမခံ ပါတယ် ဆိုတာကို ကျနော်ပြောကြားချင်ပါတယ်"
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ မဲပေးဖို့ လိုသလို မဲဆန္ဒရှင်စာရင်း အမှားတွေကိုလည်း စောင့်ကြည့်ဖော်ထုတ်ဖို့လိုတယ်လို့ ပြောပါတယ်။
"မဲဆန္ဒရှင် တစ်ဦးချင်းဟာ ကိုယ့်နာမည်မဲစာရင်းမှာပါဖို့၊ ဟုတ်ပြီ မဲစာရင်းပါတယ်ဆိုရင် မဲထည့်ဖြစ်အောင်ထည့်ဖို့၊ မဲထည့်တဲ့နေရာမှာ စေ့စပ်သေချာစွာထည့်ဖို့၊ ဒါတစ်ဦးချင်း ကိစ္စ၊ ငါမဲပေးတာလောက်ပဲ တိုင်းပြည်အတွက်လုပ်နိုင် မယ် ဆိုတဲ့လူတွေအတွက်၊ ဒုတိယအဆင့်ကဘာလဲဆိုတော့ မြို့နယ်တိုင်း၊ မြို့နယ်တိုင်းက မဲစာရင်းတွေ မှာ သေတဲ့သူကပါ၊ မသေတဲ့သူကမပါ၊ အဲ့လောက်မဲစာရင်းတွေမှားနေတာ ဘာရည်ရွယ်ချက်နဲ့မှားသလဲ၊ အဲ့ဒါတွေ ဘယ်အချိန်မှာကောက်ပြီး ဘယ်သူကသုံးမလဲဆိုတာ ကျနော်တို့စောင့်ကြည့်ဖို့လိုတယ်"
ဒီကနေ့ ဟောပြောပွဲမှာ NLD ပါတီကို ကိုယ်စားပြုပြီး ပန်းပဲတန်းမြို့နယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးသန်းနိုင်ဦး နဲ့ ဒေါ်စိုးပပလှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဘမျိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေ တို့ကို လူထုနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲနေ့မှာ တံဆိပ်တုံးရိုက်နှိပ်ပြီး ဆန္ဒမဲပေးရတဲ့ပုံစံကိုလည်း သရုပ်ပြခဲ့ပြီး တက်ရောက်လာ သူတွေကလည်း မဲပေးပုံပေးနည်းကို အကြိုလေ့ကျင့်ခဲ့ကြပါတယ်။
ဟောပြောပွဲကို လူဦးရေ ၅ဝဝ လောက် တက်ရောက်ခဲ့ပြီး အရင်က ဆူးလေဘုရားလမ်း ဗဟိုမီးသတ်ရှေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့် အဲဒီနေရာကို ခွင့်မပြုတဲ့ အတွက် ၃၂ လမ်းအောက်လမ်းထဲကို ပြောင်းရွှေ့ကျင်းပခဲ့ရတာ ဖြစ် ပါတယ်။

www.mmdailystar.com

SSPP/SSA တပ်နဲ့ တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်ထဲမှာ SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (ဝမ် ဟိုင်း) အဖွဲ့နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေလို့ ရွာ ၅ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရပါတယ်။
ဒီကနေ့ မနက်ပိုင်း မိုင်းရှုးမြို့ကနေ ဆယ်မိုင်လောက်ကွာဝေးတဲ့ နောင်ခြေရွာနားမှာ ဖြစ်ပွားခဲ့တာလို့ SSPP/ SSA (ဝမ်ဟိုင်း) အဖွဲ့က ဒုတိယဗိုလ်မှူးကြီး စိုင်းလှက ပြောပါတယ်။
"ဒီနေ့မနက် ၈ နာရီ ၄ဝ မှာ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က တပ်အင်အား ၃ဝဝ လောက်က ဟိုးအရင်က သူတို့ဖယ်ခိုင်းတဲ့နေရာပေါ့ မိုင်းရှုးမြို့နယ်  နောင်ခြေရွာအနီးမှာပေါ့"
တိုက်ပွဲဖြစ်ပွားရာ အနီးတစ်ဝိုက်က နောင်ခြေ၊ နားသယ်၊ မိုင်းခန် စတဲ့ ရွာ ၅ ရွာလောက်က ဒေသခံတွေလည်း တိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။
အစိုးရတပ်မတော် အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က အင်အား ၃၀၀ လောက်နဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး SSPP/SSA (ဝမ်ဟိုင်း) အဖွဲ့ရဲ့ နောင်ခြေရွာနားက တပ်စခန်းတစ်ခုကို ဦးတည်တိုက်ခိုက်နေတာဖြစ်တယ် လို့ ပြောပါတယ်။

www.mmdailystar.com
Related Posts Plugin for WordPress, Blogger...